
ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ် (အပိုင်း ( ၄ ) ကို ဒီနေရာ တွင် နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်)
ဗိုလ်ချုပ်သန်းရွှေ အာဏာရလာပြီးသည့် အချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်နွယ်ပြီး မြန်မာ့တပ်မတော် အတွင်းတွင် ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍကို တဖြည်းဖြည်း မှေးမှိန်အောင် စနစ်တကျ စီမံဆောင်ရွက် ညွှန်ကြားခဲ့ပါသည်။ တပ်မတော်အတွင်း ဗိုလ်ချုပ်အောင်ဆန်း၏ အခန်းကဏ္ဍနှင့် ပတ်သက် ဆွေးနွေးမှုများကို တပ်ချုပ် ဗိုလ်ချုပ်သန်းရွှေက မကြိုက်ဘူး ဆိုသည့်စကားဖြင့် တပ်မတော် အတွင်းတွင် အာဇာနည်နေ့၌ပင်လျှင် အခမ်းအနားများ ပြုလုပ်ခြင်း မရှိခဲ့ကြတော့ပါ။
တပ်မတော် အတွင်း၌လည်း ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်၍သာ နာမည်ကြီးကြောင်း အနောက်နိုင်ငံသားနှင့် လက်ထပ်ထိမ်းမြားပြီး သား (၂) ဦးပင် ထွန်းကားနေပြီ ဖြစ်သောကြောင့် မြန်မာနိုင်ငံကို ချစ်သည် ဆိုသည်မှာ လုံးဝ မဟုတ်ကြောင်း၊ ၄င်းသည် အနောက်နိုင်ငံကြီးများ၏ အလိုအရ မြန်မာနိုင်ငံကို အရင်းရှင် ဒီမိုကရေစီပုံစံသို့ သွတ်သွင်းနေကြောင်း၊ တနည်းအားဖြင့် ခေတ်သစ် ကျွန်ပြုနေခြင်းသာ ဖြစ်ကြောင်းကို တပ်မတော်အတွင်း အဆင့်ဆင့်မှ ဆွေးနွေးဟောပြောမှုများ ပြုလုပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးကို နည်းမျိုးစုံဖြင့် ကျင့်သုံးခဲ့ပါသည်။
၁၉၉၆ ခုနှစ်မှစ၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် NLD ချေမှုန်းရေးအပြင် ဒေါ်အောင်ဆန်းစုကြည် ဆန့်ကျင်ရေးကို တပ်မတော်အတွင်း၌ ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့ပြီး အခေါ်အဝေါ်ကအစ မိုက်မိုက်ရိုင်းရိုင်း ခေါ်စေကာ လုပ်ကြံဇာတ်လမ်းမျိုးစုံ ဖန်တီး၍ တိုက်ရိုက် ပုဂ္ဂိုလ်ရေး ကိစ္စများကို တပ်မတော်တွင်းသို့ နည်းမျိုးစုံဖြင့် မဟုတ်မမှန် ၀ါဒဖြန့်ခဲ့ပါသည်။ နိုင်ငံတကာမှ ပေးသောဆုများနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ၄င်းငွေများကို ကိုယ်ကျိုးသုံးစွဲပြီး မြန်မာနိုင်ငံသား အကျိုးအတွက် ဘာမှလုပ်တာ မရှိကြောင်း၊ မြန်မာနိုင်ငံသားများ စားဝတ်နေရေး ကြပ်တည်းစေရန်အတွက် နိုင်ငံခြား ခရီးသွားများ မြန်မာနိုင်ငံသို့ မလာရန် နိုင်ငံတကာအား လှုံ့ဆော်ခြင်းနှင့် နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုများကို တားဆီးခြင်းတို့ကို မြန်မာနိုင်ငံသားများ ဒုက္ခရောက်အောင် ဒေါ်အောင်ဆန်းစုကြည်မှ ဆောင်ရွက်နေကြောင်းဖြင့် တပ်မတော်တွင်း ၀ါဒဖြန့်မှုများ ပြုလုပ်ထားပါသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတ်ာသားများ၏ မျှော်လင့်ချက်
၁၉၈၈ ခုနှစ် အရေးအခင်း ကာလတွင် တပ်မတော် အရာရှိ/စစ်သည်များ အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ဗိုလ်ချုပ်အောင်ဆန်း၏ သမီးတစ်ယောက် အနေဖြင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကိစ္စကို ဆောင်ရွက်ပေးလိမ့်မည်ဟု မျှော်လင့်ခဲ့ကြပါသည်။ သို့သော် ထိုအချိန်က တပ်မတော်အတွင်း ၀ါဒဖြန့်ချီမှုများကြောင့်၎င်း၊ ဒေါ်အောင်ဆန်းစုကြည်၏ စိတ်နေ သဘောထားကို လေ့လာရန် အချိန်တိုသောကြောင့်၎င်း မျှော်လင့်ချက် ကြီးစွာဖြင့် အားကိုးတကြီး မဖြစ်ခဲ့ကြပါ။ အနီးကပ် အုပ်ချုပ်သော စစ်ခေါင်းဆောင် အဆင့်ဆင့်၏ အမိန့်အောက်တွင်သာ လိုက်နာ ဆောင်ရွက်ခဲ့ကြရပါသည်။
