ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ဖိလစ်ပိုင် နှင့်တောင်ကိုးရီးယား အတွေ့အကြုံများ - အပိုင်း (၁)

ပင်မနေရာ မူဝါဒ/ဥပဒေ သုတေသန ဖိလစ်ပိုင် နှင့်တောင်ကိုးရီးယား အတွေ့အကြုံများ - အပိုင်း (၁)

ဖိလစ်ပိုင် နှင့်တောင်ကိုးရီးယား အတွေ့အကြုံများ - အပိုင်း (၁)

Print PDF
User Rating: / 3
PoorBest 

ဘာသာပြန် ဆောင်းပါးရှင် - ကိုကျော်ထင်

 

အယ်ဒီတာအဖွဲ့၏ အကြံပြုတင်ပြချက်၊ စည်းလုံးခြင်းရဲ့ အင်အားဝက်ဆိုက်ဒ်၏ ပင်တိုင်ဆောင်းပါးရှင် ဘာသာပြန်ပေးနေသော ကိုကျော်ထင်၏ ဖိလစ်ပိုင်နှင့် တောင်ကိုးရီးယား အတွေ့အကြုံများ ဖြစ်စဉ်များသည် မြန်မာ နိုင်ငံအဖို့ အတုယူဖွယ်၊ သတိထားဖွယ် ဖြစ်ပေသည်။ ယခုတလော မြန်မာနိုင်ငံ၏ နိုင်ငံရေး ဖြစ်စဉ် တိုးတက်ပြောင်းလဲမှုများ ဒီရေ အလား လျင်မြန်စွာ ဖြစ်ပေါ်နေရာ နိုင်ငံရေး ပါတီများနှင့် လက်ရှိအစိုးရ အဖွဲ့ဝင်များ အနေဖြင့် အာရှတိုက် နိုင်ငံများ၏ လက်တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများပေါ်မှ သင်ခန်းစာများ ဖေါ်ထုတ်လေ့လာ သင့်ပါကြောင်း တိုက်တွန်း လိုက်ရပါသည်။ လက်ရှိအစိုးရ အဖွဲ့ဝင်များသည် စစ်တပ်မှ တက်လာသော ဗိုလ်ချုပ်များ ဖြစ်သော်လည်း နိုင်ငံတကာမှ လက်ညှိးထိုးမှာစိုး၍ ပစ်ပယ်မထားဘဲ လက်ရှိ တာဝန် ထမ်းဆောင်နေသော စစ်တပ်အရာရှိများအား သဘောပေါက်နားလည်အောင် ရှင်းပြသကဲ့သို့ သက်သာ ချောင်ချိရေးကိုလည်း စစ်တပ်အခေါ် စကေး အပြည့် ထိုက်ထိုက်တန်တန် ခံစားခွင့် ရရှိရေး စောင့်ရှောက် သင့်ပါသည်။ ယနေ့ လူထုခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး ပါတီ ခေါင်းဆောင်များသည် အစိုးရ အဖွဲ့ထိပ်ပိုင်း ဗိုလ်ချုပ်ဟောင်းများကို ယုံကြည်မှု တည်ဆောက်နေသည်ဟု ပြောနေသကဲ့သို့ စစ်တပ်အတွင်း တာဝန် ထမ်းဆောင်နေသော အရာရှိ အရာခံအကြပ်စစ်သည်များကိုလည်း ညီအစ်ကိုမောင်နှမ မိသားစုများသဖွယ် ပြည်သူများရဲ့ သားသမီးများဟု အားပေးနှစ်သိမ့် သင့်ပါကြောင်း တိုက်တွန်းလိုက်ရပါသည်။ ဘာသာပြန် ကိုကျော်ထင်အား မေတ္တာရပ်ခံတောင်းပန် လိုသည်မှာ ဘာသာပြန်သူ၏ မူရင်း အဓိပ္ပါယ် မပျောက်ပျက်စေဘဲ မြန်မာနိုင်ငံ၏ သဘာဝ၊ နိုင်ငံရေး အရ ဖြစ်ပေါ်ပြောင်းလဲမှုနှင့် ကိုက်ညီစေမည့် အခြေခံလူတန်းစားများ နားလည်လွယ်မည့် စကားလုံးဝေါဟာရများကို ချောမော စေရေးအတွက် စာပိုဒ်စာကြောင်းများအား အနည်းငယ်ပြင်ဆင်ထားသည်ကို ခွင့်လွှတ် ပေးစေလိုပါသည်။

 

ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်ကို ဖြတ်သန်းနေကြသော နိုင်ငံ ခေါင်းဆောင်များသည် မကြာခဏဆိုသလိုပင် စစ်တပ်တို့၏ အခန်းကဏ္ဍကို တိုက်ရိုက် အကျိုး သက်ရောက်စေသော မူဝါဒများကို ပြဌာန်း ကြေငြာလေ့ ရှိကြသည်။ ခက်ခဲသော အသွင်ကူးပြောင်းရေး ကာလ အတောအတွင်း စစ်တပ်တို့၏ အာဏာနှင့် သြဇာ လွှမ်းမိုးမှုများကို အလျင်စလို ဖြတ်တောက် ချုံ့ချ ပစ်ရန် ကြိုးပမ်းသော သဘောထား တင်းမာသော အားထုတ်ကြိုးပမ်းမှုများသည် တန်ပြန် ဆန့်ကျင်မှုများကို ဖြစ်ပေါ်စေနိုင်ပြီး ဒီမိုကရေစီ တိုးတက်မှုများနှင့် ရှေ့ရှုမှုများကိုလည်း ပြောင်းပြန် ဖြစ်သွား စေနိုင်ပေသည်။

ဖိလစ်ပိုင် နိုင်ငံ သမ္မတဟောင်း Maria Corazon Sumulong Cojuangco Aquino
(25 January 1933-1 August 2009)

ထိုသို့သော ကြိုးပမ်းလုပ်ဆောင်မှုများသည် စစ်တပ်အား အခွင့်ရေးများ လက်လွှတ်ဆုံးရှုံးနေပြီး မူလက ဘဝင်မကျ ဖြစ်နေရာမှ ရန်မူသလို ဖြစ်သွား စေနိုင်ပါသည်။ ယင်းသို့ ဖြစ်သွားမှုက စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များအား နိုင်ငံရေးတွင် ၀င်ရောက် စွက်ဖက် လာစေရန် လှုံ့ဆော်ပေးလိုက်သလိုလည်း ဖြစ်သွားစေနိုင်ပေသည်။

 

ထိုသို့သော အစိုးရ၏ လုပ်ဆောင်မှုများတွင် စစ်ဘက် (ကာကွယ်ရေး) ဘတ်ဂျက်အား သိသိသာသာ အပြင်းအထန် လျှော့ချ ဖြတ်တောက်ခြင်း၊ နယ်ဘက် ဝန်ကြီးဌာန၊ ဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ်နှင့် ညွန်ကြားရေးမှူးများကဲ့သို့ ရာထူးနေရာများမှ စစ်တပ် ခေါင်းဆောင်များအား ဖယ်ရှားပစ်ခြင်း၊ နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သော စစ်တပ်အရာရှိကြီးများအား အတင်း အဓမ္မ တာဝန်မှ အနားယူစေခြင်း၊ စစ်တပ်တို့၏ ကိုယ်ပိုင် အုပ်ချုပ်ရေး ဘောင်များအတွင်းမှ စီးပွားရေး လုပ်ငန်းများအား ကန့်သတ်မှုများ ပြုလုပ်ခြင်းနှင့် စစ်တပ်အရာရှိများ ကျူးလွန် ပတ်သက်ခဲ့သော လူ့အခွင့်အရေး ချိုးဖေါက်မှုများနှင့် လူမျိုးတုံး၊ သတ်ဖြတ်သည့် စစ်ရာဇ၀တ်မှုများအား တရားရုံးတင် စစ်ဆေးရန် ပြုလုပ်ခြင်း စသည်တို့ ပါဝင်ပေသည်။

 

ထို့အပြင် အစိုးရ အဖွဲ့အတွင်း၌ ဒီမိုကရေစီအရ အရပ်ဖက်ဆန်သော ဖွဲ့စည်းပုံ ပင်စင် တိုးချဲ့ရမည်ဖြစ်ရာ စစ်တပ်အရာရှိတို့အား လက်မခံ မနှစ်သက်သော အရပ်သား အစိုးရ ၀န်ထမ်း အရာရှိများကို လိုအပ်သည်ထက် ပိုမို၍ များပြားလာပါက စိုးရိမ်ဖွယ်ရာ ဖြစ်စဉ်များ ကြုံတွေ့နိုင်ပါသည်။ ထိုအရပ်သားအစိုးရ ဝန်ထမ်း အရာရှိများသည် စစ်တပ်အရာရှိတို့၏ လုပ်ငန်းဆောင်တာများ (သောင်းကျန်းမှု ဆန့်ကျင် တိုက်ဖျက်ရေး) ကို၊ ဆောင်ရွက်မည့် စစ်တပ်တို့၏ စွမ်းရည်များကို  သေးသိမ် လျော့နည်းစေမည့် နားလည်သိမြင်နိုင်သည့် မူဝါဒများ ချမှတ် လာမှုများဖြစ်ပေါ်လာနိုင်ပါသည်။ ထိုဖြစ်စဉ်များကလည်း စစ်တပ် အရာရှိများအတွင်း အစိုးရအပေါ်၌ မကျေနပ်မှုများကို အားကောင်း ဖြစ်ပေါ်လာစေပေသည်။

 

