ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန အာရှဒေသ လက်နက်ကိုင်တပ်ဖွဲ့များအား ထိန်းချုပ်ခြင်း

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန အာရှဒေသ လက်နက်ကိုင်တပ်ဖွဲ့များအား ထိန်းချုပ်ခြင်း

အာရှဒေသ လက်နက်ကိုင်တပ်ဖွဲ့များအား ထိန်းချုပ်ခြင်း

Print PDF
User Rating: / 4
PoorBest 

ဆောင်းပါးရှင် - ကိုကျော်ထင် 

ကယ်ရိုလိုင်းနား ဂျီဟာနန်ဒက်ဇ် (Carolina G.Hernandez)

မစ္စ ကယ်ရိုလိုင်းနား ဂျီဟာနန်ဒက်ဇ် (Carolina G.Hernandez) သည် ဖိလစ်ပိုင်နိုင်ငံ  (Philippines) ကွီဇိုမြို့ (Quezon city) မဟာဗျူဟာနှင့် ဖွံ့ဖြိုးတိုးတက်မှု လေ့လာရေး အဖွဲ့အစည်း၏ ဥက္ကဌဖြစ်ပြီး ဖိလစ်ပိုင်တက္ကသိုလ် (University of Philippines) နိုင်ငံရေး သိပ္ပံဌာန၏ ပါမောက္ခလည်း ဖြစ်သည်။ သူမသည် အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီ (Council for Security Cooperation in the Asia Pasific (CASAP)) တွင် တာဝန်ထမ်းဆောင်ပြီး CASAP Philippines အာရှပစိဖိတ်ဒေသ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဖိလစ်ပိုင်နိုင်ငံ၏ ပူးတွဲဥက္ကဌလည်း ဖြစ်သည်။

တောင်ကိုးရီးယား စစ်တပ်မှ စစ်သည်ရဲဘော်များ တွေ့ရပုံ

စစ်အေးတိုက်ပွဲ ပြီးဆုံးသွားခြင်းက နိုင်ငံတကာဆက်ဆံရေးတွင်သာမက ကမ္ဘာတ၀ှမ်းလုံးမှ နိုင်ငံများစွာတို့၏ ပြည်တွင်းနိုင်ငံရေးတွင်ပါ အပြောင်း အလဲများစွာကို ဖြစ်ပေါ်စေခဲ့သည်။ ဆိုဗီယက် ယူနီယံနှင့် အရှေ့ဥရောပတွင် ကွန်မြူနစ်စနစ် ပြိုလဲကျဆုံးသွားခြင်းက သူတို့၏ လူ့အဖွဲ့အစည်းတွင် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုများကို ပြုလုပ်သွားမည်ဟု ကတိပေးထားသော အစိုးရအသစ်များကို ပေါ်ထွက်စေခဲ့သည်။ အာရှဒေသတွင် ဒီမို ကရေစီစနစ်သို့ ဖြစ်ပေါ် တိုးတက်ခြင်း ဖြစ်စဉ်သို့ လှုပ်ရှားမှုများသည် အရင်းအမြစ် ပုံစံအမျိုးမျိုးဖြင့် ရှိခဲ့ပေသည်။ လက်တင် အမေရိကဒေသတွင် ဖြစ်ပျက်ခဲ့သကဲ့သို့ပင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများ ပြုလုပ်ရန်၊ ခြစားမှုများ တိုက်ဖျက်ရန်နှင့် နိုင်ငံရေးတည်ငြိမ်မှုကို သေချာအောင်ပြုလုပ်ရန် မလုပ်ဆောင် နိုင်ကြသော ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်တို့ ကဲ့သို့သော အာဏာရှင် အစိုးရများသည် ဒီိမိုကရက်တစ် အစိုးရအသစ်များကို ပေါ်ထွက်စေခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် တောင်ကိုးရီးယားနှင့် ထိုင်ဝမ်နိုင်ငံတို့မှ အာဏာရှင်အစိုးရများ ပြုလုပ်ပေးခဲ့သည့် အတော်ပင် ဖြစ်ထွန်းခဲ့သော စီးပွားရေး အောင်မြင်မှုများက  အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပြီး နောက်ပိုင်းတွင် စိတ်မရှည် သည်းမခံနိုင်မှုများကို ဖြစ်ပေါ်စေကာ ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်မှုများကို တွန်းအားဖြစ်စေသော ကျယ်ပြန့်သော နိုင်ငံရေးလူမှုရေး အင်အားစုများစွာကို မွေးဖွားပေးခဲ့သည်။

 

