ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင် ( အပိုင်း ( ၆ ) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင်
အကယ်၍ ထိုဒေသမှ မုန်တိုင်းဒဏ်သင့် လူထုတွင် မိမိ၏ဆွေမျိုး မိဘများပါရှိခဲ့သော တပ်မတော်သားများရင်မှာ ဘယ်လို ခံစားရမည်နည်း။ ကိုယ်ချင်းစာကြည့် စေချင်သည်။ ကိုယ့်ကိုကိုယ် မေးခွန်းလည်း ထုတ်စေချင်သည်။ အကယ်၍ ဗိုလ်သန်းရွှေသည် ထိုဒေသတွင် သူ၏ဇနီး၊ သားသမီးများရှိနေပါက သည်လို အေးဆေးရက်စက်စွာ နေမည်လား။ ဝေးဝေးကြည့်စရာ မလို။ မြေးဖြစ်သူ ဖိုးလပြည့်အတွက် တပ်မတော်သား မည်မျှ လုံခြုံရေးပေးနေရ၊ ဝေယျာဝစ္စ လုပ်ကိုင်ပေးနေရပါသလဲ။ တရုတ်ပြည်တွင် သံအရာရှိများအဖြစ် ကောင်းမွန်အေးဆေး ငြိမ်းချမ်းစွာ နေနေရပါလျက် သမီးများ သူ့ဖာသာ အကျင့်စရိုက် ဇာတိပြတာကို မဆုံးမဘဲ မဆီမဆိုင် နိုင်ငံခြားရေးဝန်ကြီးနဲ့ ဒုဝန်ကြီးတွေ မထိန်းသိမ်းလို့ဆိုပြီး အဖြုတ်ခံလိုက်ရသည် မဟုတ်ပါလား။
ဒီလိုခေါင်းရှောင်ကြီးများနှင့် ကိုယ်ကျိုးရှာ အာဏာရှင်များကို တပ်မတော်သားများ အနေနှင့် ဆက်လက် သစ္စာထားရန် မသင့်ကြပြီ။ လူမိုက်များကို ရွေးချယ်၍ စံနစ်တကျ ဖန်တီးထားသော ဒီပဲယင်းည အမှောင်တွင်းမှ ရက်ရက်စက်စက် လူသတ်ပွဲနှင့် ပတ်သက်၍မူ တစ်ချက်မျှသာ သိသာစေရန် တင်ပြပါမည်။

ပြည်တွင်းမှ တပ်မတော်သားများနှင့် ပြည်သူအများကမူ သတင်းအမှောင် ချထားမှုကြောင့် အချို့ သိပင် မသိလိုက်ကြရချေ။ မြန်မာလူမျိုးတွေကို မြန်မာလူမျိုးတွေက ညအမှောင်အတွင်းဝယ် ရက်ရက်စက်စက် သတ်ဖြတ်နေသည်မှာ ကမ္ဘာပျက်သလို ဖြစ်နေမည်ကိုမူ တွေးတော ခံစားကြည့်နိုင်သည်။ နိုင်ငံအကြီးအကဲဆိုသူ ဗိုလ်သန်းရွှေ ကိုယ်တိုင်က အမိန့်ပေး စေခိုင်းသည်က ငြင်းမရပေ။ တပ်မတော် (ရေ) မှ နှုတ်ထွက်ခဲ့သော တပ်ကြပ်ကြီးဟောင်းတစ်ဦးနှင့် မကြာသေးမီက တွေ့ဆုံခဲ့ရာ သူ့ရင်မှ ခံစားချက်ကို ပြောပြခဲ့သည်။ “ဗိုလ်မှူးရာ ကျနော်တပ်က ထွက်ပြီးတော့ ကိုယ့်ဘာသာ အေးအေးဆေးဆေး နေခဲ့တာပါ၊ ဘယ်နိုင်ငံရေးမှလည်း