ပင်မနေရာ မူဝါဒ/ဥပဒေ မူဝါဒ မြန်မာ့တပ်မတော်အကြောင်း တစေ့တစောင်း - အပိုင်း (၃)

ပင်မနေရာ မူဝါဒ/ဥပဒေ မူဝါဒ မြန်မာ့တပ်မတော်အကြောင်း တစေ့တစောင်း - အပိုင်း (၃)

မြန်မာ့တပ်မတော်အကြောင်း တစေ့တစောင်း - အပိုင်း (၃)

Print PDF
User Rating: / 0
PoorBest 


ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်  ( အပိုင်း ( ၂ ) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)


၁၉၉၀ ရွေးကောက်ပွဲအလွန် ကာလတွင် တပ်မတော်ကို အထူး ကျစ်လစ်စေရန် ရည်ရွယ်ပြီး တပ်တွင်းမိသားစု သက်သာချောင်ချိရေး ကိစ္စများကို အထူးဦးစားပေး ဆောင်ရွက်ပေးခဲ့သည့်အတွက် တပ်မတော် အရာရှိ/စစ်သည်များသည် နိုင်ငံရေးဘက်ကို စိတ်ဝင်စားမှု မရှိဘဲ တပ်မတော် ခေါင်းဆောင်ကြီးများ၏ ဆောင်ပုဒ်များ ဖြစ်ကြသည့် “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” “တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်” စသည်တို့ကြားတွင် အဟုတ်ထင်မှတ်ခဲ့ကြသည်။ တပ်မတော် စည်းရုံးရေးကော်မတီက ပြုလုပ်သော သင်တန်းများနှင့် ဆွေးနွေးပွဲများတွင် နိုင်ငံရေးပါတီများအား တိုင်းပြည်ဖျက်မည့်ရန်သူ၊ တပ်မတော်ကို ဖြိုခွဲမည့် ရန်သူအဖြစ် အမြင်ရစေရန် တပ်မတော်အရာရှိ စစ်သည် မိသားစုများကို ဟောပြောဆွေးနွေးမှုများ ပြုလုပ်ခိုင်းပြီး တပ်မတော်နှင့် နိုင်ငံရေးပါတီများအား သွေးခွဲခဲ့ပါသည်။

ထို့ပြင် တပ်မတော် အရာရှိ စစ်သည်များ ကျဆုံးမှု၊ ဒဏ်ရာရမှုများ လျော့နည်းစေပြီး စစ်ရေးကိစ္စများ လျော့နည်းသွားစေရန် ရည်ရွယ်ကာ “လက်နက်ကိုင်ပြီးငြိမ်းချမ်းရေး” ဆိုသည့် ပေါ်လစီကို ပြောင်းလဲ ကျင့်သုံးလိုက်သည့်အတွက် ရှမ်းပြည်နယ် အတွင်းရှိ တိုက်ပွဲများသည် အချိန်ကာလတိုအတွင်း ရပ်စဲသွားပါသည်။ ထို့ကြောင့် စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေရသော တပ်များသည် နောက်တန်း ဌာနချုပ်သို့ ပြန်ရပြီး မိသားစုနှင့် ပြန်လည် နေထိုင်ရသည့်အတွက် စစ်သည်များအား ပျော်ရွှင်မှုများ ရရှိစေခဲ့ပါသည်။ ရှေ့တန်းသို့ သွားရသော စစ်သည်များအတွက် နောက်တန်းဌာနချုပ်ရှိ မိသားစုနှင့် ရက်ရှည်လများ အတူပြန်လည် နေထိုင်ခွင့် ရရှိရေးသည် ၄င်းတို့အတွက် မဟာ အခွင့်အရေးပင် ဖြစ်ပေသည်။ မည်သည့်အိမ်ထောင်သည် အရာရှိ/ စစ်သည် မဆို အန္တရာယ်များသော ရှေ့တန်းစစ်မြေပြင်သို့ မသွားရောက်လိုကြပါ။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီး စောမောင် ကိုယ်တိုင် ကတိပေးခဲ့သော “ရွေးကောက်ပွဲပြီးလျှင် စစ်တန်းလျားကို ပြန်မည်” ဆိုသော စကားအား မလိမ့်တပတ် မသိချင်ယောင်ဆောင်နိုင်ရန်အတွက် တပ်မတော်အရာရှိ၊ စစ်သည်များကို အသုံးချပြီး အတိုက်အခံ နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုကို ချေမှုန်းရေး ပြုလုပ်စေခိုင်းခဲ့ပါသည်။ တပ်မတော် ခေါင်းဆောင်များသည် နိုင်ငံတော်ငြိမ်းချမ်းရေးကို ဆောင်ရွက်နေသည်၊ အတိုက်အခံ နိုင်ငံရေးပါတီများသည် တပ်မတော်ကိုဖြိုခွဲပြီး တိုင်းပြည် မငြိမ်သက်အောင် ပြုလုပ်နေသည်၊ ထို့ကြောင့် ၄င်းတို့သည် တိုင်းပြည်၏ ရန်သူများ ဖြစ်ကြသည်ဟုဆိုကာ တပ်မတော်အတွင်း အတိုက်အခံ နိုင်ငံရေးသမားများအပေါ် အဆိုးမြင်စေရန် ရည်ရွယ်ပြီး တပ်တွင်း စည်းရုံးမှုများ ပြုလုပ်ခဲ့ပါသည်။