သူတို့၏ မူလအစ ဖြစ်ပေါ်မှုများကို မစဉ်းစားဘဲလျက် ပြောရမည်ဆိုပါက နိုင်ငံရေးအရ လွတ်လပ်မှုများကို ပြုလုပ်ခြင်းနှင့် ဒီမိုကရေစီဖြစ်ပေါ် တိုးတက်မှုများကို ပြုလုပ်ခြင်းတို့ကို ရှေ့ရှုသော လှုပ်ရှားမှုများသည် အခြေအနေအရပ်ရပ်အပေါ် ဆက်လက်တောင့်ခံ တည်ရှိရန်ဆိုပါက နိုင်ငံရေး တွင်ရှိသောစစ်ဘက်တို့၏ အခန်းဏ္ဍအား ပြန်လည်ဖွဲ့စည်း ဖြစ်ပေါ်ခြင်းနှင့် တွဲဘက် ထားသင့်ပေသည်။ ဤနိုင်ငံရေးအရ အရေးကြီးသော ဖြစ်ပေါ်မှုများသည် စစ်အေး လွန်ခေတ်ကာလ၏ ပြောင်းလဲလာသော လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်မှ ပေါ်ပေါက်စေခဲ့သော စစ်ဘက်ဆိုင်ရာ အရေးကြီးမှုများနှင့် တပြိုင်တည်း ဖြစ်ပေါ်ပေသည်။ တခုက ပြည်တွင်းနှင့် အခြားတခုက နိုင်ငံတကာ ဆိုသည့် အရေးကြီးသော အချင်းအရာ နှစ်ရပ်က ဖြစ်ပေါ်စေခဲ့သော စစ်ဘက်ဆိုင်ရာ လုပ်ငန်းရည်မှန်းချက် မစ်ရှင်အား ပြန်လည်ဖွဲ့စည်းဖြစ်ပေါ်ခြင်း ဆိုသည့်လိုအပ်ချက်သည် တကမ္ဘာလုံးမှ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုများကို ပြုလုပ်နေသော နိုင်ငံများ၏် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အနာဂါတ်အပေါ် လေးနက်သော ဂယက်ရိုက်ခတ်မှုများကို ဖြစ်ပေါ်စေခဲ့ပေသည်။ ဤအခန်းသည် ဤအကြောင်းအရာ အစ်ရှူး (issue) သည် ခေတ်ပြိုင်အာရှတွင် မည်ကဲ့သို့သော အခန်းကဏ္ဍဖြင့် မည်သို့ ပါဝင်လှုပ်ရှားသွားသည် ဆိုသည်ကို အလေးအနက်ပြု ပြောဆိုတင်ပြရန် ဖြစ်ပေသည်။

ဖိလစ်ပိုင် စစ်တပ်

အခြေခံအားဖြင့် အရှေ့နှင့်တောင်အရှေ့အာရှ နိုင်ငံများမှ သာဓကဆောင်သော ဥပမာများကို ဆွဲထုတ်၍ ဤအစ်ရှူး (issue) အား ချဉ်းကပ်သွားမည် ဖြစ်သည်။ ဤအာရှနိုင်ငံများသည် ဒီမိုကရက်တစ် အစိုးရများကို ခိုင်မာတောင့်တင်းအောင် တည်ဆောက်နေခြင်းသော်၎င်း၊ ဒီမိုကရေစီ လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့နှင့်ပြီးသော်၎င်း ကြီးမားသော အပြောင်းအလဲအောက်မှ စစ်ဘက်တို့၏ အခန်းကဏ္ဍများကို ဆောင်ရွက်နေခြင်းကိုသော်၎င်း စသည့် အချင်းအရာ တခုခုရှိနေသော နိုင်ငံများ ဖြစ်ပေသည်။

 

အာရှစစ်တပ်ဖွဲ့များသည် ခေတ်ပေါ်ကမ္ဘာတွင် ကျယ်ပြန့်သော အမျိုးမျိုးသော အခန်းကဏ္ဍများကို ဆောင်ရွက်ခဲ့ပေသည်။ များစွာသော လက်နက်ကိုင်တပ်ဖွဲ့များသည် ကိုလိုနီအုပ်ချုပ်မှုကာလ များတွင် ဖွဲ့စည်းခဲ့ကာ ခေတ်မီအောင် ဖွဲ့စည်းဖြစ်ပေါ်ခဲ့သော်ငြားလည်း အချို့သော ဥပမာအားဖြင့် အင်ဒိုနီးရှား စစ်တပ်ဖွဲ့များသည် လွတ်လပ်ရေး လှုပ်ရှားမှု ကာလများတုန်းက ကိုလိုနီအစိုးရများကို ဆန့်ကျင့်ခဲ့ကြပေသည်။ ဤကဲ့သို့သော လုပ်ဆောင်ခဲ့မှုများသည် စစ်တပ်ဖွဲ့များအား လူထု၏တရား ၀င်ထောက်ခံမှု အမြောက်အမြားကို ချီးမြှင့်ခဲ့ပေသည်။ ဤကဲ့သို့ စစ်တပ်ဖွဲ့များက လူထုထောက်ခံမှု ချီးမြှင့်ခံခဲ့ရခြင်းများသည် ထိုလူမှုအဖွဲ့အစည်းအတွင်းတွင် စစ်တပ်ဖွဲ့များသို့ ကြိုက်နှစ်သက်မှုများကို ဖြစ်စေသော ဖွဲ့စည်းပုံဆိုင်ရာအရ ပြောင်းလဲနေသော ကိန်းရှင်များ (institutional variables) ၊ အခြားသော အချက်အလက်များနှင့် တွဲလျက်တည်ရှိနေပြီး ယင်းအရာများသည် အထွေထွေ လူထုအနေဖြင့် စစ်ဘက်၏ နိုင်ငံရေးအရ ၀င်ရောက်စွက်ဖက်မှုကို လက်ခံလာရန် ဆွဲဆောင်ခဲ့ပေသည်။

