ဆောင်းပါးရှင် - ဗိုလ်မှူးကျော်ကျော်ခိုင် ( အပိုင်း ( ၉ ) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
တပ်မတော်သား များစွာမှာ တပ်မတော်ကထွက်၍ ပြည်သူလူထု အတွင်းမှ ပြည်သူပြည်သား တစ်ယောက်အဖြစ် ပီပီပြင်ပြင် ရလာသည့်အခါ ပြည်သူလူထု၏ အခြေအနေမှန်မှာ စစ်အာဏာရှင်တွေ ပြောသလို မဟုတ်မှန်မှန်း ပိုသိလာခဲ့ကြရသည်။ အာဏာရှင်ကြီးများ မွေးထုတ်ထားခဲ့သော စစ်ဘက်နယ်ဘက်မှ အမျိုးမျိုးသော အာဏာရှင် အစားစား၊ ပုံစံအသွယ်သွယ်ကို စက်ဆုပ်ဖွယ် တွေ့ရပြီးနောက် သူတို့သည် တိုင်းပြည်အတွက် တာဝန်တစ်ခု ကျန်နေသေးကြောင်း သဘောပေါက် လာခဲ့ကြသည်။ ထိုအခါ တပ်မတော်မှ ထွက်ခွာလာသူများသည် စစ်အာဏာရှင်စံနစ်နှင့်အတူ မကောင်းသော အကျင့်စရိုက်များ ကူးစက်နေသည့် စက်ဆုပ်ဖွယ် အာဏာရှင် အသေးစားကလေးများအား ချေမှုန်းတိုက်ဖျက်ရေးနှင့် ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းများကို ပြည်သူလူထုနှင့် တပ်မတော်အတွင်း ပြန့်နှံ့စေရေး တာဝန်ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း သိရှိခဲ့ကြသည်။

သို့သော် တပ်မတော်မှ ထွက်လာပြီး သံဝေဂ ရစရာလည်း တွေ့ရသေးသည်။ တပ်မတော်မှ ထွက်လာခဲ့သူများက ပြည်သူလူထု အခြေအနေကို သဘောပေါက် လာကြပေမယ့် အချို့ နိုင်ငံခြားရောက် စစ်အာဏာရှင် အသိုင်းအဝိုင်း၊ စသုံးလုံးနှင့် အကျဉ်းဦးစီး အရာရှိကြီးများပါ မကျန် သူတို့၏ သားသမီး ဆွေမျိုးများကတော့ ပြည်ပရောက်သည်အထိ အာဏာနှင့် အာဏာနောက်မှရလာသည့် အရှိန်ကလေးများကို မက်မောနှစ်သက်ဆဲ ဖြစ်နေသည်ကိုလည်း တွေ့ရပြန်သေးသည်။ ထိုအာဏာကလေးများကို အသုံးပြုနေဆဲ ဖြစ်ကြောင်းလည်း တွေ့ရသည်။ (မိမိတို့ကမူ မသိချင်ယောင်ဆောင်ပြီး လိုအပ်သလို ကိုယ်တတ်နိုင်တာကို မြန်မာပြည်သားတွေ ဆိုတဲ့အသိနဲ့ ကူညီပေးပါသည်။ အချို့လူပုဂ္ဂိုလ်များက ကိုယ်တိုင်ခံစားရမှ သိတတ်တာမျိုးကြောင့် နားလည်ပေးခြင်းဖြစ်၏။ အချိန်အခါ မရောက်မီ ပြောဆိုရှင်းပြ၍ အကျိုးကျေးဇူး ဖြစ်ပေါ် မလာနိုင်သည်လည်း ရှိ၏)
မည်သို့ပင်ဖြစ်စေ တပ်မတော်တွင် လက်ရှိ တာဝန်ထမ်းနေသူများရော နယ်ဘက် တာဝန်ယူနေသူများပါ မကျန် လက်ရှိအာဏာရှင် စစ်ခေါင်းဆောင်တစ်စု၏ ကိုယ်ကျိုးစီးပွား ရှာနေမှုနှင့် အာဏာ အလွဲသုံးစား လုပ်နေမှုကို၎င်း၊ တိုင်းပြည်နှင့် ပြည်သူလူထု၏ အခြေအနေ မှန်ကို၎င်း သဘောပေါက်စေ ချင်သည်။ ပြည်သူလူထုအတွက် ဒီမိုကရေစီ အစစ်အမှန် ရယူပေးရေးတွင် ပြည်သူလူထုနှင့်အတူ ပါဝင်စေချင်သည်။ စစ်တပ်ထဲတွင် တာဝန်ထမ်းဆောင်နေစဉ် စစ်မှုထမ်းဖြစ်နေ၍ ကိုယ်တိုင် မပါဝင်နိုင်သော်လည်း အာဏာရှင်များကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်နေသည့် ပြည်သူလူထုကို အနှောင့်အယှက် မပေးခြင်းကလည်း ပြည်သူလူထုကို စောင့်ရှောက်ခြင်း တစ်မျိုး ဖြစ်ပါသည်။