မလုပ်ပါဘူး၊ ဒေါ်စုလည်း ခေါင်းထဲမှာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီပဲယင်း အရေးအခင်းမှာ ဗိုလ်ချုပ်ကြီးတွေ အောက်တန်းကျတယ်ဗျာ၊ လူမိုက်တွေမွေးပြီး ရိုက်သတ်ခိုင်းနေတာတွေ ကြားရတော့ ရင်ထဲမှာ အလိပ်လိုက် အလိပ်လိုက် ဒေါသတွေ ထွက်လာတယ်ဗျာ၊ ဘယ်လိုလူကြီးတွေလဲဗျာ တော်တော့်ကို ကောက်ကျစ် ယုတ်မာတဲ့သူတွေ ကိုယ့်ကိုကိုယ် စစ်သားဖြစ်ခဲ့ရတာတောင် သိပ်ရှက်တာပဲ။ ဒါနဲ့ ကျွန်တော်လည်း အရင်က မပတ်သက်ဘူးခဲ့တဲ့ နိုင်ငံရေးတွေ လုပ်ဖြစ်လာရတာ အဲဒီနေ့က အစိုးရရုံးရှေ့ သွားပြီး ဆန္ဒပြဖြစ်ခဲ့တာ။ ဒေါသဖြစ်ဖြစ်နဲ့ အော်ခဲ့ဆဲခဲ့တာပါ” တဲ့။ ရှေ့တန်း တပ်ရင်းမှူးနှင့် အရာရှိများ ညစာအတူ စားခွင့်ကြုံသည့် အခါတိုင်း ထွေရာလေးပါး စကားပြောရင်း လက်ရှိအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်တွေအပေါ် ဝေဖန်ပြစ်တင် ပြောကြစမြဲ ရှိပါတယ်။
စစ်သားဟောင်းကြီးတစ်ဦးရဲ့ မတရားမှုနဲ့ ပတ်သက်ပြီး ရင်ထဲမှာ ဘယ်လောက် ခံစားရတယ်ဆိုတာ ပေါ်လွင်ပါသည်။ အရိုက်သတ်ခံရခြင်းမှ လွတ်မြောက်လာသူများကိုပင် မတရားဖမ်းဆီး ထောင်ချပစ်လိုက် သေးသည်။ ဒီလို မတရားလုပ်မှု သိက္ခာမဲ့မှုများကို လက်မခံချင်သော တပ်မတော်သားဟောင်းတွေ တပ်မတော်အတွင်းတွင် အများကြီးရှိ၏။ စစ်အာဏာရှင်တစ်စုနှင့် တရားမျှတ မှန်ကန်မှုကို နားမလည်သော နောက်လိုက်များကသာ မရှက်မကြောက် လုပ်နေတာကို ဂုဏ်ယူနေကြခြင်း ဖြစ်သည်။
နိုင်ငံတော်ရဲ့ အဓိကပြဿနာဟာ ဗိုလ်သန်းရွှေနဲ့ဒေါ်ကြိုင်ကြိုင် မိသားစု ဖြစ်နေကြောင်း ပေါ်လွင်နေ၏။ မိမိတို့ တပ်မတော်မှာ အမှုထမ်းစဉ်က တပ်မတော် ခေါင်းဆောင်ပိုင်းကို လေးစားပါသည်။ ကိုယ့်ခေါင်းဆောင်တွေ နိုင်ငံတော်အတွက် သူတို့ ပြောသလို နေ့မနား ညမအား လုပ်နေသည်လို့ ချီးကျူးဖူးခဲ့ပါသည်။ သို့သော် စစ်အာဏာရှင်များ၏ မဟုတ်မမှန် လုပ်ရပ်များ သိလာတော့ စိတ်ပျက်လာခဲ့သည်။ တကယ်တော့ နိုင်ငံတော်အတွက် ပြည်သူအတွက် တပ်မတော်အတွက် အသံကောင်းဟစ်ပြီး လုပ်ရပ်များက မိသားစုနှင့် ဆွေမျိုးသားချင်း ကောင်းစားရေးသာဖြစ်ကြောင်း တွေ့မြင်လာရသည်။ တပ်မတော်မှာ တပ်ခေါင်းဆောင်တစ်စု အာဏာရှင်လုပ်နိုင်ဖို့ ခုတုံးအလုပ်ခံနေရတာ ဖြစ်၏။