 

ဌာနေဖွားနိုင်ငံရေးသမားများ၏ ဒီမိုကရေစီအုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံများ လျော့နည်း မပြည့်မီမှုက နိုင်ငံတည်ဆောက်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များက ဖြစ်ပေါ်စေသော ကွဲပြားခြားနားသည့် စိန်ခေါ်မှုများကို အောင်မြင်စွာ စီမံခန့်ခွဲနိုင်စွမ်း မရှိအောင် ဖြစ်စေခဲ့ပေသည်၊ အတိအကျအားဖြင့်ပြောရလျှင် ထိုကဲ့သို့သော အားနည်းသည့် ကိုလိုနီခေတ်လွန် အစိုးးရများက အားကောင်းသော လူမျိုးစုများနှင့် ဘာသာရေးအရဖြစ်သော ပြိုင်ဘက်များက လုပ်ဆောင်သော အခြေအနေများတွင် ပြည်တွင်းဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်မှုရှိအောင် သေချာအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။

အင်ဒိုနီးရှား တပ်မတော်သားများ စစ်ရေးပြ အခမ်းအနားတစ်ခု၌ တွေ့ရပုံ

ထို့အပြင် ထိုနိုင်ငံ သစ်များသည် နိုင်ငံရေး ပါတီများ၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ရှိသော ဥပဒေပြု လွှတ်တော် များနှင့် တရားရုံးများ၊ လွတ်လပ်သော သတင်း ဌာနများ စသည်တို့ ကဲ့သို့သော စစ်တပ်ဖွဲ့များကို ထိန်းချုပ်နိုင် စွမ်းရှိသော နိုင်ငံရေး အခြေခံ အဆောက် အဦများ....

 

ထို့အပြင် ထိုနိုင်ငံသစ်များသည် နိုင်ငံရေးပါတီများ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိသော ဥပဒေပြု လွှတ်တော်များနှင့် တရားရုံးများ၊ လွတ်လပ်သော သတင်းဌာနများ စသည်တို့ကဲ့သို့သော စစ်တပ်ဖွဲ့များကို ထိန်းချုပ်နိုင်စွမ်းရှိသော နိုင်ငံရေး အခြေခံအဆောက်အဦများ (political institutions) လျော့နည်း နေပြန်ပေသည်။ ထိုအခြေ အနေများသည် အာရှဒေသမှ စစ်တပ်ဖွဲ့များအား ဖွံ့ဖြိုးဆဲကမ္ဘာမှ အခြားသော နေရာများမှာကဲ့သို့ပင် ဥပဒေစိုးမိုးရေးနှင့် ငြိမ်ဝပ်ပိပြားရေးအား ၀င်ရောက်ဆောင်ရွက်ရန် ဆိုသည်ကို ခွင့်ပြုခဲ့ပေသည်။

 

အကျိုးဆက်အားဖြင့် ကိုလိုနီခေတ် ရပ်စဲပြီးနောက်ပိုင်း ဆယ်စုနှစ် နှစ်ခုတွင် စစ်တပ်ဖွဲ့များနှင့် တွဲဖက်၍ဖြစ်ပေါ်သော အာဏာရှင် အစိုးရများကိုသော်၎င်း၊ စစ်တပ်ဖွဲ့များ သက်သက်က ထိန်းချုပ်သော အာဏာရှင် အစိုးရများကိုသော်၎င်း ပေါ်ထွက်စေခဲ့ပေသည်။ လူမှုရေးအရ သဟဇာ တဖြစ်မှု၊ ပြည်တွင်းဥပဒေစိုးမိုးမှု၊ နိုင်ငံရေးတည်ငြိမ်မှုနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများကို တိုးမြှင့်လုပ်ဆောင်နိုင်သော ထိုအာဏာရှင် အစိုးရများ၏ အရည်အသွေးများက အကြီး အကျယ်ပင် ကွဲပြားခြား နားပေသည်။ တောင်ကိုးရီးယားနှင့် ထိုင်ဝမ်တို့တွင်ရှိသော အာဏာရှင်အစိုးရများသည် ထိုရှုထောင့်မှ ကြည့်လျှင် အအောင်မြင် ဆုံးသော နိုင်ငံများဟု ဆိုနိုင်ပေသည်။ အင်ဒိုနီးရှားနှင့် ထိုင်းမှ ထိုကဲ့သို့သော အာဏာရှင်အစိုးရများ အနေဖြင့်မူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသား ညီညွတ်ရေးတို့တွင် အတော်အတန်ကြီးမားသော တိုးတက်မှုကို လုပ်ဆောင်နိုင်ခဲ့ပြီး အင်ဒိုနီးရှား ကိစ္စတွင်မူ နိုင်ငံရေးအရ ဥပဒေစိုးမိုးငြိမ်ဝပ်ပိပြားအောင်နှင့် တည်ငြိမ်မှု ရှိအောင်လည်း လုပ်ဆောင် နိုင်ခဲ့သည်ကို တွေ့ရပေသည်။ ဆန့်ကျင်ဘက်အားဖြင့် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နှင့်ဖိလစ်ပိုင် တို့မှ အာဏာရှင်အစိုးရများမှာမူ အထက်ပါရည်မှန်းချက်များကို လုပ်ဆောင်ရာတွင် ကြီးကြီးမားမားပင် မအောင်မမြင် ဖြစ်ခဲ့ပေသည်။

