ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်
မြန်မာ့တပ်မတော်သည် အစဉ်အလာအရ မျိုးချစ်လူငယ်များနှင့် စတင်ဖွဲ့စည်း တည်ထောင်ခဲ့သော်လည်း လွတ်လပ်ရေးရပြီးနောက်ပိုင်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပြီးနောက် နိုင်ငံရေးခေါင်းဆောင်များ စစ်အာဏာရှင်များ၏ အသုံးချမှုကို မြန်မာ့တပ်မတော်မှ အရာရှိ အရာခံ အကြပ် တပ်သားများ ပုံစံအမျိုးမျိုးနှင့် ခံနေရသည်မှာ ယနေ့ လွှတ်တော်ကျင်းပနေချိန် အထိပင် ဖြစ်ပါသည်။ ထိုသို့ ခေတ်အဆက်ဆက် အသုံးချ ခံရမှုများအနက် ယနေ့ခေတ် စစ်ခေါင်းဆောင်ကြီးဟု ခေါ်ဆိုနေသော နိုင်ငံတော်အကြီးအကဲဟု တဖက်သတ် သတ်မှတ်နေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အသုံးချမှု၊ စစ်ကျွန်ပြုမှုမှာ အဆိုးဝါးဆုံး အချိန်အခါ ဖြစ်ပါသည်။

၁၉၈၈ ခုနှစ်မတိုင်မှီ တပ်မတော်
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းခဲ့ပြီးနောက် တပ်မတော်သည် တစ်ပါတီ ဆိုရှယ်လစ်စနစ်၏ အသုံးချခံအဖြစ် နှစ်ပေါင်း (၂၆) နှစ် တိုင်အောင် ကျွန်ခံခဲ့ရပါသည်။ လမ်းစဉ်ပါတီခေတ်တွင် စစ်ခေါင်းဆောင်ပိုင်းများ အနေဖြင့် အခွင့်ထူးများ များစွာ ခံစားခွင့် ရရှိခဲ့ကြသော်လည်း၊ အထက်အောက် ငယ်သား တပ်မတော်အရာရှိနှင့် စစ်သည်များ၏ လူနေမှု အဆင့်အတန်းဘ၀သည် ၁၉၆၂ ခုနှစ် မတိုင်မှီ တပ်မတော်၏ အဆင့်အတန်းအောက် များစွာကျဆင်းခဲ့ရပါသည်။ တပ်မတော်သားများအတွက် သတ်မှတ်ထားသော ခံစားခွင့်များသည် တပ်မတော် နည်းဥပဒေများ စာအုပ်အတွင်း၌သာ ရှိပါတော့သည်။ သို့သော် လမ်းစဉ်ပါတီခေတ်တွင် တပ်မတော်အတွင်း အထက်နှင့်အောက် လူတန်းစား ကွာခြားမှု ကြီးကြီးမားမား မရှိခဲ့ပါ။ ရာထူးကြီး ရသူများကို အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့ပါသည်။ လက်အောက် စစ်သည်များ အဆင့်တန်းနိမ့်ကျခဲ့သည် ဆိုသော်ငြားလည်း စစ်သည်နှင့် မိသားစုများ၏ စားဝတ်နေရေးကို အတော်အတန် ထောက်ပံ့ထားနိုင်ခဲ့သည့် အခြေအနေ ရှိပါသည်။
တပ်မတော်အတွင်း ရာထူးအဆင့်ဆင့် တိုးမြှင့်ပေးသည့် အခါတွင်လည်း ဗိုလ်မှူးကြီး အဆင့်အထိ လူမျိုး၊ ဘာသာ ခွဲခြားမှု မရှိခဲ့ပါ။ စစ်တပ်နှင့် အရပ်ဘက် ရာထူးကြီးများတွင် တိုင်းရင်းသားများနှင့် ဘာသာခြားများကိုပါ အတော်အတန် ခွင့်ပြုပေးခဲ့ပါသည်။ ပြည်သူလူထုနှင့် ဆက်ဆံရန်အတွက် တပ်မတော် စည်းရုံးရေးဌာန (ခေါ်) တပ်မတော် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ (စစ်ရေးချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံး၊ တပ်ထိန်းချုပ်ရုံး ပူးတွဲ ပါဝင်သည်) တစ်ခု ဖွင့်လှစ်ခဲ့ပြီး တပ်မတော်မှ ပြည်သူလူထုအပေါ် မတော်မတရား မလျော်မကန် ပြုခဲ့မှုများ ရှိပါက ၄င်းဌာနမှ ထိထိရောက်ရောက် အရေးယူမှုများ ရှိလာရာ တပ်မတော်သားများ အနေဖြင့် ပြည်သူလူထုကို လွတ်လပ်စွာ နိုင်ထက်စီးနင်း ပြုမူလုပ်ကိုင်သည်မျိုး မရှိခဲ့ပါ။
လမ်းစဉ်ပါတီ အုပ်ချုပ်ခဲ့စဉ်ကာလတွင် တပ်မတော်၏ ပြည်ပရန်သူသည် တရုတ်နိုင်ငံ ဖြစ်ခဲ့ပြီး ပြည်တွင်းရန်သူသည် လက်နက်ကိုင်ဆင်နွှဲနေသည့် ကွန်မြူနစ်ဝါဒ လက်ခံသော လူမျိုးစု တိုင်းရင်းသားများနှင့် လူမျိုးရေး အခြေခံသည့် တိုင်းရင်းသားများ ဖြစ်ကြပါသည်။ ထိုစဉ်က တပ်မတော်အတွင်း အရာရှိ ၊ အရာခံ၊ အကြပ်၊ တပ်သားများအား တရုတ်မုန်းတီးရေး၊ ကွန်မြူနစ်ဝါဒ ဆန့်ကျင်ရေးအတွက် စိတ်ဓါတ်စစ်ဆင်ရေး အနေဖြင့် ၀ါဒဖြန့် စည်းရုံးခဲ့ပါသည်။ တပ်မတော်အတွင်းမှ တရုတ်သွေးပါသော အရာရှိများအား ဖယ်ရှားပစ်ခြင်း၊ ကွန်မြူနစ်နှင့် နီးစပ်ဝင်ဆံ့မှု၊ အဆက်အသွယ်ရှိသူများကို ဖယ်ရှားခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်တွင်း၌ ပြဿနာတစ်ခုခုပေါ်တိုင်း “ကွန်မြူနစ်” တို့၏ လက်ချက်ဖြစ်သည်၊ ကွန်မြူနစ်သည် တပ်မတော်ကို ဖျက်ဆီးဖြိုခွဲမည့်သူ၊ တိုင်းပြည်ကို ဖျက်ဆီးမည့်သူအဖြစ် ပုံဖော်ကာ စစ်သည်များအား မှိုင်းတိုက်ထားစေခဲ့ပါသည်။
၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင်း တပ်မတော်
၁၉၈၆ ခုနှစ်ခန့်ကစပြီး တပ်မတော်အတွင်းရှိ အရာရှိ/စစ်သည်များလည်း မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အပေါ် ယုံကြည်မှု နည်းပါးလာခဲ့ပါသည်။ ရှေ့တန်းနယ်မြေများတွင် ပါတီကောင်စီများ ကွင်းဆင်းဆောင်ရွက်ရပါက လုံခြုံရေး လိုက်ပါဆောင်ရွက်ရသော တပ်မတော်သားများ အနေဖြင့် ဆိုက်ကားသမားအဆင့်ရှိသည့် ပါတီ၊ ကောင်စီ လူကြီးများအား ရိုသေလေးစားမှု ပေးနေရ၍လည်းကောင်း၊ မှောင်ခိုပစ္စည်းများအား လိုက်လံဖမ်းဆီးပြီး ကိုယ်ကျိုးစီးပွါးအတွက် ပါတီကောင်စီများက လုပ်ဆောင်နေမှုများ ကြောင့်လည်းကောင်း စိတ်ပျက်နေခဲ့ကြပါသည်။ ငွေစက္ကူများ တရားမ၀င် ရပ်စဲလိုက်သည့် အခြေအနေမျိုးတွင် ရှေ့တန်းထွက်နေသော တပ်မတော်သားများ အနေဖြင့် ချွေးနဲစာဖြင့် စုဆောင်းထားသည့် ငွေများ ဆုံးရှုံးခဲ့ရ၍ များစွာ အထိနာခဲ့ရပါသည်။
အခြေခံအားဖြင့် တပ်မတော်သားများသည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ အသုံးချခံနေရမှုအပေါ် သိနားလည်လာခဲ့သလို တိုက်ပွဲတွင် ဒဏ်ရာရခဲ့သော စစ်သည်များ၊ ခြေပြတ် လက်ပြတ်များကို ပစ်ပယ်ထားခြင်း၊ တပ်မတော်အတွင်း အခြေခံ ပညာရေး၊ ကျန်းမာရေး ခံစားခွင့်များ လျော့နည်းလာခြင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်မှုကြောင့် ၀င်ငွေနှင့်ထွက်ငွေ မမျှတခြင်း စသည့် အခြေခံ အချက်ကြီးများ ပေါင်းစုံပြီး တပ်မတော်သားများ အနေနှင့်လည်း အပြောင်းအလဲတစ်ခုကို မျှော်လင့်ခဲ့ကြပါသည်။
ထိုသို့ အပြောင်းအလဲကို မျှော်လင့်ခဲ့ကြသော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းကာလတွင် တပ်မတော်သား အနည်းစုသည်သာ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပြီး ကြွေးကြော် ဆန္ဒပြခဲ့ကြပါသည်။ တပ်မတော် တပ်ရင်း/ တပ်ဖွဲ့လိုက် မပါဝင်ခဲ့ပါ။ ထိုစဉ်က တပ်မတော်ကို ပြည်သူနှင့် ပူးပေါင်းရန် နိုင်ငံရေးခေါင်းဆောင်များ မည်သည့်အတွက်ကြောင့် မဆော်သြ မစည်းရုံးခဲ့ခြင်းကို မသိနိုင်တော့ပါ။ တပ်မတော်ကို ဗိုလ်ချုပ်နေ၀င်းနှင့် တစ်တန်းစားတည်း အမြင်ထားရှိခဲ့သည်ဟု သုံးသပ်မိပါသည်။ ၁၉၈၈ အရေးအခင်းကာလ အစပိုင်း သမ္မတ ဦးစိန်လွင် လက်ထက်တွင် အပြစ်မဲ့ ပြည်သူများစွာကို ရက်စက်စွာ စစ်တပ်အား ပစ်မိန့်ပေး ပစ်သတ်ခိုင်းသည့်အတွက် တပ်မတော် ခေါင်းဆောင်ပိုင်းတွင် မကျေမလည်ဖြစ်ကာ တပ်မတော်သားများအား ပစ်မိန့် ပြန်လည်ရုပ်သိမ်းပြီး သမ္မတ ဦးစိန်လွင်အား ဖယ်ရှားခဲ့သည်အထိ ဖြစ်ခဲ့ရပါသည်။
အပိုင်း (၂) ကို နောက်တစ်ပတ် စနေ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်...
| < Prev | Next > |
|---|