အာဏာရှင်များသာ မဟုတ်။ သူတို့၏ ဇနီးမယားများကလည်း ဗူးလေးရာဖရုံဆင့် လုပ်ကြသည်။ တပ်မတော်စည်းရုံးရေး ကော်မတီ ပေါ်လာတော့ အရာရှိကတော်များကလည်း အမျိုးသမီးစည်းရုံးရေး ကော်မတီမှာ တာဝန်ရလာသည်။ တပ်မှူးရဲ့ ရုံးခန်း ထိုင်ခုံများကို အသုံးပြုခွင့်ရသည်။ ဦးစီးအရာရှိများက မှတ်တမ်းရေးပေးရ၏။ ဒီမှာတင် ကတော်ကြီးများ မာနတက်လာသည်။ ယောက်ကျားက ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခံထားရတာ သူတို့လည်း ပြန်တမ်းဝင်အရာရှိပုံစံ ချိုးလာခဲ့ကြသည်။ တပ်ကိစ္စများတွင် ဝင်ပါလာကာ ဝတ်စုံဆင်တူများနှင့် ပါလေရာများ ဖြစ်လာကြသည်။ တပ်မှူးနှင့်တန်းတူ သူတို့ကို ဦးစားပေးအဆင့်မှာ ထားလာရသည်။ မှတ်တမ်းတင် ဗွီဒီယို ဓါတ်ပုံများတွင် ပါလာရလျှင်ပင် အဟုတ်ုကြီး ထင်လာကြသည်။ နန်းဆန်ချင်လာကြသည်။ ဒေါ်ကြိုင်ကြိုင်နှင့် သမီးတော်များ လာချိန်တွင် သမီးတော်များ၏ အတွင်းခံအဝတ်များကိုတော့ တပ်ရင်းမှူး၊ ဗျူဟာမှူးကတော်များက ကိုယ်တိုင် တာဝန်ယူ လျှော်ဖွပ်ပေးကြရ၏။ ကိုယ်တိုင်မလျှော်ပဲ အခြားအဆင့် ဇနီးများကို လျှော်ခိုင်းမိ၍ အဆူအဆဲခံရသော ဇာတ်လမ်းများလည်း ရှက်ဖွယ်လိလိ ရှိသေး၏။
ဤသို့ အထက်မှအောက်သို့ တဆင့်ပြီးတဆင့် အခစား ဝင်ခိုင်းစေသည်။ ပညာမဲ့ စိတ်ကြီးဝင် အထက်အရာရှိ ဇနီးများကို ပညာတတ် စိတ်သဘောထားမှန် အောက်အရာရှိ ဇနီးများက ဤသို့ မလုပ်ပေးနိုင် မလေးစားနိုင်သဖြင့် ပြဿနာဖြစ်ရပြီး လူငယ်လူတော်ကလေးများ အညွှန့်တုံးရသော အခြေအနေတွေလည်း တွေ့ခဲ့ရ၏။