 

၁၉၉၀ ခုလွန် အစောပိုင်းနှစ် ကာလများအတွင်း အာရှနိုင်ငံအတော်များများသည် အာဏာရှင် စနစ်မှ စွန့်ခွာပြီး ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်မှုများဆီသို့ ဦးတည်ချီတက်လာကြသည်။ တောင်ကိုးရီးယား၊ ဖိလစ်ပိုင်နှင့် ထိုင်ဝမ်နိုင်ငံများသည် ယခုအခါတွင် ဒီမိုကရေစီကို ခိုင်မာအောင် တည်ဆောက်နေသော နိုင်ငံများ (consolidating democracies) အဖြစ် စဉ်းစားနိုင်သော အခြေအနေတွင် ရှိပေသည်။ ထိုကဲ့သို့ ဒီမိုကရေစီကို ခိုင်မာအောင် တည်ဆောက်နေသော နိုင်ငံများဟု ဆိုနိုင်ခြင်းမှာ ကြီးမားသော အတိုင်းအတာရှိသည့် ပါဝင်မှုများ (large-scale participation) ရှိသော အတော်အတန်လွတ်လပ်သော ရွေးကောက်ပွဲများမှတဆင့် အရပ်သား အစိုးရများကို တည်ဆောက် ထားသောကြောင့် ဖြစ်ပေသည်။ ၁၉၉၂ ဒီဇင်ဘာတွင် သမ္မတ ရွေးကောက်ပွဲ၌ ကင်ယုန်ဆန် (Kim Young Sam) အနိုင်ရရှိ သွားမှုနှင့်အတူ တောင်ကိုးရီးယားသည် ၁၉၆၀ တွင် ဆီးမဲန်ရီးခ် (Syngman Rhee) ပြုတ်ပြီး ကတည်းက နောက်ပိုင်း ပထမဆုံးသော ၄င်းတို့၏ အရပ်သားး အစိုးရကို ရွေးတင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ၁၉၉၅ ဇွန်တွင် တောင်ကိုးရီးယားတို့သည် ဒေသအစိုးရအတွက် ပထမဆုံး တိုက်ရိုက် ရွေးကောက်ပွဲများတွင် ပါဝင်ခဲ့ ကြပေသည်။ ၁၉၉၂ တွင် ဖိလစ်ပိုင်လူမျိုးတို့သည် သမ္မတ ကိုရာဇန်အာကွီနို (President Corazon Aquino) မှ ၄င်း၏ အရိုက်အရာကို ဆက်ခံသော သမ္မတ ဖီဒယ်ရာမို့စ် (Fidel Ramos) လက်သို့ ငြိမ်းချမ်းသော အာဏာလွှဲပြောင်းမှုကို ဆောင်ကျဉ်းပေးခဲ့သော သမ္မတ၊ ပါလီမန်နှင့် ဒေသရွေးကောက်ပွဲများကို ကျင်းပပြုလုပ်ခဲ့ပေသည်။ ၁၉၉၅ ဒီဇင်ဘာတွင် ထိုင်ဝမ် တို့သည် ၁၉၈၇ ခုနှစ် မာရှယ်လော ရုတ်သိမ်းပြီးကတည်းက ၄င်းတို့၏ တတိယအကြိမ် ပါလီမန်ရွေးကောက်ပွဲများကို ကျင်းပခဲ့ပြီး ယင်းက ၁၉၉၆ မတ်လတွင် ကျင်းပသော ၄င်းတို့၏ ပထမဆုံးနှင့် တိုက်ရိုက်ဖြစ်သော သမ္မတ ရွေးကောက်ပွဲကို လမ်းခင်း ပေးခဲ့ပေသည်။ ယင်းကြောင့်ပင် ထိုနိုင်ငံများရှိ နိုင်ငံရေးသမားများနှင့် နိုင်ငံသားများသည် ဒီမိုကရက်တစ် အုပ်ချုပ်ရေးအတွက် ထိရောက်သော တခြားသော နည်းလမ်း သို့မဟုတ် အရာတခုကို မရှိစေတော့သည့် အလုံးစုံသော သဘော တူညီမှုတခုကို ပေါက်မြောက်ရောက်ရှိခဲ့ပုံ ပေါ်ခဲ့ပေသည်။ ထို့အပြင် ထို ၃ နိုင်ငံစလုံးတွင် လူထု၏ ပါဝင်မှုသည် နိုင်ငံရေးတွင်သာမက လူထုအခြေပြု လူ့အဖွဲ့အစည်း (civil society) တို့တွင်ပါ ရှင်သန်ကြီးထွား ပေါ်ပေါက်လာပုံ ရနေပေသည်။

