
ဟုမ္မလင်းလေတပ်စခန်းဌာနချုပ်(သို့မဟုတ်)ခေတ်သစ်မဲဇာလေတပ်ရွာ- အပိုင်း(၂)
ဆောင်းပါးရှင် - ဗိုလ်မှူး မျိုးသူရ (အပိုင်း (၁) ကို ဒီနေရာ တွင် နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရူနိုင်ပါသည်)
၂၀၀၇ ခုနှစ် အလယ်ပိုင်းတွင် Bell-205 နှစ်စီးနှင့် Bell-212 တစ်စီးပါဝင်သော အမှတ် (၈၇) ရဟတ်ယာဉ်အုပ်အား မြေပြင်အတတ်သင် လေတပ်စခန်းမှ ဟုမ္မလင်း လေတပ်စခန်းဌာနချုပ်သို့ ပြောင်းရွှေ့စေပြီး ပျံသန်းရေး စတင်နိုင်ခဲ့ပါတယ်။ ၂၀၀၄ မှ ၂၀၀၈ အတွင်း ခေတ္တလေတပ်စခန်း ဌာနချုပ်မှူး အမည်ခံအုပ်ချုပ်ရတဲ့ ဒုဗိုလ်မှူးကြီးများဟာ လေတပ်စခန်း ဧရိယာအတွင်းမှ သစ်ပင်ကြီးများအား ခုတ်လှဲရောင်းချခြင်း၊ တပ်နယ်ရဲ့ ရွှေမျှောလုပ်ပိုင်ခွင့်များရယူခြင်း၊ GE တပ်နှင့် ပေါင်းလျက် ဆောက်လုပ်ခွင့်ရရှိတဲ့ အဆောက်အဦးများရဲ့ အရည်အသွေးပေါ်မှ အမြတ်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့သလို၊ တပ်မတော်(လေ)ရဲ့ လေတပ်စခန်း အသီးသီးမှ ပြစ်မှုများတဲ့ အရာရှိ/ စစ်သည်များ၊ ကွပ်ကဲမှု အဆင်မပြေတဲ့ အရာရှိ/ စစ်သည်များ၊ အကြောင်းအမျိုးမျိုးကြောင့် အကြီးအကဲများနှင့် အဆင်မပြေတဲ့ အရာရှိ/ စစ်သည်များအား “ ဟုမ္မလင်းရောက်သွားချင်လား ” ဟူသော ခြိမ်းခြောက်မှုနှင့်အတူ ပြောင်းရွှေ့ရောက်ရှိလာကာ အင်အား ၁၃၀ ခန့် ရှိလာခဲ့ပါတယ်။
အဲဒီအချိန်ထိ ကာကွယ်ရေးဦးစီးချုပ်(လေ)ဟာ ဟလခ ခေါ် ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ်သို့ တခေါက်မှ မရောက်လာခဲ့ဘဲ၊ မိသားစုများ သက်သာချောင်ချိရေးအတွက် တခုတည်းသော ဆက်သွယ်ထောက်ပံ့မှု ဖြစ်တဲ့ Y-8 လေယာဉ်ကြုံကိုပင် ၂ လ တခေါက် ပုံမှန်လာရောက်ခြင်း မရှိခဲ့ပေ။ ၂၀၀၈ နှစ်လည်ပိုင်းတွင်မှ ဗိုလ်မှူးချုပ် ဇော်ထွန်းအား ဟလခ ဌာနချုပ်သို့ တာဝန်ပေး ပြောင်းရွှေ့စေခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာလည်း ဗိုလ်မှူးချုပ် ဇော်ထွန်းဟာ မြစ်ကြီးနား ဌာနချုပ်မှူးအဖြစ် တာဝန်ယူနေစဉ် ကာကွယ်ရေးဦးစီးချုပ် (လေ)နှင့် မပြေမလည်ဖြစ်ကာ အပြစ်ပေးတဲ့ အနေဖြင့် ဟုမ္မလင်းသို့ အပို့ခံရခြင်းဖြစ်ပါတယ်။
ဒါကြောင့် တပ်မတော်(လေ)တွင် အရာရှိ/ စစ်သည်အားလုံး မကြားလို၊ မသွားလိုတဲ့ ဟုမ္မလင်း လေတပ်စခန်း ဌာနချုပ်ဖြစ်ပြီး နောက် လေတပ် မဲဇာတစ်ခုကတော့ မလခ ခေါ် မြိတ် လေတပ်စခန်းဌာနချုပ်တို့ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့သလို လေတပ်စခန်း အသီးသီးမှ ဆိုးသွမ်းသည်ဟု အမည်ထွက်တဲ့ ဌာနချုပ်မှူး/ စခန်းမှူးများမှ Black List ဟု သတ်မှတ်တဲ့ အရာရှိ/ စစ်သည်တို့ အနေဖြင့် အဆင့်တိုးရန်အတွက်ဖြစ်စေ၊ ပြောင်းရွှေ့ရန်အတွက်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ပြောင်းရွှေ့ရန်ရှိလာပါက ပထမဦးစားပေးသည် ဟလခ၊ ဒုတိယ ဦးစားပေးသည် မလခ ဖြစ်ပါတယ်။ မလခသို့ရောက်သူဟာ အပြစ်သေးငယ်သူဖြစ်ပြီး၊ ဟလခ သို့ ရောက်သူဟာ ပြစ်မှုကြီးမားသူ/ ချောင်ထိုးခံရမည့်သူဟု အလွယ်တကူ နားလည်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ အဲဒီဌာနချုပ် ၂ ခုလုံးသို့ ရောက်သူ အရာရှိ များဟာ (ဌာနချုပ်မှူးများ အပါအ၀င်) ချောင်ထိုးခံရသူများဟု အသိပေးလိုက်သလို၊ စစ်သည်များဆိုလျှင်လည်း သုံးမရသူ၊ မူးယစ်မှု၊ ခွင့်မဲ့ပျက်ကွက်မှု စတဲ့ ပြစ်မှု အမျိုးမျိုးဖြင့် ပြဿနာရှာသူ၊ တပ်မှူး/ စခန်းမှူး/ အုပ်မှူးများနှင့် မပြေလည်သူများသာ ဖြစ်ပေရာတပ်အသီးသီးမှ ဆိုးသွမ်းစစ်သည်များနှင့် အကြောင်းမျိုးမျိုးကြောင့် ချောင်ထိုးခံရမည့် အရာရှိများ ဆုံဆည်းရာ အပယ်ခံရွာများသဖွယ် ရှိနေပါတယ်။ အရာရှိများအတွက် Officiating ဖြင့် ရောက်သည့်တိုင်အောင် မကောင်းတတ်၍ ပေးရသောသူများ/ မကြာခင် ချောင်ထိုးတော့မည့် သူများကိုသာ တာဝန်အမှန်တကယ် ထမ်းဆောင်ရန် သွားရောက် စေပါတယ်။တက်လမ်း ရှိသူများဆိုလျှင် တာဝန်လက်ခံသော သတင်းပေးပို့မှု အဖြစ်သဘောသာ ရက်ပိုင်းမျှသာ နေစေပြီး အကြောင်းအမျိုးမျိုးပြကာ အခြားတပ်များသို့ ပြန်တွဲဘက်စေသည်အထိ ကကလေမှ ဘက်လိုက်မှု ရှိခဲ့ပါတယ်။ ကိုယ်တိုင် အပယ်ခံနယ်မြေအဖြစ် သတ်မှတ်ထားသည့် ဘူမိနက်သန် အောင်မြေမှန်သော “ခေတ်သစ်မဲဇာ”နှင့် “ကမ်းရိုးတန်းမှ တကျွန်းစခန်း” သဖွယ် မြိတ် လေတပ်စခန်း ဌာနချုပ် ၂ ခု ဖြစ်ပါတယ်။
မလခ-မြိတ် လေတပ်စခန်းဌာနချုပ်ဟာ လေကြောင်းခရီးဖြင့်သာ အဆင်ပြေပြေသွားလာနိုင်ခြင်း၊ ကုန်းလမ်းခရီးဟာ ထားဝယ်အထိသာ အဆင်ပြေပြီး ထားဝယ်-မြိတ် လမ်းကြောင်းသည် လည်းကောင်း ရေး-ထားဝယ် လမ်းကြောင်းသည်လည်းကောင်း လုံခြုံမှုမရှိခြင်း၊ တလ ၂ ခါသာ ထွက်သော ကြယ်ငါးပွင့်ရဲ့ ရေလမ်းခရီးဟာ အချိန်ကြာမြင့်ပြီး အဆင်မပြေခြင်း၊ မည်သည့် လမ်းကြောင်းမှ သွားသည်ဖြစ်စေ အနည်းဆုံးကုန်ကျစရိတ် ၃ သောင်းထက် မနည်းကုန်ကျခြင်း စတဲ့ သွားလာမှု အဆင်မပြေခြင်း၊ လိုင်းခန်းလုံလောက်စွာ မရှိခြင်းနှင့် ရေ/မီး မပြည့်စုံခြင်းတို့ ရှိနေတတ်ပါတယ်။ ဒါပေမဲ့ မြိတ်မြို့နှင့် နီးကပ်စွာတည်ရှိပြီး လုပ်ကိုင်စားသောက်တတ်ပါက မိသားစုအတွက် ဒုက္ခအကြီးအကျယ် မရောက်နိုင်သောကြောင့် ဟုမ္မလင်း လောက် မကြောက်ကြ ဟု ဆိုပါတယ်။ အရာရှိ/စစ်သည် အများစုမှာ မိသားစု မခေါ်ထားပဲ မိမိတဦးသာ အဆင်ပြေသလို ရိပ်သာ များတွင်တွဲကာ နေထိုင်ရင်း စစ်သည်များဆိုလျှင် ၃ နှစ် ပြည့်သည်နှင့် ပြောင်းရွှေ့ခွင့်တင်ရန် ကြိုးစားခြင်း၊ အရာရှိများ ဆိုလျှင်လည်း တပ်မှထွက်ရန် နည်းမျိုးစုံဖြင့် ကြိုးစားခြင်းတို့ ဆောင်ရွက်နေသော ဌာနချုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဖြစ်နိုင်လျှင်မူ မလခ သို့လည်း မည်သူမှ မသွားချင်ကြပါ။ အကြောင်းသင့်လျှင် မလခ ဟူသော ကမ်းရိုးတန်းမှ တကျွန်းစခန်း အကြောင်းကို တင်ပြပေးပါဦးမည်။
အပိုင်း (၃) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်…
| < Prev | Next > |
|---|

