ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ဖရိုဖရဲ...အလဲလဲ...အကွဲကွဲ - အပိုင်း (၁)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ဖရိုဖရဲ...အလဲလဲ...အကွဲကွဲ - အပိုင်း (၁)

ဖရိုဖရဲ...အလဲလဲ...အကွဲကွဲ - အပိုင်း (၁)

Print PDF
User Rating: / 4
PoorBest 

ဆောင်းပါးရှင်  - ဗိုလ်မှူး မျိုးသူရ


တပ်မတော် (လေ) သည် အက်ကွဲသံများကြားမှ ခရီးဆက်နေခဲ့သည်မှာ ကြာမြင့်လာခဲ့ပါပြီ။ Plan စီမံမှု စနစ်တကျ မရှိသောကြောင့် အက်ကွဲသံများဖြစ်လာရခြင်းကို မသုံးသပ်ဘဲ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုကာ သူ့ဇာတိ ပဲခူးရောက်အောင်ထိ လှော်မည် ဟု စိတ်ကူးကာ လေတပ်ကြီးအား ဆွဲခေါ်လာခဲ့သော ကာကွယ်ရေးဦးစီးချုပ် (လေ) လေချုပ်ကြီး ကိုမြတ်ဟိန်း သည် ၂၀၁၁ ဇူလိုင် လအတွင်း တပ်စစ်ဆေးနေစဉ် အပွင့်တန်းတင် (ဗိုလ်မှူးမှ ဒုဗိုလ်မှူးကြီးသို့ Officiating ကာလ ၁နှစ်မစောင့်ရပဲ ဒုမှူးကြီးအပွင့် တန်းတင်သော) ဖြစ်သည့် Supersonic Fighter တပည့်ရင်း လေသူရဲများအား “မင်းတို့ ပေးလိုက်တဲ့ ရာထူး အဆင့်နှင့် မတန်ဘူး ”ဟု ဆူပူကြိမ်းမောင်းရသော ဖြစ်စဉ်များ ပေါ်လာပါတော့သည်။


လေယာဉ် အမျိုးအစားအလိုက် လေသူရဲများအား Commission Year အလိုက် စီမံနေရာချထားမှသာ ဒုအုပ်မှူး၊ အုပ်မှူး စသဖြင့် အစဉ်တကျ နေရာပေးနိုင်ပါမည်။ လေတပ်၏ အခြားလိုအပ်ချက်မှာ အုပ်မှူးသည် မဖြစ်မနေ လေယာဉ်မောင်းနည်းပြဆရာ သင်တန်းတက်ပြီးသူ ဖြစ်ရပါမည်။ သို့ဖြစ်ရာ လေယာဉ်အမျိုးအစားတစ်ခု၏ အုပ်တစ်အုပ်တွင် နည်းပြဆရာလည်းဖြစ်၊ Senior လည်း ဖြစ်ပါက အုပ်မှူး Post အတွက် အဆင့်ဆင့် နေရာပေးရန် အဆင်ပြေ ချောမွေ့သော်လည်း၊ Senior က နည်းပြဆရာမဟုတ်ပဲ Junior က နည်းပြဖြစ်နေခြင်း၊ ဗိုလ်သင်တန်း အပတ်စဉ်များစွာ ကွာသွားခြင်း၊ အပတ်စဉ်တူ အချင်းချင်းတွင် နည်းပြဆရာများ များနေခြင်း စသော အခြေအနေများတွင် နေရာမရသော သူများအတွက် မျှော်လင့်ချက် မရှိတော့သည့် အခြေအနေများပေါ်ကာ ထိုသူများသည် ခွက်ပျောက်အရာရှိဘ၀ရောက်သွားသော ဖြစ်ရပ်များ ပေါ်လာရခြင်း ဖြစ်ပါသည်။

မြန်မာ့လေတပ်ရှိ F - 7 လေယာဉ်နဲ့ လေယာဉ်မှူးများအား တွေ့ရပုံ

ခွက်ပျောက်အရာရှိ အများစုမှာလည်း သေမထူးနေမထူး သဘောပိုက်ကာ အချိန်မှန် လစာထုတ်ရန်သာ စိတ်ထားကာ မိမိ၏ ကိုယ်ပိုင်စီးပွါးရေးများသာ လုပ်ရန် ပြင်ဆင်နေကြပြီး၊ လေတပ် စခန်းမှူးများမှလည်း သူတို့အား အရေးယူပါက တက်လမ်းလည်းမရှိတော့သည့်အတူတူ ဘာမှ မကြောက်တော့သူများ ဖြစ်နေခြင်းကြောင့် မသိချင်ယောင်ဆောင်ကာ လွှတ်ပေးထားရသော ဖြစ်ရပ်များကလည်း လေတပ် စခန်းတိုင်းလိုလိုတွင် ရှိနေပါသည်။

 