သို့သော်ငြားလည်း တခြားသော အာရှနိုင်ငံ တော်တော်များများတွင်မူ ဒီမိုကရေစီဖြစ်ပေါ် တိုးတက်မှုဖြစ်စဉ် (democratization) သည် မညီမမျှဖြစ်နေဆဲပင်ဖြစ်သည်။ ဥပမာအားဖြင့် နိုင်ငံရေးပါတီများနှင့် လွှတ်တော်၂ ရပ် ဥပဒေပြုလွှတ်တော် (bicameral legislature) တို့ဖွဲ့စည်း ပုံစံတကျဖြစ်လာ (institutionalized) နေသော ထိုင်းနိုင်ငံတွင် များစွာသော လွှတ်တော်အမတ်များ (အထင်အရှားအားဖြင့် အထက်လွှတ်တော်တွင်) နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအရာရှိ ခေါင်းဆောင်များကို ခန့်အပ်နေဆဲပင် ဖြစ်သည်။ ထိုကဲ့သို့ ခန့်အပ်ခြင်းက နိုင်ငံ၏ ခေါင်းဆောင်များ ရွေးချယ်ခန့်ထားမှုတွင် လူထု၏ ပါဝင်မှုကို အကန့်အသတ် ဖြစ်စေပေသည်။ ထိုအခြေအနေများကို ပြုပြင်ယူမည့် ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ (Constitutional amendments) သည် ယခုအခါ၌ ဆွေးနွေးနေဆဲ အခြေအနေ၌ ရှိနေပြီး အကယ်၍ အတည်ပြုဖြစ်ပါက ယင်းသည် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက် ပြောင်းလဲရေးဖြစ်စဉ် (democratization process) အား အထောက်အပံ့ ဖြစ်စေလိမ့်မည် ဖြစ်သည်။

 

ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်တွင် ဒီမိုကရေစီသို့ အသွင်ကူးပြောင်းရေးသည် ဆယ်လ်မြူ ရယ်ဖီးနား (Samuel Finer)က အစိုးရများ၏ ယာယီစခန်းချတည်းခိုရာ (transit of regimes) ဟု ခေါ်သော ပုံစံအသွင်ဖြင့် ဖြစ်ပျက်ခဲ့ပေသည်။ ထိုပုံစံအသွင်တွင် စစ်ဘက်တို့သည် အဆင့်ဆင့်ဆက်ခံသော အစိုးရများ၏ နိုင်ငံရေး အရောင်အသွေးဖြာမှုများကို ထိန်းချုပ်ရန်ကြိုးပမ်း နေစဉ်အတွင်း တိုက်ရိုက်အုပ်ချုပ်ရေးအား ကိုင်တွယ်ဆောင်ရွက်ခြင်း မပြုမှုကို ပြတ်တောင်းပြတ်တောင်း ပြုလုပ်ပေသည်။ မြန်မာနှင့် တရုတ်နိုင်ငံတို့တွင် အာဏာရှင်အစိုးရများအား စိန်ခေါ်သော ဒီမိုကရေစီအရေး လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့ပြီး ကြီးးကြီးမားမားပင် နှိပ်ကွပ်ခံခဲ့ရပေသည်။ အင်ဒိုနီးရှားတွင် စစ်အစိုးရများသည် အဆင့်ဆင့်ဆက်ခံမှုများနှင့်ပတ်သက်၍ ထင်ရှားသော ပြဿနာများ ပေါ်ပေါက်ခဲ့သော်လည်း အသက်အရွယ်ကြီးမားသော သမ္မတဆူဟာတိုနှင့် ၄င်း၏ အပေါင်းအပါ လွတ်လပ်ရေး လှုပ်ရှားမှု ခေတ်ပြိုင် ဗိုလ်ချုပ်များတို့ ဆက်ခံပြီး နောက်ပိုင်း၌ ထိန်းချုပ်မှုကို အတော်ပင် ခိုင်ခိုင်မာမာ ပြုလုပ်ထားနိုင်ပုံ ပေါ်ပေသည်။