၁၉၉၀ ရွေးကောက်ပွဲ အလွန်တွင် ဗိုလ်ချုပ်မှူးကြီး စောမောင်အနေဖြင့် န၀တအဖွဲ့တွင်း ဖိအားပေး ခံရမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ ရရှိလာသလို အဆိုပါ ကာလများတွင် န၀တ ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး သန်းရွှေသည် အတော်အတန် နေရာရယူခဲ့ပြီး တပ်မတော်စည်းရုံးရေးနှင့် ၀ါဒဖြန့်ချီရေးများတွင် ကိုယ်တိုင် ပါဝင်ခဲ့သည်များ ရှိခဲ့ပါသည်။ ထိုစဉ်က ဗိုလ်ချုပ်ကြီးသန်းရွှေနှင့် ဗိုလ်ချုပ်ခင်ညွန့်တို့၏ ဆက်ဆံရေးသည် ယခင်ကထက် ပိုမိုနီးစပ်မှု ရှိခဲ့ကြပါသည်။

ထို့ကြောင့် ၁၉၉၂ ခုနှစ် ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖယ်ရှားရေး ကိစ္စများအား ဗိုလ်ချုပ်ခင်ညွန့်မှ ဦးဆောင်၍ န၀တအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများကို စည်းရုံးပြီး အလွယ်တကူ စီစဉ် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင်အနေဖြင့် ထိုစဉ်က ၄င်းအား ထောက်ခံသော ဗိုလ်ချုပ်ကြီးများ တစ်ဦးတစ်ယောက်မှ မရှိသည့်အတွက်လည်း လွယ်လွယ်ကူကူ ဖယ်ရှားခံလိုက်ရခြင်း ဖြစ်ပါသည်။  ၁၉၉၂ ခုနှစ်အတွင်း ရှိနေကြသော စစ်တိုင်းမှူးနှင့် တပ်မမှူး အများစုသည် ဗိုလ်ချုပ်ကြီး သန်းရွှေ၏ တပည့်များ ဖြစ်ခဲ့သည့်အားလျော်စွာ ဗိုလ်ချုပ်ကြီးသန်းရွှေအား ခေါင်းဆောင်တင်ရေးကို ကန့်ကွက်သူမရှိ  သဘောတူညီခဲ့ကြပါသည်။

အာဏာသိမ်းသည့် အစီအစဉ် မည်မျှ ချောမွေ့သွားသည်ကို ရှင်းပြရမည် ဆိုပါလျှင် တိုင်းစစ်ဌာနချုပ် အသီးသီးသို့ အထူးဆက်သား စေလွှတ်ပြီး လိမ်မာသိမ်မွေ့သည့် သဘောထား မေးမြန်းသည့်စာအား တိုင်းမှူးများထံ တောင်းခံသည့်အခါ ချက်ချင်းပင် သဘောတူကြောင်း တုန့်ပြန်ခဲ့ပါသည်။