ကက(လေ)မှ ဦးစီးအရာရှိများရော ရုံးအဖွဲ့များပါ ပုံမှန်ပြန်တမ်းများ၊ စီမံချက်များအားလုံး တပ်မတော်(လေ)တစ်ခုလုံးစာ ရုံးပေါ်တွင် ရှိပါလျက် ဦးစီး(ပ)အဆင့်နှင့်အထက်မှ မေးသော အချက်အလက်များအား အောက်တပ် ဟု ၄င်းတို့ကခေါ်သော လေတပ်စခန်းများသို့သာ နေ့ရောညပါ ဒုက္ခပေး ပြန်မေးလေ့ရှိပါသည်။ ဦးစီးရုံးသည် အထက်အဖွဲ့အစည်းမဟုတ် ဟူသော ဦးစီးတာဝန်ပါ စာသားကို မေ့လျှော့ထားကြပါသည်။ စစ်ဦးစီးအရာရှိ စစ်သည်များသည် စီမံချက်နှင့် ပြန်တမ်းများကို လက်တွေ့အကောင်အထည်ဖော်နိုင်စွမ်း ရှိ/မရှိ သုံးသပ်ပြီး တပ်မှူး (သို့) အုပ်မှူးတို့အား ဖြည့်စွက်ပြင်ဆင် တင်ပြသင့်ပါသည်။ လက်အောက်ခံတပ်များအနေဖြင့် လက်တွေ့မဆန်သော စီမံချက်များကို ဆက်တိုက်အကောင်အထည်ဖော် လုပ်လာရသည့်အခါ အခက်အခဲများကို ရှေးဦးစွာတင်ပြကြည့်သော်လည်း အထက်ဌာန စစ်ဦးစီးရုံးအဖွဲ့က ဖြည့်ဆည်းပေးရန်ထက် အချိန်နှင့်တစ်ပြေးညီ တင်ပြရန် ဖိအားပေး ဆောင်ရွက်ခိုင်းသဖြင့် စာရွက်ပေါ်တွင် လိမ်ညာတင်ပြရသည့် အဖြစ်မျိုး ရောက်ရှိသွားပါသည်။


နိုင်ငံခြားသွား အရာရှိစစ်သည်များထံမှ အလှူခံခြင်း၊ နေပြည်တော်ရောက် လေတပ်သား အချင်းချင်း ဆိုင်ကယ် ကယ်၇ီဆွဲကာ စီးပွါး ရှာခြင်းတို့ကအဓိက ဖြစ်နေပါသည်။ အမှုဖြစ်အရာရှိ/ စစ်သည်များ၏ အမှုတွဲများ အပေါ်တွင် ကကဥနှင့် ကကရေး တို့၏ ဥပဒေပါ ပြဌာန်းချက်များကို ညှိနှိုင်းဆောင်ရွက်ခြင်းမပြုပဲ စိတ်ထင်သလို အမှုတည်ဆောက်ခဲ့သဖြင့် နစ်နာခဲ့ရသော အရာရှိ/ စစ်သည်များစွာ ရှိခဲ့ရပါသည်။ အမှန်တကယ်တွင် ကက(လေ) ၏ရေး-၃ ဌာနတွင် ဥပဒေဘွဲ့ရ တစ်ဦးတစ်ယောက်မှ မရှိဘဲ အမှုတွဲဟောင်းများကို လှန်ကာ ထင်ရာစိုင်းနေကြခြင်းဖြစ်ပါသည်။

 

လေသူရဲများ ထွက်ခွင့်တင်နေခြင်းအားကုစားရန် CPL လိုင်စင် သင်တန်း ၁၀၀ ဦး၏ ပထမ အသုတ် (၂၀) ဦးအား ၂၀၁၁ သြဂုတ် ၁ ရက်နေ့တွင် လေကြောင်းပညာကျောင်း (ရန်ကုန်) တွင် ၃ လခွဲ စတက်ခိုင်းခြင်းကြောင့် အခြေအနေစောင့်ကြည့်နေသူ၊ ပြောင်းရန် ကြိုးစားသူများဖြင့် လေသူရဲလောကတွင် ငြိမ်သက်သွားသော်လည်း စက်မှုလက်မှု အရာရှိများအတွက် အနေအထားမှာမူ ထူးခြားမှုမရှိပါ။ ထို့အတူ စစ်သည်များအနက် အကြပ်ကြီးနှင့် အထက်အများစုမှာလည်း လက်ရှိ အရာရှိငယ်များနှင့် လက်တွဲလုပ်ပါက ထောင်ကျ နိုင်သည်ဟုဆိုကာ စိတ်ပျက်နေသလို အကြပ်ကြီးအောက် ငယ်ရွယ်သူ စစ်သည်များကလည်း လစာ တိုးပေးရန် မျှော်လင့်ချက်ဖြင့် နေနေခြင်းဖြစ်ပြီး ပြောင်းလဲမှုမရှိပါက တပ်ထွက်ခွင့်ရရန် နည်းလမ်းရှာနေကြပါသည်။

အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Saturday, 03 September 2011 16:49 )  

နောက်ဆုံးရသတင်းများ