 

(မှတ်ချက် - ဤရေးသားချက်များသည် ၁၉၉၈ ခုနှစ်မေ၊ ဇွန်လများအတွင်း ဆူဟာတို ကျဆုံးခဲ့မှု မတိုင်ခင်က ရေးသား မှတ်တမ်းတင်ထားခဲ့ချက်များ ဖြစ်ပေသည်။)

 

ပြင်ပ(ပြည်ပ)ဆိုင်ရာ နှင့် ပြည်တွင်းဆိုင်ရာ အချက်အလက်များ

 

အထက်တွင်တင်ပြခဲ့သည့်အတိုင်းပင် စစ်အေးတိုက်ပွဲပြီးဆုံးမှုက ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသဆိုင်ရာ မဟာဗျူဟာပတ်ဝန်းကျင် (strategic environment) အား အခြေခံကျစွာပြောင်းလဲ ပစ်ခဲ့ပေသည်။ ထိုအပြောင်းအလဲတွင် ဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ နှစ်ခုစလုံးတို့မှ စစ်ဘက်တို့၏ အခန်းကဏ္ဍအပေါ် အဓိကကျသော သက်ရောက်မှုများ ရှိနေပေသည်။ မဟာအင်အား ကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုအဆုံးသတ်သွားမှုက အာရှတွင် ရုရှားနှင့်တရုတ်၊ အိန္ဒိယနှင့်တရုတ်၊ ဂျပန်နှင့် ရုရှား စသည့်ဒေသဆိုင်ရာပြိုင်ဘက်များအကြားက ဆက်ဆံရေး နွေးနွေးထွေးထွေး ဖြစ်လာစေရန် လွယ်ကူလာစေခဲ့ပြီး အထောက်အကူ ဖြစ်စေခဲ့ပေသည်။ ထို့အပြင် ၄င်းသည် အရှေ့တောင် အာရှနိုင်ငံများအသင်း Association of Southeast Asian Nations (ASEAN) ၏အဖွဲ့ဝင်နိုင်ငံ များနှင့် ဗီယက်နမ်နိုင်ငံတို့ အကြားပြန်လည် သင့်မြတ်ရေး အထောက်အကူ ဖြစ်စေခဲ့ရုံသာမက ကမ္ဘောဒီးယား ပြဿနာ ဖြေရှင်းရေးအတွက်လည်း အထောက်အကူ ဖြစ်စေခဲ့ပေသည်။

 

ထို့အပြင် စစ်အေးတိုက်ပွဲပြီးဆုံးမှုက ပစိဖိတ် စစ်နယ်ဝန်း (Pacific threatre) တွင် တပ်ချထားသော အမေရိကန်တပ်ဖွဲ့ အတော်များများဖြစ်ပေါ်လာမှု အာရုံဦးကို စတင်ဖြစ်လာစေခဲ့ ပေသည်။ ၀င်ရိုး (၂) ခုပြိုင်ဆိုင်မှု (bipolar competition) ၏ အဟန့်အတားဖြစ်သော သက်ရောက်မှု ပျောက်ပျက်သွားခြင်းက ဒေသတွင်း အချို့သော မသေချာ မရေရာမှုများကို နိဒါန်း ပျိုးပေးခဲ့သည်။ ထိုကဲ့သောပြောင်းလဲလာသော မဟာဗျူဟာ အခင်းအကျင်းတွင် အာရှနိုင်ငံ အတော်များများ အထူးသဖြင့် တရုတ်နှင့် အာဆီယံ (ASEAN) နိုင်ငံများသည် သူတို့၏ စစ်တပ်ဖွဲ့စည်းပုံများကို ပြန်လည်ဖွဲ့စည်း ခဲ့ကြပေသည်။ စစ်တပ်ကိုစစ်သည်၊ လူအင်အား ကြီးမားရန်ထက် ကျစ်လစ်ခိုင်မာပြီး လွယ်ကူလျင်မြန်စွာ စစ်ကစားနိုင်အောင် စီစဉ်ခဲ့ကြပေသည်။ ထိုနည်းတူစွာပင် ကမ္ဘာလုံး အတိုင်းအတာ အားဖြင့် ကွန်မြူနစ် ခြိမ်းခြောက်မှု ကျဆင်းသွားခြင်းနှင့် ယင်းနှင့်တတွဲတည်း တည်ရှိနေသော ဒေသခံ ကွန်မြူနစ် ပါတီများအား ထောက်ပံ့ခြင်းများ လျော့နည်းကျဆင်းသွားခြင်းတို့က တချို့သောနိုင်ငံများ အထူးသဖြင့် ဖိလစ်ပိုင်ကဲ့သို့သော နိုင်ငံတွင် စစ်ဘက်တို့၏ ပြည်တွင်း လုံခြုံရေးဆိုင်ရာ အခန်းကဏ္ဍအား ပြန်လည်တန်ဖိုးဖြတ်ရန် ဖြစ်လာစေခဲ့ပေသည်။