ဖိလစ်ပိုင်နိုင်ငံနှင့် တောင်ကိုးရီးယားနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်း အတွေ့အကြုံ အဖြစ်အပျက်များသည် ထိုကဲ့သို့သော ဖြစ်စဉ်နှင့် စဉ်းစားချက်အတွက် သင်ခန်းစာရယူနိုင်ရန် လမ်းညွှန် အဖြစ်အပျက်များပင် ဖြစ်ပေသည်။ ဖိလစ်ပိုင်တွင် ကိုရာဇန် အကွီနို (Corazon Aquino) နိုင်ငံ၏ အာဏာကို မရရှိသေးခင်က သူမ၏ ခင်ပွန်းသည်ဖြစ်သူ ဆီးနိတ် လွှတ်တော်အမတ် ဘန်နီနို အာကွီနိုဂျူနီယာ (Senator Benigno Aquino Jr.) အား စစ်တပ်၏ အကျဉ်းချထားမှုနှင့် နောက်ဆက်တွဲ ဖြစ်ပေါ်သော စစ်တပ်၏ ထိန်းသိမ်း ထားမှုအတွင်း ၄င်းသတ်ဖြတ် ခံရခြင်းတို့ကို တွေ့ကြုံ ခဲ့ရပေသည်။

General Ramos Philippines

ထို့အပြင် လက်နက်ကိုင် တပ်ဖွဲ့များသည် မာ့ကို့စ် (Marcos) အစိုးရအား ဆန့်ကျင်သော ပြည်သူ့ဆန္ဒပြပွဲများအတွင်း အတားအဆီး အပိတ်အဆို့များ၏ တခြားတဖက်တွင် ရပ်တည် ခဲ့ကြပေသည်။  ထိုအတွေ့အကြုံက စစ်တပ်နှင့် ပတ်သက်၍ သူမ၏အမြင်ကို အမှတ်အသား ပြုခဲ့ပြီး မာ့ကိုစ် ဆန့်ကျင်သည့် တက်ကြွ လှုပ်ရှားသူများ ဖြစ်ခဲ့ကြသည့် သူမ၏ ကက်ဘိနက်အတွင်းမှ တခြားသော အဖွဲ့ဝင်များကိုလည်း အမှတ်အသား ပြုခဲ့ကြပေသည်။ စစ်တပ်အရာရှိကြီးတို့ကလည်း သမ္မတ အာကွီနိုနှင့် သူမ၏ ကက်ဘိနက်အဖွဲ့ဝင်များကို သံသယဖြင့် ရှုမြင်ခဲ့ ကြပြီး အထူးသဖြင့် ထိုကက်ဘိနက် အဖွဲ့ဝင်များကို စစ်တပ်အရာရှိကြီးတို့က  လက်ဝဲဘက်ကို မှီသူ (left-leaning) များအဖြစ် ရှုမြင်ခဲ့ကြပေသည်။

 

ထိုကဲ့သို့သော အပြန်အလှန် ယုံကြည်မှု လျော့နည်းမှုက ချက်ချင်းဖြစ်သော အာဏာရှင် ကာလလွန် ကာလအတွင်းက စစ်တပ့်၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ဖြေရှင်း ဆောင်ရွက်ခြင်းများအား ပို၍ ခက်ခဲ သွားစေပေသည်။

 

မာ့ကို့စ်ဖြုတ်ချသည့် ဖြစ်စဉ် အထွတ်အထိပ် အခြေအနေ ရောက်နေချိန်တွင် အဓိက အခန်းကဏ္ဍမှ ပါဝင်လှုပ်ရှား ခဲ့ကြသော စစ်တပ်အတွင်းမှ ပြုပြင် ပြောင်းလဲသူများနှင့် ၄င်းတို့နှင့် အဆင့်တူ ဆောင်ရွက်သော အရပ်ဘက် နိုင်ငံရေး ခေါင်းဆောင်များတောင်မှ အာကွီနို အုပ်ချုပ်ရေး၏ အတွင်းပိုင်း အာဏာ စက်ဝန်း နယ်ပယ်မှ တရားမမျှတစွာ ဖယ်ထုတ်ထား ခံရသလိုမျိုး ခံစားရပေသည်။ သူမ၏ အုပ်ချုပ်မှု သက်တမ်း ကာလအတွင်း ကွန်မြူနစ် သောင်းကျန်းမှု ဆက်လက် သက်ဆိုးရှည်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖေါက်သော စစ်တပ်တို့အား အစိုးရ၏ တရားစွဲဆိုရေး အရေးယူ ဆောင်ရွက်ချက်များက စစ်တပ်၏ မကျေနပ်မှုများ မီးလောင်ရာ လေပင့်ပေးခဲ့ပေသည်။

 

အပိုင်း (၂) ကို ဆက်လက်ဖော်ပြသွားပါမည်...

Last Updated ( Sunday, 01 January 2012 14:49 )  

နောက်ဆုံးရသတင်းများ