၁၉၉၅ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးကာလ အချိန်တွင် တပ်မတော်အရာရှိ/ စစ်သည်များ အနေဖြင့် စစ်ဗိုလ်ချုပ်ကြီးများ၏ ဒေါ်အောင်ဆန်းစုကြည်အား ၀ါဒဖြန့်ချီထားမှုအပေါ် ယုံကြည်မှု ကင်းမဲ့လာကြပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ခြံရှေ့ ဟောပြောပွဲများတွင် စစ်ရုံးချုပ်မှ အရာရှိများပင် သွားရောက် နားထောင်လေ့ ရှိကြပါသည်။ ထိုစဉ်က ဗိုလ်မှူးစိုးသိန်း (ရေ) (ယခုကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး (အငြိမ်းစား) နှင့် လက်ရှိ အမှတ် (၂) စက်မှုဝန်ကြီး ဦးစိုးသိန်း) သည် နေ့စဉ်ရုံးဆင်းပြီးချိန်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဟောပြောမှုများကို အထက်လူကြီးများ မသိအောင် ခိုး၍ နားထောင်လေ့ ရှိပါသည်။ ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်း (ရေ) ကဲ့သို့ပင် တပ်မတော်အရာရှိ တချို့က ဒေါ်အောင်ဆန်းစုကြည်၏ သြ၀ါဒကို နားထောင်လေ့ ရှိပါသည်။
၁၉၉၅ ခုနှစ်လောက်မှစ၍ တပ်မတော်အရာရှိများသည် ဗိုလ်ချုပ်သန်းရွှေ၏ ခေါင်းဆောင်မှုကို စိတ်ပျက် လာကြပါသည်။ တပ်မတော်သည် အထိန်းအကွပ် မရှိဘဲ ဗိုလ်ချုပ်ကြီးများကိုယ်တိုင် အကျင့်ပျက် လာကြသော်လည်း မည်သူ တစ်ဦးတစ်ယောက်ကမျှ ၀င်ရောက် ဟန့်တားနိုင်ခြင်း မရှိပါ။ ဗိုလ်ချုပ်ကြီးများကိုယ်တိုင် မိန်းမငယ်များ ထားခြင်း၊ ပျော်ပါးခြင်း၊ အဆမတန် လာဒ်စားခြင်းတို့အပြင် ယင်းတို့၏ မိသားစုများပါ လူမှုရေး၊ စီးပွားရေး ကဏ္ဍများတွင် ၀င်ရောက် စွက်ဖက်ခဲ့ကြ၍ တပ်မတော် အထဲတွင် ပျက်စီးနေပြီး တိုင်းပြည်လဲ ပျက်စီးတော့မယ်၊ ဒါကို ဒေါ်အောင်ဆန်းစုကြည်များ ကယ်တင်ထားနိုင်မလားဟု မျှော်လင့်မိခြင်းက အမှန်ပါ။ သို့သော် ထိုအချိန်ကာလများတွင် တပ်မတော်အရာရှိ စစ်သည်များ အနေဖြင့် အတိုက်အခံ အဖွဲ့စည်းများ၏ သိမ်းကြုံး အဆဲသာခံရပြီး မျှော်လင့်ချက်များ ပျောက်ဆုံးခဲ့ပါသည်။
တပ်မတော်အတွင်း အရာရှိကြီးများ အပါအ၀င် စစ်သည်များသည် မြန်မာနိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်း၊ မြန်မာတပ်မတော် ဂုဏ်သိက္ခာ ရှိရာရှိကြောင်းအတွက် ဒေါ်အောင်ဆန်းစုကြည်သည် အရေးကြီးသည့် ပုဂ္ဂိုလ်ဖြစ်ကြောင်းကို ဗိုလ်ချုပ်သန်းရွှေမှအပ အားလုံးနားလည်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော်အရာရှိ စစ်သည်များကို ဗိုလ်ချုပ်သန်းရွှေ၏ ကျေးကျွန်ဘ၀မှ ဆွဲထုတ်ရေးအတွက် ၄င်းတို့အား နည်းလမ်းကောင်းများ ပေးလိမ့်မည်ဟု မျှော်လင့်ထားကြပါသည်။
တပ်မတော်တွင်း အရာရှိ/စစ်သည်များ အနေဖြင့် ဗိုလ်ချုပ်သန်းရွှေအား အာခံသည့်အခါတွင် ၄င်းမှ တစ်ဦးတစ်ယောက်သာမက အဖွဲ့စည်းလိုက်၊ မိသားစု ဆွေမျိုးများ အပါအ၀င် မျိုးဖြုတ်ပစ်တတ်သည့်အတွက် တပ်မတော်အရာရှိ/ စစ်သည်များသည် အကြောက်တရားဖြင့် စံပြ အပြစ်ပေး ခံရပါသည်။ မကြောက်ရဟု ဆိုသော်လည်း ကာယကံရှင် အနေဖြင့် လုပ်ဆောင်နိုင်သော်လည်း မိမိသားသမီးများ ဒုက္ခရောက်ကြမည်စိုး၍ အာမခံရဲပါ။ ထို့ကြောင့် အာခံရဲအောင် သတ္တိများ မွေးပေးနိုင်မည့် နည်းလမ်းကောင်းများကို ဒေါ်အောင်ဆန်းစုကြည်ထံမှ မျှော်လင့်နေကြပါသည်။
