ကွဲပြားခြားနားသော လက်တင်အမေရိကနိုင်ငံများ - အပိုင်း (၇)
ဘာသာပြန်ဆောင်းပါးရှင် - ကိုကျော်ထင် (အပိုင်း (၆) ကို ဒီနေရာ တွင် နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
လက်နက်ကိုင်တပ်ဖွဲ့များနှင့် လူ့အဖွဲ့အစည်း
လက်တင်အမေရိက လက်နက်ကိုင်တပ်ဖွဲ့များသည် အရပ်ဘက် လူထုအဖွဲ့အစည်း (civil society) နှင့် အတော်အတန်ပါးလျသော ဆက်သွယ်မှုလောက်သာ ရှိပေသည်။ ကမ္ဘာလုံးခြမ်း ဒေသ၏ ဆင်းရဲသော နိုင်ငံအများစုတွင် နိုင်ငံ၏ မြို့တော်အပြင်ဘက်တွင် အစိုးရ၏ ဖွဲ့စည်းပုံဆိုင်ရာအရ တည်ရှိမှုများသည် အနည်းအကျဉ်းသာ ရှိပေသည်။ လက်နက်ကိုင် တပ်ဖွဲ့များသည် နိုင်ငံ၏ ဝေးကွာ၍ အထီးကျန်သော နေရာများတွင် အစိုးရအာဏာပိုင်မှု၏ တခုတည်းသော မြင်သာသော သက်သေအဖြစ် မကြာခဏပင် ဖွဲ့စည်းဖြစ်ပေါ် တည်ရှိနေတတ်ပေသည်။
ထိုကိစ္စများတွင်မူ လက်နက်ကိုင် အဖွဲ့အစည်းများသည် အရပ်ဘက် လူထုများနှင့် နီးစပ်သော ဆက်ဆံမှုကို မကြာခဏပင် ဖန်တီးဖြစ်ပေါ်စေပေသည်။ သို့သော်ငြားလည်း ပို၍ကြီးမားသော မြို့ကြီးများတွင်မူ စစ်ဘက်ဆိုင်ရာ လက်နက်ကိုင် တပ်ဖွဲ့တို့သည် အရပ်ဘက် လူထု အဖွဲ့အစည်းနှင့် ဝေးရာနေရာတွင်သာ နေပေသည်။ အထူးသဖြင့် အလယ်အလတ်တန်းစားနှင့် အထက်တန်းလွှာများနှင့် ဝေးရာနေရာတွင် ဖြစ်ပေသည်။ စစ်မှုမထမ်းမနေရ စနစ်ဖြင့် စစ်မှုထမ်း စေခြင်းအား လုပ်ဆောင်ခြင်းသည် သာမန်အားဖြင့် လက်နက်ကိုင် တပ်ဖွဲ့များနှင့် လူထုအဖွဲ့အစည်းအကြား ဆက်သွယ်မှု၏ အနီးကပ်ဆုံးသော ဆုံမှတ် ဖြစ်နေပေသည်။
စစ်မြေပြင်တွင် ကျဆုံးသွားသော ဥရုဂွေးစစ်သည်များ၏ အခမ်းအနားမြင်ကွင်း
တချို့သော လက်တင် အမေရိက လက်နက်ကိုင်တပ်ဖွဲ့များမှာ လုံးလုံး လျားလျားမိမိဆန္ဒဖြင့်မိမိ စစ်မှုထမ်းခြင်း(volunteer) စနစ်ရှိပေသည်။ ဥရုဂွေး၊ ဒိုမီနီကန်ရီပါ့ဘလစ်နိုင်ငံတွင် ၁၉၆၅ မှ စ၍၎င်း၊ နိုင်ကွာရာဂွါတွင် ၁၉၉၀ မှစ၍ နှင့် အာဂျင်တီးနားတွင် ၁၉၉၅ ခုနှစ်မှ စ၍၎င်း စစ်မှုထမ်းခြင်း(volunteer) စနစ်ရှိပေသည်။ ကျန်သည့် နိုင်ငံအများစုမှ လက်နက်ကိုင်တပ်ဖွဲ့များမှာ စစ်မှုမထမ်းမနေရ စနစ်ဖြင့် စစ်မှုထမ်းစေခြင်း စနစ်ရှိပြီး အားလုံးလိုလိုကို အောက်တန်း လွှာလူတန်းစားများမှ စစ်သားသစ်များ စုဆောင်းပေးသည်။ အထက်တန်းနှင့် အလတ်တန်းစား လူတန်းစားများ၏ သားသမီးများသည် စစ်တပ်အတွင်း သိမ်းသွင်းခြင်းများကို အမြဲတန်းလိုလိုပင် ရှောင်ရှားနိုင်ကြသောကြောင့် ဖြစ်ပေသည်။
ထိုကဲ့သို့သော ကွာဟချက်များ ရှိနေသော်လည်း စစ်ဘက်ဝန်ဆောင်မှုများက အောက်တန်းလွှာမှ စုဆောင်းထားသော စစ်သားများအား နည်းပညာ ပိုင်းဆိုင်ရာ သင်တန်းများနှင့် ပတ်သက်သည့် အခွင့်အလန်းများကို သော်လည်းကောင်း အနာဂါတ် အလုပ်အကိုင်ဖြစ်နိုင်ချေ အခွင့်အလန်းများ တိုးတက် ဖြစ်ပေါ်စေခြင်းတို့ကို သော်လည်းကောင်း ထောက်ပံ့ပေးခြင်းအားဖြင့် ထိုအောက်တန်းလွှာမှ စစ်သားစုဆောင်းခြင်းအားအောင်မြင်မှု ရရှိအောင် စွမ်းဆောင်နိုင်ပေသည်။
လက်တင်အမေရိက လက်နက်ကိုင်တပ်ဖွဲ့အများစုမှ အရာရှိများသည် အနည်းငယ် နိမ့်သော အလယ်အလတ်တန်းစားများနှင့် အောက်တန်းလွှာ လူတန်းစားများမှ လာပေသည်။ တယောက်နှင့် တယောက် နီးစပ်၍ စည်းလုံးညီညွတ်ကာ မိမိကိုယ်မိမိ ကာကွယ်သော အရာရှိအဖွဲ့အစည်း များအတွင်းသို့ အရာရှိစစ်သား အသစ်များစု ဆောင်းခြင်းက ထိုအရာရှိဖြစ်လာသော သူများအနေဖြင့် ၄င်းတို့၏ ဘ၀များအား အပေါ်ဘက်သို့ တိုးမြင့်သွားခြင်းကိုသော်၎င်း၊ ပို၍ပို၍ ကျယ်ပြန့်ကာ အပြန်အလှန် အထောက်အကူပြုသော ကွန်ယက်အတွင်းသို့ ရောက်ရှိ သွားစေခြင်းကို၎င်း များစွာထောက်ပံ့ ပေးပေသည်။ ထိုအရာ ရှိလူတန်းစား အဖွဲ့အစည်းများသည် လူ့အဖွဲ့အစည်းနှင့် တသီးတခြားဖြစ်ခြင်းနှင့် ထိုအရာရှိများက တယောက်နှင့်တယောက် အပြန်အလှန် ကာကွယ်ခြင်းတို့က ထိုကဲ့သို့သော အဖွဲ့အစည်းများကို ပုံဖေါ်ဖြစ်ပေါ်စေပေသည်။ သို့သော် ထိုတသီးတသန့်ဖြစ်ခြင်းနှင့် တယောက်နှင့် တယောက် အပြန်အလှန် ကူညီခြင်းများက အချို့သော အရာရှိများအနေဖြင့် အလွန်အကျွံ ပြည်သူလူထုအရေး လှုပ်ရှားမှုများတွင် ပါဝင်စေရန် ခွင့်ပြုရုံသာမက အားပေးထောက်ခံမှုကိုပင် ပြုလုပ်ပေသည်။
| < Prev | Next > |
|---|