 

အာရှဒေသတွင် ပျံ့နှံ့နေသော ပြည့်စုံစွာပါဝင်၍ မျက်နှာစာ ပေါင်းစုံလည်းဖြစ်သော လုံခြုံရေးဆိုင်ရာ မဟာဗျူဟာ စဉ်းစားတွေးခေါ်မှုများအရ ဆိုရလျှင် ဖြစ်လာနိုင်စွမ်းသော ပြည်ပ ခြိမ်းခြောက်မှုများမှ တိုင်းပြည်အား ကာကွယ်ရန်အတွက်သာ စစ်ဘက်တို့၏ အခန်းကဏ္ဍအား မကန့်သတ်ထားပေ။ ထိုထက်ပို၍ အင်ဒိုနီးရှားကဲ့သို့သော နိုင်ငံမျိုးတွင် အဓိက ပြည်တွင်းဆိုင်ရာ အရေးကိစ္စနှင့် အမျိုးသားရေး တာဝန်များကိုလည်း လက်နက်ကိုင် တပ်ဖွဲ့များအား ပေးအပ်ထားပေသည်။ သို့သော်ငြားလည်း စစ်ဘက်အခန်းကဏ္ဍ၏ ထိုကဲ့သို့သော ကျယ်ပြန့်သော အမြင်သည် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်နှင့် လိုက်ဖက်စွာ အတူတွဲတည်ရှိနေသည့် အရပ်ဘက် အာဏာပိုင်များသို့ အာဏာ ဖြန့်ဝေပေးရေး ဆိုသည်နှင့် မလိုက်ဖက် မသင့်တော်လှပေ။

အင်ဒိုနီးရှားစစ်တပ် ခေါင်းဆောင် Agustadi Sasongko Purnomo (ဘယ်) မှ အင်ဒိုသမ္မတ Susilo Bambang Yudhoyono (ညာ) သို့ လက်ရွေးစင် Kopassus Special Force Command ရဲ့ ဂုဏ်ပြုခံ အဖွဲ့ဝင်တစ်ဦးအဖြစ် ချီးမြှောက်ပေးနေပုံ (ဓာတ်ပုံ - CSMonitor)


လုံခြံရေးဆိုင်ရာ ကျယ်ပြန့်သောအမြင်သည် ဒီမိုကရေစီ ခိုင်မာအောင် တည်ဆောက်ရေးအတွက် ရှိရမည့်အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးတွင် ပြဿနာနှင့် အဟန့်အတားများ ဖြစ်လာနိုင်စွမ်းများကို ဖွဲ့စည်းဖြစ်ပေါ် စေပေသည်။ အကယ်၍ စစ်ဘက်တို့သည် ၄င်းတို့၏ စည်းကမ်းသတ်မှတ်ချက် (boundries ) ကို ဘောင်ကျော် မလုပ်ဆောင်ရန် လိုအပ်ပြီး ၄င်းတို့၏ တာဝန်ရှိမှု နယ်ပယ်စည်းဝိုင်းကို အသေးစိတ်ချပြ ရမည်ဖြစ်ပါက အရပ်ဘက် အစိုးရများကလည်း ထိထိရောက်ရောက်လည်း စွမ်းဆောင်လာနိုင်ကာ တကယ်လည်း စွမ်းဆောင်ရည် ရှိသူများ ဖြစ်ကြောင်း သက်သေပြရပေမည်။ စစ်ဘက်တို့၏ ပြည်တွင်းဆိုင်ရာ တာဝန်များကိုမူ သဘာဝ ဘေးအန္တရယ်မှ ကယ်ဆယ်ရေး စသည်ကဲ့သို့သော လျင်မြန်စွာ တုန့်ပြန် ဆောင်ရွက်ရသော လုပ်ငန်းစီမံချက်များ (quick-response operations) လောက်ကိုသာ ဆောင်ရွက်ရန် ကန့်သတ်ထားသင့်ပေသည်။ ထိုကဲ့သို့ဆောင်ရွက်ရာတွင် စစ်တပ်များသည် ထိုကဲ့ သို့သော အခက်အခဲ အကြပ်အတည်း လျော့နည်းကျဆင်း ရပ်စဲသွားသည်နှင့် ချက်ချင်းပင် စစ်တန်းလျားများသို့ ပြန်သွားသင့်ပေသည်။ စစ်တပ်များ၏ တာဝန်များကို ၄င်းတို့ တိုင်းပြည်၏ မူဖြစ်သော (စစ်ဘက်နှင့် လူမှုစီးပွားရေးဆိုင်ရာ) လုပ်ငန်း နှစ်ဖက်ဆောင်ရွက်မှု ( dual function) မူအရ အင်ဒိုနီးရှား လက်နက်ကိုင်တပ်ဖွဲ့များအတွက် လျာထားသတ်မှတ်ပေးသော ရေရှည်နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းတာဝန် အမျိုးအစားများအား ထည့်သွင်းကာ ကျယ်ပြန့်စွာချဲ့ထွင် ဆောင်ရွက် ခြင်းမျိုးမလုပ်ရပေ။