ဤပြဿနာများမှာ ဗိုလ်သန်းရွှေ၏ တပ်မတော်အတွင်း သွေးခွဲ ဖျက်ဆီးမှုများထဲမှ တစ်ခုဖြစ်သည်။ စည်းရုံးရေး ကော်မတီကိုမှီပြီး ဂွင်တွေ့သွားသူမှာ ကကပြည် ညွှန်ကြားရေးမှူး ဗိုလ်ခင်အောင်မြင့် (ယခု အမျိုးသားလွှတ်တော် ဥက္ကဌ) ဖြစ်၏။ ဗိုလ်ခင်အောင်မြင့်သည် ဗိုလ်သန်းရွှေ ခလရ (၁) တပ်ရင်းမှူး ဘ၀ကတည်းက လက်အောက်တွင် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါသည်။ သူသည် မှော်ဘီ မြဝတီရုပ်သံကို မလိုအပ်ပဲ သွားသွားပြီး တပ်မှူး ဗိုလ်မှူးတင့်ဝေတို့ကို စိတ်ဒုက္ခပေးကာ လည်မြိုကို ညှစ်ထုတ်သူဖြစ်ပါသည်။ အမျိုးသားညီလာခံတွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ညီလာခံ ကိုယ်စားလှယ်များအား ဖျော်ဖြေသည့်ပွဲ၌ ဗိုလ်ခင်အောင်မြင့်၏ ဇွတ်တရွတ် အပြုအမူများကို ငြိမ်းချမ်းရေးကိုယ်စားလှယ် ဖဒိုအောင်ဆန်း စိတ်ပျက်ခဲ့ရသည့် ဖြစ်စဉ်တစ်ခု ရှိခဲ့ပါသည်။ ပွဲမစခင် ဖဒိုအောင်ဆန်းက တောတွင်းမှာနေထိုင်စဉ် သူနှစ်သက်ခဲ့သော တင်တင်မြ၏ တောင်တန်းပြာနှင့် ကျောပိုးအိတ် သီချင်းအား သီဆိုပေးပါရန် တောင်းဆိုခဲ့ကြောင်း သိရှိရပါသည်။ ပွဲအခမ်းအနားမှူးအဖြစ် လုပ်နေသည့် ဒေါ်တင်တင်မြက ၀မ်းသာအားရ သီဆိုပေးမည်ဖြစ်ကြောင်း ပြန်ကြားလိုက်စဉ် ပွဲအစီအစဉ်အား ကြိုတင် တင်ပြရသဖြင့် ဗိုလ်ခင်အောင်မြင့်က သိရှိသွားပြီး တင်တင်မြ မဆိုခိုင်းတော့ဘဲ သူကိုယ်တိုင် ဆိုမည်ဖြစ်ကြောင်း ဇွတ်အတင်း လုပ်ပါတော့သည်။ ထိုအခါ ပြန်ကြားရေးဝန်ကြီး ကော်မရှင်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ကျော်ဆန်းမှာ ဘေးကြပ်နံကြပ် ဖြစ်ခဲ့ရပြီး မအီမသာ ခွင့်ပြုပေးရပါသည်။ ဗိုလ်ခင်အောင်မြင့် သီဆိုနေချိန်တွင် ဒေါ်တင်တင်မြကိုယ်တိုင် မဟုတ်သဖြင့် ဖဒိုအောင်ဆန်းခမျာ သီချင်းအရသာကို မနစ်မျောနိုင်တော့ဘဲ စိတ်ပျက်လက်ပျက် ထိုင်နေကြောင်း သိရှိရပါသည်။ ညီလာခံဖျော်ဖြေသည့် ထုံးစံအရ သီချင်းတောင်းသည့် ကိုယ်စားလှယ်များက ဆုငွေချီးမြှင့်ရသော်လည်း ဖဒိုအောင်ဆန်းအနေဖြင့် ဒေါ်တင်တင်မြဆိုရင် သူ့အိတ်ထဲကရှိသော တစ်ထောင်တန်အထပ်လိုက်ကို ဆုချရမည့်အစား ငါးရာတန်တစ်ရွက်သာ စိတ်မပါတပါ သီချင်းဆုံးခါနီးမှ တက်ပေးလိုက်ကြောင်း သိရှိရပါသည်။