စစ်တပ်က ထွက်ပြီးနောက် နအဖဗိုလ်သန်းရွှေက သူ့ကိုယ်ကျိုးအတွက် အဓမ္မဖန်တီးခဲ့သည့် လွှတ်တော်၊ ကော်မတီ၊ အစိုးရ၊ အားလုံးကို နည်းအမျိုးမျိုးဖြင့် ကိုယ်တတ်နိုင်သလောက် အနှောင့်အယှက် ပေးသည်ကလည်း ပြည်သူလူထုကို စောင့်ရှောက်ခြင်းတစ်မျိုး ဖြစ်၏။ ဗိုလ်သိန်းစိန်အစိုးရမှာ နအဖတဖြစ်လဲ အရေခွံ ချွတ်ပြထားခြင်းသာ ဖြစ်ပြီး မူလအခြေအနေ အတိုင်းသာဖြစ်၏။
ထို့ကြောင့် ပြည်သူလူထု အမှန်လိုလားသော ဒီမိုကရေစီ နိုင်ငံတော် အစစ်သို့ ပြောင်းလဲဖို့ရန် လိုအပ်နေသေးသည်။ တပ်မတော်အနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်း၍ မဆောင်ရွက်နိုင်သေးသည့်တိုင် တပ်မတော် ကြည်း၊ ရေ၊ လေ အတွင်း စုပေါင်း၍ ညီညီညာညာဖြင့် ဒီမိုကရေစီရေးအတွက် ဆန္ဒဖေါ်ထုတ်ပွဲများ လုပ်သင့်သည်။ သည်အတိုင်း မလုပ် မရှုပ် မပြုတ် ဖာသိဖာသာ လုပ်နေ၍ မရပါ။ နောက် စဉ်ထားသော စီနီယာတန်းမှာလည်း ကိုယ့်အလှည့်ကို စောင့်နေသူက သုံးပုံတပုံခန့် ဖြစ်နေ၍ သူတို့ဦးဆောင်မှုကို အားကိုးနေလို့လည်း မဖြစ်ပေ။ အလယ်နှင့် အောက်ပိုင်းမှ တပ်မတော်သားများကသာ ဦးဆောင်ကြိုးပမ်းရမည့် အနေအထားမှာ ရှိနေသည်။

သို့သော် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အသက်ပေး ဆောင်ရွက်ရန် ကျမ်းသစ္စာ ဆိုလာခဲ့ကြသူများ ဖြစ်၍ ဤအခက်အခဲလောက်ကိုတော့ ကျော်လွှား လုပ်ဆောင်နိုင်ကြမည်ဟု ယုံကြည်သည်။ ဤနည်းဖြင့် စုပေါင်းအင်အားပြကာ အာဏာရှင်များကို အညင်သာဆုံး အသက်သာဆုံး နည်းဖြင့် ဖယ်ရှားပြီးနောက် ပြည်သူလူထုနှင့် တပ်မတော် ပူးပေါင်းကာ နိုင်ငံတော်ရှေ့ရေး ဆောင်ရွက်နိုင်သည်။ ဤကိစ္စကို လွှတ်တော်အတွင်းမှ ဗိုလ်သန်းရွှေက လက်ညှိုးထောင် ခေါင်းညိတ် ခိုင်းရုံသာ သုံးထားသော စစ်သားများက ဆောင်ရွက်နိုင်မည် မဟုတ်။ တပ်မတော် ကြည်း၊ရေ၊လေ တရပ်လုံး ညီညီညာညာ ပါဝင်ဆင်နွှဲမှ အပြောင်းအလဲ ညင်သာမည်။ တိုင်းပြည်ရော တပ်မတော်ပါ အခြေအနေ ပျက်ခြင်းမှလည်း ကင်းဝေးမည်။ တပ်မတော် မပါပဲလည်း မဖြစ်နိုင်မှန်း ပြည်သူလူထုက လက်ခံ ယုံကြည်ထားသည့်အလျောက် ပြည်သူလူထုရှေ့မှ ဦးဆောင်ပေးသင့်သည်။ ပြည်သူလူထုနှင့် လက်တွဲ ကြိုးပမ်းသင့်သည်။
သည်နည်းသာလျင် နိုင်ငံနှင့် တပ်မတော်အတွက် အကျိုးဖြစ်စေမည်။ ထိခိုက်ပျက်ဆီးမှု ပြိုလဲပျက်သုန်းမှုများကို ကျော်လွှားကာ တည်တည်ငြိမ်ငြိမ်နှင့် သမိုင်းတစ်ခေတ် ဆန်းနိုင်ပေမည်။ ဤသမိုင်းတွင်ရစ်ရမည့် အပြောင်းအလဲအတွက် တပ်မတော်၏ အခန်းကဏ္ဍ လိုအပ်နေပေပြီ။ သမိုင်းက တောင်းဆိုချိန် ရောက်နေပေပြီ။ အကယ်၍ တပ်မတော်သည် ဤမွန်မြတ်သော တာဝန်ကို အသိစိတ်ဓါတ်ဖြင့် မယူခဲ့ပါလျင် ပြည်သူလူထုက လူထုအုံကြွမှုဖြင့် ပြောင်းလဲချိန်သို့ အမှန်ဧကန် ဆိုက်ရောက်လာပေလိမ့်မည်။ ထိုအခြေအနေသို့ ဆိုက်ရောက်မှဆိုလျင် ကောင်းမွန်သော အပြောင်းအလဲ တရပ်ကို ဖြစ်ပေါ်စေမည် မဟုတ်သလို အာဏာရှင်တစ်စု၏ အမိန့်တည်းဟူသော အသုံးချမှုအောက်တွင် တပ်မတော်သားများက ပြည်သူလူထုကို ပစ်ခတ် သတ်ဖြတ်ကြရပေလိမ့်ဦးမည်။
အပိုင်း ( ၁၁ ) ကို ဆက်လက်ဖော်ပြသွားပါမည်...
| < Prev | Next > |
|---|