တပ်မတော် အရာရှိ/စစ်သည်များသည် ဗိုလ်ချုပ်သန်းရွှေ မှိုင်းသွင်းထားသော ၀ါဒဖြန့် အကြောင်းအရာများကို ချေဖျက်လိုကြပါသည်။ တိုင်းရင်းသား လူမျိုးများကို ရန်သူများဟု သတ်မှတ်ထားခြင်း၊ ကျောင်းသားများကို ကွန်မြူနစ်များဟု သတ်မှတ်ထားခြင်း၊ အနောက်ဒီမိုကရေစီ အင်အားစုများကို နယ်ချဲ့လက်သစ်ဟု သတ်မှတ်ထားခြင်း၊ သံဃာများကို ဘုန်းကြီးအတုများဟု အကြောင်းအမျိုးမျိုးဖြင့် ၀ါဒဖြန့်ထားကြပါသည်။ အဆိုပါ အကြောင်းအရာများအတွက် တပ်မတော်နှင့် အတိုက်ခံများအကြား နားလည်မှု တစ်စုံတစ်ရာ ရရှိရန် ညှိနှိုင်းပေးနိုင်သူမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းသာ ဖြေရှင်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
တပ်မတော်အရာရှိ/စစ်သည်များ အနေဖြင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီရလျှင် ကောင်းမည်ဟု ယေဘုယျ နားလည်ပါသည်။ သို့သော် ၄င်းတို့၏ ဦးနှောက်ထဲတွင် အထက်မှ ပေးအပ်သော အမိန့်နှင့် တာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ပါမည်ဟူသော သစ္စာကို နေ့တိုင်း ရွတ်ဆိုနေရပါသည်။ ၄င်းတို့၏ ဦးနှောက်သည် စက်ရုပ်တွေလို စေခိုင်းခြင်း ခံနေရသော သဘောမျိုး ဖြစ်ပါသည်။ ဒီမိုကရေစီ ဆိုသော စကားလုံးကိုလည်း နယ်ချဲ့လက်သစ်ဟု ဗိုလ်ချုပ်သန်းရွှေမှ ၀ါဒဖြန့်ထားပါသည်။ ထို့ကြောင့် အဆိုပါ အကြောင်းအရာ (၂) ခုအား ဘယ်ဟာကောင်းသည်၊ ဆိုးသည်ကို တပ်မတော်သားများ ကွဲကွဲပြားပြား နားလည် သဘောပေါက်အောင် ဒေါ်အောင်ဆန်းစုကြည်မှ ရှင်းလင်းလိမ့်မည်ဟု မျှော်လင့်ပါသည်။
တပ်မတော်အရာရှိ/စစ်သည်များ အနေဖြင့် မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး ကိစ္စများတွင် ဒေါ်အောင်ဆန်းစုကြည်သည် အဓိက အရေးပါသောသူ တစ်ဦးအဖြစ် နားလည်သဘောပေါက်သလို တပ်မတော်အဖွဲ့အစည်း၏ ထောက်ခံမှု မရလျှင်လည်း မြန်မာနိုင်ငံ ပြောင်းလဲရေးအတွက် များစွာ အခက်အခဲ ရှိမည်ဟု ယုံကြည်ကြပါသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တပ်မတော် အင်အားစုကို စည်းရုံးလိမ့်မည်ဟု မျှော်လင့်စောင့်စားလျက် ရှိနေကြပါသည်။
တပ်မတော်အရာရှိ/စစ်သည်များသည် ဗိုလ်ချုပ်သန်းရွှေ၏ ကျေးကျွန်၊ စစ်ကျွန်ဘ၀မှ လွတ်မြောက် လိုနေကြပါသည်။ မည်သူ တစ်ဦးတစ်ယောက်ကမျှ စစ်သည်နှင့် မိသားစုများသည်ကျွန်နှင့် ကျွန်သဘောက်များအဖြစ် မနေလိုကြပါ။ နိုင်ငံတကာတွင် ရှိကြသော တပ်မတော်များကဲ့သို့ ဂုဏ်သိက္ခာရှိရှိ နေလိုကြပါသည်။ အစစအရာရာ ချွတ်ခြုံကျနေကြပြီး စားရေး၊ ၀တ်ရေး၊ နေရေး ဒုက္ခအပေါင်းမှ လွတ်မြောက်ချင်ကြပြီ ဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော် အရာရှိ/စစ်သည်များအားလုံး စစ်ကျွန်ဘ၀မှ လွတ်မြောက်ရေးအတွက် နည်းလမ်းကောင်းများကို ဒေါ်အောင်ဆန်းစုကြည်မှ ပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။
အပိုင်း ( ၆ ) ကို နောက်တစ်ပတ် စနေ နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်...
| < Prev | Next > |
|---|

