တီယက်နမ်မင်ရင်ပြင်အရေးအခင်းဖြစ်ခဲ့တဲ့ ၁၉၈၉ ဇွန်လ ၂ ရက်မှ လူထုကြီးကိုတွေ့ရပုံ
ဘာသာပြန် ဆောင်းပါးရှင် - ကိုကျော်ထင် ( အပိုင်း (၂) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်...)
ယခင်အပိုင်းတွင် ဆွေးနွေး တင်ပြခဲ့သည့်အတိုင်း လျင်မြန်သော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက အာရှနိုင်ငံ အတော်များများတွင် နိုင်ငံရေးအရ လွတ်လပ်အောင် ပြုလုပ်ခြင်းနှင့် ဒီမိုကရေစီ ဖြစ်ပေါ် တိုးတက်အောင် ပြုလုပ်ခြင်း ဖြစ်စဉ်များကို လွယ်ကူစေခဲ့ပြီး အမျိုးမျိုးသော အာရှ ဒေသမှ ဒီမိုကရေစီရေး လှုပ်ရှားမှုများ ဖြစ်ပွားလာစေရန်လည်း အထောက်အကူ ဖြစ်စေ ခဲ့ပေသည်။ သို့သော်ငြားလည်း တချိန်တည်း၌ပင် အာဏာရှင် အုပ်ချုပ်ရေးအောက်မှ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများသည် ထိုအာဏာရှင် အစိုးရများ၏ အစောင့်များအဖြစ် အမှုထမ်းခဲ့ကြသော ထိုင်း၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်နှင့် အခြားနေရာများမှ စစ်ဘက်အကြီးတန်း အရာရှိ အခွင့်ထူးခံများသည် တိုးချဲ့လာနေသော စီးပွားရေးစက်ဝန်းမှ ၄င်းတို့ ရသင့်သော အစုရှယ်ယာများထက်ပင် ပို၍ စုပ်ယူရရှိခဲ့ကြသည်။ ထိုလူ့အဖွဲ့အစည်းများ၏ အာဏာအရင်းအမြစ် အမာခံ နေရာများတွင် ထိုင်နေခဲ့ကြသော ထိုစစ်ဘက် အခွင့်ထူးခံများသည် စာချုပ်များ၊ သြဇာအာဏာသုံး၍ ကိုယ်လိုသည့်အရာများ ပြောဆိုပြုလုပ်ခြင်း၊ သတ္တုတွင်းလုပ်ငန်းများနှင့် သစ်တောလုပ်ငန်းများ၊ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများကို ထိန်းချုပ်ခြင်း စသည်တို့ဖြင့် အကျိုးအမြတ်များ ရရှိအောင် စွမ်းဆောင်နိုင် ခဲ့ကြပေသည်။
၎င်းတို့အာဏာ ဆက်လက် ရှင်သန်မှုအတွက် စစ်ဘက်တို့၏ ထောက်ခံပံ့ပိုးမှုကို အမှီအခို ပြုနေရသော နိုင်ငံရေးခေါင်းဆောင်များ၏ ငွေရေးကြေးရေး ထောက်ပံ့မှုများအပေါ် ထိုစစ်ဘက် အခွင့်ထူးခံ ခေါင်းဆောင်များသည် ယုံကြည်အားထား ပြုနိုင်ခဲ့ကြပေသည်။ စီးပွားရေးအရ ကောင်းစွာ ဖွံ့ဖြိုးတိုးတက် ကြွယ်ဝလာခြင်း မရှိသော နိုင်ငံများတွင်တောင်မှ စစ်ဘက်တို့သည် တိုင်းပြည်၏ ဓနဥစ္စာများအထဲမှ အတော်အတန် ကြီးမားသော ရှယ်ယာဝေစုများကို အချိန်ကြာလာသည်နှင့်အမျှ ပို၍ ပို၍ စုပုံ ရရှိလာကြပေသည်။
ဥစ္စာဓန နေရာသို့ စစ်ဘက်တို့မှ ချဉ်းကပ်ရောက်ရှိနိုင်မှုသည် အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးအား တိုက်ရိုက်ပင် သက်ရောက်ပေသည်။ အရပ်သားများ၏ စစ်ဘက် အသုံးစရိတ်အား ဖြတ်တောက်ရန် ကြိုးပမ်းမှု စစ်ဘက်တို့ ၀င်ငွေများ၏ အပြင်ဘက်က အရင်းအမြစ်များအား ကန့်သတ်ရန် ကြိုးပမ်းမှု စသည်တို့အား စစ်ဘက်အရာရှိများသည် ခုခံကြလေ့ရှိပေသည်။ အကယ်၍ အထက်ပါ အရပ်ဘက်တို့၏ ကြိုးပမ်းမှုများသည် စစ်ဘက် တို့၏ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားများအား ခြိမ်းခြောက်လာသည်ဟု စစ်ဘက်အရာရှိများမှ ခံစားလာပါက ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်အား ပြောင်းပြန် ပြန်လည်သွားအောင် စစ်ဘက်တို့မှ ကြိုးပမ်းသည်အထိ ဖြစ်လာနိုင်ပေသည်။
အကယ်၍ စစ်ဘက်အသုံးစရိတ် ဘတ်ဂျက်သည် လက်ခံနိုင်လောက်သော အဆင့် အနေအထားတွင် ဆက်လက် ထိန်းသိမ်းထားနိုင်၍ စစ်ဘက် အခွင့်ထူးခံများက စီးပွားရေး စက်ဝိုင်းမှ သူတို့၏ ဝေစုခွဲတမ်းအား ဆက်လက် ရရှိနိုင်သည်ဟု စစ်ဘက်တို့မှ သေချာစွာ သိမြင် ခံစားလာပါက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနှင့် ခိုင်မာအောင် ပြုလုပ်ရေး ဖြစ်စဉ်သည် ရှေ့သို့ ဖြစ်ပေါ် တိုးတက်သွားနိုင်ဖွယ် ပိုရှိပေသည်။ အများပြည်သူ ထောက်ခံမှု ရှိသော ဒီမိုကရေစီအရေး လှုပ်ရှားမှုများသည် စစ်ဘက်တို့က တွက်ချက် စဉ်းစားမည့် အင်အားတရပ် ဖြစ်လာနိုင်ပေသည်။ သို့သော်ငြားလည်း ထိုလှုပ်ရှားမှုများသည် ၄င်းတို့၏ အရေအတွက် အင်အားကို မတိုးမြှင့်ဘူး ဆိုပါက ၄င်းတို့၏ လှုပ်ရှားမှု နယ်ပယ်အား ပိုမို မကျယ်ပြန့်အောင် မပြုလုပ်ဘူး ဆိုပါက ၄င်း စစ်ဘက်တို့သည် အထီးကျန်နေခြင်း သို့မဟုတ် သတ်သတ်မှတ်မှတ် ရည်ရွယ်ပြုလုပ်သော ဖိနှိပ်မှုတို့လောက်ကိုသာ ထိရောက်စွာ ပြုလုပ်ခြင်း အားဖြင့် ၄င်းတို့ကိုယ်၎င်းတို့ ကြားနေသူများ ဖြစ်လာအောင် ကြိုးပမ်းလာနိုင်ပေသည်။
တီယက်နမ်မင်ရင်ပြင် (Tiananmen Square) အရေးအခင်းသည် ဤစဉ်းစားချက် ရှုထောင့်မှ ကြည့်လျှင် အားကောင်းသော သင်ခန်းစာတစ်ခု ဖြစ်ပေသည်။ တီယက်နမ်ရင်ပြင် အရေးအခင်း နိုးထမှုအား ပြုလုပ်ခဲ့သည့် ထိရောက်သော နိုင်ငံရေးဖိနှိပ်မှုက တရုတ်ဒီမိုကရေစီ လှုပ်ရှားမှုအား ကြီးကြီးမားမားပင် အင်အား ချိနဲ့စေခဲ့ပေသည်။ ထိုင်းနိုင်ငံ စစ်အစိုးရအား ဖြုတ်ချခဲ့သည် ၁၉၉၂ မေလတွင် ဖြစ်ပွားခဲ့သည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုနောက်တွင် ဆက်လက် ဖြစ်ပွားလာခဲ့သော ထိုင်းနိုင်ငံရေးတွင် စစ်ဘက်တို့ပါဝင်မှု အခန်းကဏ္ဍအား ထင်ထင်ရှားရှားလျှော့ချမှုများ ဖြစ်ပေါ်ခဲ့သော်ငြားလည်း ထိုင်းနိုင်ငံတွင် ထိုင်းအလယ် အလတ်တန်းစားများသည် ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေး ဖြစ်စဉ်ကို ရှေ့သို့တိုးတက်အောင် ပြုလုပ်ပေးနိုင်သော စုစည်းညီညွတ်သည့် အင်အားစုအဖြစ် ဆက်လက် တည်ရှိနေ သေးသလား ဆိုသည်မှာ အဖြေများစွာ ရှိနိုင်သည့် ပွင့်လင်းနေသော မေးခွန်းတစ်ခု (open question) အဖြစ် ဆက်လက် တည်ရှိနေပေသည်။
| < Prev | Next > |
|---|