ထို့အပြင် ဗိုလ်ခင်အောင်မြင့်သည် မြဝတီမှ မလိုသော အငြိမ့်မင်းသမီး တစ်လက်ကို အာဏာဖြင့် ခေါ်သွင်းကာ သူတပ်စစ်သွားလေရာ ခေါ်ဆောင်တတ်သူ ဖြစ်၏။ လူကြီးများရှေ့တွင် ပျာယာခတ်ပြ၍ အမှတ်ယူတတ်သည့်အပြင် ကကပြည်မှ ပညာရှင်များကို အာဏာပြတတ်သဖြင့် အချို့မှာ ထွက်ခွင့်တင် အချို့မှာ ဌာနပြောင်း၍ ဘုန်းကြီးဝတ်သွားသူပင် ရှိခဲ့ရှာပါသည်။ ပုံစံစာရွက် အမျိုးမျိုးထုတ်ပြီး တိုင်းမှူးလုပ်ပိုင်ခွင့်များကိုပင် ကျော်တက်ချင်သော စိတ်ဓါတ်ကြီးကလည်း ရှိသေးသည်။ သို့သော် နအဖခေတ်မှာ “ဆိုက်ဝါး” က အရေးပါနေသည် မဟုတ်လော။ စိုင်ကော်တော့ ခြုံပေါ်ရောက်သွားခဲ့ရရှာလေပြီ။
အမှန်က တပ်မတော်ကို ဖျက်နေသူမှာ အာဏာရှင် တစ်စုသာဖြစ်သည်။ အာဏာရှင်တစ်စု၏ မိသားစု အသိုင်းအဝန်းများကြောင့် တပ်မတော်အတွင်း စိတ်ဓါတ်ပျက်ပြားမှုများ များစွာဖြစ်ပေါ်လာခဲ့ရသည်။ တပ်မတော်ဆေး၊ အင်ဂျင်နီယာ စသည်ဖြင့် ကျောင်းများ ဖွင့်ခဲ့ရခြင်းနှင့် ပတ်သက်ပြီး ကနဦး ရည်ရွယ်ချက်မှာ လူထုဆန္ဒပြပွဲများ ဖြစ်ပေါ်လာလျှင် အရပ်ဘက်ဆရာဝန်၊ အင်ဂျင်နီယာများ ပညာသည်များ နေရာ၌ အစားထိုးနိုင်ရေးဖြစ်၏။ ပြည်သူလူထုနှင့် တပ်မတော်သွေးခွဲရေး စီမံချက်လည်းဖြစ်သလို ထိုဆေး၊ အင်ဂျင်နီယာဗိုလ်ကလေးများမှ တနွယ်ငင် တစင်ပါ ဆွေမျိုး သားချင်းများကပါ တပ်အသိုင်းအဝန်းတွင် ပါဝင် ထောက်ခံလာစေရေး ဖြစ်၏။
စေ့စေ့တွေးလိုက်ပါက အာဏာရှင်ကြီးများက အာဏာကို လက်မလွှတ်ဆိုသော အဖြေကို ရနိုင်ခဲ့သည်။ တပ်တိုးချဲ့ရေးနှင့် ပတ်သက်၍လည်း အရပ်သားအစိုးရ ပေါ်ပေါက်လာပါက တို့တပ်က လုပ်ချင်တာတွေ လုပ်လို့ရမှာ မဟုတ်လို့ဟု အကြောင်းပြသည်။ တပ်ကိုလည်း လူဗိန်းနည်းဖြင့် စည်းရုံးရာကျသလို အရပ်သားအစိုးရကို တချိန်လွှဲမှာပဲ။ စစ်တပ်က ကြာရှည် အာဏာယူမှာ မဟုတ်၊ အာဏာရှင်မဟုတ် ဟူသော အတွေးလည်း ပေါ်သွားစေခဲ့သည်။ ယခုတော့ ကျောက်ဆည်က ဆင်ကြီး၊ လယ်ပြင်မှာ သွားနေသည်မှာ ထင်ရှားနေပေပြီ။
အပိုင်း ( ၈ ) ကို နောက်တစ်ပတ် သောကြာ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်...
| < Prev | Next > |
|---|