 

မကြာသေးသော နှစ်ကာလများအတွင်းက စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာအဖွဲ့ Organizations for Economic Cooperation and Development (OECD) ၏ အဓိက အလှုငွေ ထည့်ဝင်သည့် နိုင်ငံများဖြစ်သည့် အမေရိကန် ပြည်ထောင်စု၊ ဂျပန်နှင့် ဂရိတ်ဗြိတိန်တို့က ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် စစ်ဘက်အာဏာပိုင်တို့၏ နိုင်ငံရေး သြဇာ လွှမ်းမိုးမှုအား လျှော့ချရန် ဆိုသည့်အချက်ကို ငွေကြေးအကူအညီကို လက်ခံသော နိုင်ငံများ၏ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်အပေါ် သုံးသပ်ခြင်းအပြင် ကောင်းမွန်သော အစိုးရ (good governance) ဆိုသည်အား ထိုနိုင်ငံများက မည်မျှ ရရှိအောင် ကြိုးပမ်း လုပ်ဆောင်နိုင်သည် ဆိုသည်နှင့် ချိတ်ဆက်ထားခြင်းဖြင့် ထိုအချက်ကို အားပေးရန် ကြိုးပမ်းခဲ့ပေသည်။ ၄င်းသည် ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နှင့် ဖိလစ်ပိုင်ကဲ့သို့သောနိုင်ငံ များတွင် အုပ်ချုပ်နေသော အခွင့်အထူးခံများ၏ ကြွယ်ဝချမ်းသာမှုများကို ကြီးမားစွာ မြှင့်တင်ပေးခဲ့သည့် စစ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့များအား ကြီးမားစွာဖြည့်စွက် ပေးခြင်းဆိုသည့် မည်သည့် အာဏာပိုင် အစိုးရအား ထောက်ခံကူညီခြင်းဆိုသည့် စစ်အေးတိုက်ပွဲမူဝါဒအား ပြောင်း ပြန်ဖြစ်သွားစေခဲ့ပေသည်။ အလှုရှင်နိုင်ငံများသည် အုပ်ချုပ်သော ညွန့်ပေါင်းအဖွဲ့ထဲမှ ဆုတ်ခွသွားခြင်း၊ ကာကွယ်ရေး အသုံးစရိတ် လျှော့ချခြင်း အပါအ၀င်ဖြစ်သော စစ်ဘက်တို့၏ နိုင်ငံရေး အခန်းကဏ္ဍ လျော့နည်း ကျဆင်းသွားသည့် အခြေအနေအပေါ်၌ မူတည်သော တရားဝင် ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အကူအညီများနှင့် ပတ်သက်သည့် တိုးချဲ့ထားသည့် မူဝါဒများကို ပြုလုပ်ခဲ့ပြီးဖြစ်သည်။

 

ထိုကဲ့သို့ ကြိုတင် စည်းကမ်း ကန့်သတ်ချက်များသည် ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်ရေး ဖြစ်စဉ်ကို ဖြတ်သန်းဆောင်ရွက်နေသော ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ် လိုမျိုးနိုင်ငံမျိုးကို သာမက နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးကောင်စီ (State Law and Restoration Council) (SLORC) က ၄င်း၏ မည်သည့် အာဏာကိုမဆို စွန့်လွှတ်ရန် နှမြောလက်တွန့်ေ နသည့် မြန်မာနိုင်ငံလို နိုင်ငံမျိုး တို့ကိုပါ သွားနေသည့် အကူအညီများ အပေါ်၌ သက်ရောက်မှု ရှိလိုက်ပေသည်။ ယင်းသို့အားဖြင့် ထိုအစိုးရများကို ရင်ဆိုင်ဖြစ်ပေါ်စေခဲ့သည့် အသည်းအသန် နက်ရှိုင်းသည့် စီးပွားရေးဆိုင်ရာ အခက်အခဲ ဖြစ်မှုများကြောင့် အထက်တွင် ဖေါ်ပြခဲ့သည့် စစ်ဘက်တို့၏ နိုင်ငံရေး သြဇာလျှော့ချခြင်းနှင့် အကူအညီပေးခြင်း ဆက်စပ်ထားခြင်းသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး ပြုပြင်ပြောင်းလဲမှုများအား အားပေးရာတွင် မကြာခဏပင် အောင်မြင်ခဲ့ပြီးဖြစ်ပေသည်။

Last Updated ( Sunday, 11 September 2011 14:48 )  

နောက်ဆုံးရသတင်းများ