ဗိုလ်ချုပ်မှူးကြီး စောမောင် ဖယ်ရှားခံရမှုနှင့် ပတ်သက်၍ တပ်မတော်အရာရှိ စစ်သည်များအတွင်း တစ်စုံတစ်ရာ ပြဿနာ မရှိခဲ့ကြပါ။ ဗိုလ်ချုပ်မှူးကြီး စောမောင်အနေဖြင့် တပ်မတော်အတွင်း လူရင်းတပည့်များ မရှိသည့်အတွက်လည်း ထုတ်ပယ်ခံလိုက်ရခြင်း ဖြစ်ပါသည်။ တပ်မတော်အတွင်း ဆရာ၊ တပည့် မွေးမြူထားခြင်းသည် မိမိအာဏာ တည်ဆောက်ထိန်းသိမ်း ကာကွယ်ထားနိုင်ရေးအတွက် အရေးပါသည့် အချက်ဖြစ်သည်ကို တပ်မတော်တွင်း မျိုးဆက်သစ် ခေါင်းဆောင်များ နားလည် သဘောပေါက်လာသလို ကျင့်သုံးလာကြသည့်အတွက် တပ်မတော်ခေါင်းဆောင် ကြီးငယ်အပိုင်းတွင် သူ့တပည့်၊ ကိုယ့်တပည့် သွေးကွဲမှုများ စတင် ရှိလာခဲ့ပါသည်။

၁၉၉၂ ခု ဧပြီလမှ စတင်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ နည်းဗျူဟာများ

ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို လူရိုး၊ လူအ၊ လူကောင်းဟု ထင်မြင်ခဲ့ကြသော ဗိုလ်ချုပ်ကြီးနေ၀င်း အပါအ၀င် စစ်ခေါင်းဆောင်များသည် အထင်နှင့်အမြင် တက်တက်စင် လွဲခဲ့ကြသည်ကို ၄င်းတို့ကိုယ်တိုင် နှိပ်ကွပ်ခံကြရသည့် အခါကျမှ သဘောပေါက် နားလည်ခဲ့ကြသည်။ ဦးနေ၀င်းသည် ၁၉၈၅ ခုနှစ် မဆလ ပါတီညီလာခံတွင် ဗိုလ်ချုပ်သန်းရွှေအား အသက်ငယ်ရွယ်သည်ဟု အကြောင်းပြ၍ တိုင်းမှူးအဆင့်မှနေ၍ ကစထမှူးကဲ့သို့ ရာထူးကျော်ကာ ရာထူး (၂) ဆင့် တပြိုင်နက်တိုးပေးပြီး အနာဂါတ် တပ်မတော်အတွက် ဒုတိယကာကွယ်ရေး ဦးစီးချုပ် (ကြည်း) နှင့် မဆလပါတီ၏ ဗဟိုအလုပ်အမှုဆောင် ရာထူးကို ပေးအပ်ခဲ့ပါသည်။ ဗိုလ်ချုပ် သန်းရွှေအနေဖြင့် ထိုစဉ်က စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်တို့တွင် သာမန်သာရှိသော စစ်ခေါင်းဆောင်တစ်ယောက် ဖြစ်ခဲ့သော်လည်း လူရိုး၊ လူအ ခိုင်းတာကို လုပ်မည်ဟု ထင်မြင် ယူဆခြင်းကြောင့် ဦးနေ၀င်းသည် တပ်မတော်၏ ဒုတိယ အကြီးအကဲတာဝန်ကို အပ်နှင်းခြင်း ဖြစ်ပါသည်။ သို့သော် ယနေ့အချိန်အခါတွင် “ဖွတ်ထွက်မှ တောင်ပို့မှန်းသိ” ဆိုသလို တိုင်းပြည်၊ တပ်မတော်နှင့် အမျိုးဘာသာ သာသနာအား ဖျက်ဆီးနေသည့် လူယုတ်မာကြီးတစ်ယောက် ဖြစ်နေသည်ကို တွေ့မြင်နေရပြီး ဖြစ်ပါသည်။

အပိုင်း ( ၄ ) ကို နောက်တစ်ပတ် စနေ နေ့တွင်ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Saturday, 23 April 2011 09:18 )  

နောက်ဆုံးရသတင်းများ