မြောက်ကိုးရီးယားတွေနဲ့  ဒုံးကျည်ထုတ်လုပ်နေတဲ့ ကပစ (၁၀) - အပိုင်း (၁)
ဦးမြင့်စိုး။ ။ ကျနော်က ကိုယ်ပိုင်နံပါတ် - ၇၉၈၇၁၆၊ တပ်ကြပ်ကြီး စာရေး မြင့်စိုးပါ။ ၁၉၉၁ ခုနှစ်မှာ ကျနော် စလေမြို့မှာရှိတဲ့ ကပစ (၉) (ကာကွယ်ရေး ပစ္စည်းစက်ရုံ - အမှတ် ၉) မှာ ၀င်ရောက်ပြီးတော့မှ အမှုထမ်းခဲ့တယ်၊ သင်တန်း တက်တယ်။ အဲဒီတုန်းက ကပစ (၉) က နှစ်ဌာန ရှိတယ်။ ရှေ့တန်းရုံး ဆိုပြီးတော့မှ ကပစ (၁) ရန်ကုန် မှာဘဲ အဲဒီ အင်းလျားလိပ် ဟော်တယ် ဘေးနားမှာ တစ်ခုဖွင့်တယ်။ ကျနော်က သင်တန်း ဆင်းပြီးတော့ အဲဒီမှာ တာဝန်ထမ်းဆောင် နေရတယ်။ (၉) မီလီမီတာ ပစ္စတို ကျည်ဆံ ထုတ်တဲ့ စက်ရုံမှာ ကျနော် တာဝန်ကျ ပါတယ်။ အဲဒီကနေ ကျနော် တစ်နှစ်လောက် ထုတ်လုပ်ရေး တာဝန်ကို ထမ်းဆောင်ပြီး တဲ့အခါကျတော့ ကျနော် တပ်ကြပ်ကြီး စာရေး သင်တန်း ပြင်ဦးလွင် အနီးစခန်း အပတ်စဉ် (၉၃) မှာ ကျနော် တက်ရောက်ပါတယ်။ (၁၉၉၃) ခုနှစ် (၈) လပိုင်းလောက်မှာ ကျနော်ပြန်ပြီးတော့ သင်တန်းဆင်းလာ ပါတယ်။ တပ်ကြပ်ကြီး စာရေးနဲ့ ကျနော် ကပစ (၁၀)၊ စက်ရုံသစ် တည်ဆောက်မယ့် စီမံကိန်းကို ကျနော် တာဝန်ကျခဲ့ပါတယ်။ အဲဒီ စက်ရုံမှာ တာဝန်ကျတော့ ကျနော်တို့ တပ်ကြပ်ကြီး စာရေး သုံးယောက်ရယ်၊ နောက်….
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ကပစ (၁၀) စက်ရုံအသစ်က ဘယ်မှာပါလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ကပစ (၁၀) က အထက်မင်းလှမြို့နယ်၊ ကုန်းကြီးကျေးရွာမြောက်ဖက်မှာ တည်ရှိပါတယ်။
ဦးရော်နီညိမ်း။ ။ ဘယ်တိုင်းထဲကလဲ ခင်ဗျ။ အရပ်ဘက်တိုင်း ဘယ်တိုင်းထဲကလဲ။ စစ်တိုင်း ဘယ်တိုင်းထဲကလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ အရပ်ဘက်တိုင်းကတော့ မကွေးတိုင်းထဲမှာပါ။ မကွေးတိုင်း အထက် မင်းလှမြို့နယ်ထဲမှာပါ။ စစ်တိုင်းအနေနဲ့ကတော့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်။
ဦးရော်နီညိမ်း။ ။ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ဆိုတော့ ကျနော်တို့ မန္တလေး လက်အောက်ခံပေါ့။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့ မန္တလေး လက်အောက်ခံ။ အဲဒီမှာ ကျနော်က ရုံးအုပ်။ ခေတ္တရုံးအုပ်နဲ့ ကျနော်တာဝန်ကျ ခဲ့ပါတယ်။ အဲဒီ ကပစ (၁၀) ရဲ့ အဓိကစီမံကိန်းက Rocket ဒုံးကျည်များထုတ်ဖို့ဆိုပြီး ဖွဲ့စည်းပေးလိုက်တာ ဗိုလ်မှူးကြီး တစ်ယောက်ရယ်၊ ဗိုလ်မှူးတစ်ယောက်၊ နောက် ရေး/ထောက် အရာရှိတစ်ယောက်၊ ကျန်တဲ့ဟာတွေကတော့၊ စစ်သည် (၄၅) ယောက်နဲ့ ရုံးအဖွဲ့ကတော့ (၇) ယောက်နဲ့၊ ကျနော်တို့ စတင်ဖွဲ့စည်းခဲ့တယ်။ စတင် အကောင် အထည်ဖေါ်ဖို့ဆိုပြီးတော့မှ ပထမဦးဆုံး မြေသိမ်းလုပ်ငန်းကို ကျနော်တို့ လုပ်တယ်။ အဲဒါ လုပ်တဲ့အချိန်မှာ မြေသိမ်း လုပ်ငန်းအတွက် ကျနော်တို့ ကပစ (၂) မှာ တွဲပြီးတော့မှ အဲဒီ တောတိုးပြီးတော့မှ မြေသိမ်းလုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့တယ်။ (၁၉၉၃) ခုနှစ်မှာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး။ ကပစ (၂) က၊ ဘယ်မှာရှိပါသလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာမှာပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီ ကပစ (၂) နဲ့ အတူတွဲပြီး မြေသိမ်းလုပ်ငန်းတွေ လုပ်တယ်ဆိုတာက ကျနော်တို့ ဒီကျေးရွာ ပြည်သူလူထုတွေ ပိုင်တဲ့မြေတွေကို သိမ်းတာလား ခင်ဗျ။ လယ်မြေ၊ ယာမြေတွေကို။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ ဟုတ်ကဲ့။ ကုန်ကြီးကျေးရွာက ရွာသားတွေပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေတွေကို ကျနော်တို့က ၀င်ရောက်သိမ်းဆည်းရတာ ဖြစ်ပါတယ်။ အဲဒါကတော့ ကျနော်တို့ ကာကွယ်ရေးဦးစီးချုပ်ရဲ့အမိန့်နဲ့ ကျနော်တို့ သိမ်းတယ်။ အဲဒီလို သိမ်းပြီးတဲ့အချိန်မှာ ကျနော်တို့ ကျေးရွာက အဖွဲ့အစည်းတွေကို အတင်းအဓမ္မ လက်မှတ်ထိုး ခိုင်းတာတို့ ဘာတို့ ကျနော်တို့ လုပ်ရပါတယ်။ အဲဒါကတော့ အဆင့်ဆင့်ပေါ့လေ။ ဒီ ကာကွယ်ရေးဦးစီးချုပ်ကနေ သိမ်းခိုင်းတဲ့ အမိန့်ကြော်ငြာစာတွေကိုပြပြီးတော့မှ ဒီ မ၀တ၊ ခ၀တ၊ တ၀တ အထိအောင် ကျနော်တို့က သူတို့ကို လက်မှတ်ထိုးခိုင်းတာတို့ ဘာတို့ ကျနော်တို့လုပ်ပြီးတော့မှ အဲဒီဟာကို မြို့နယ်အဆင့်ကနေ တိုင်းအဆင့်၊ တိုင်းအဆင့်ကနေ ပြည်ထဲရေးဝန်ကြီးဆီ ရောက်သည်ထိတိုင်အောင် ကျနော်တို့ ဆင့်ကဲ ဆင့်ကဲ တင်ပြီးတော့မှ ပြည်ထဲရေးဝန်ကြီး ဌာနကနေ ကျနော်တို့ အမိန့်စာတွေ ကျလာတယ်။ အဲဒီက။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ကျေးရွာပေါင်း ဘယ်နှစ်ရွာက မြေတွေကို သိမ်းပြီးတော့ ဧကပေါင်း အကြမ်းဖျဉ်း ဘယ်လောက်လောက်ရှိပါသလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ ကျေးရွာက သုံးရွာရှိတယ်။ ကုန်းကြီးကျေးရွာရယ်၊ နောက်ပြီးတော့ မယ်ဇလီတော၊ ဒီဘက်က သံပုရာကန်ကလည်း သူက ရွာတော့ မဟုတ်ဘူးပေါ့လေ။ ကျနော်တို့က သံပုရာကန်စက်ရုံနဲ့လည်း နီးတဲ့အတွက် သံပုရာကန်စက်ရုံထဲမှာ တောင်သူလုပ်နေတဲ့ လူတွေလည်းရှိတယ်။ အဲဒီအထဲက မြေကိုသိမ်းတဲ့အတွက် ကျေးရွာ သုံးရွာလို့ ပြောလို့ရပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ သံပုရာကန်ဆိုတာ ကျနော်တို့ ရေနံချက်စက်ရုံရှိတဲ့ ဧရာဝတီမြစ် တစ်ဘက်ကမ်းမှာရှိတဲ့ မင်းဘူး မန်းရေနံမြေက သံပုရာကန် ရေနံချက်စက်ရုံလား ခင်ဗျ။
ဦးမြင့်စိုး။ ။ အနောက်ဘက်ကမ်းမှာ။ ဟုတ်ကဲ့၊ ရေနံချက်စက်ရုံ။ ဟုတ်ကဲ့၊ အဲဒီမြေဧရိယာကို သိမ်းစဉ်အခါတုန်းကလည်း ကျနော်တို့က ဒီနေရာဟာ underground နဲ့ လုပ်လို့ရမယ့် မြေပြင်လက္ခဏာကို ကျနော်တို့ ဆင်းပြီးတော့မှ ကျနော်တို့ ကိုယ်တိုင် မြေနေရာတွေ သတ်မှတ်ပြီးတော့မှ ကျနော်တို့ အဲဒီမှာ ရွေးချယ်ပြီး အဲဒီမှာ… ဟုတ်ကဲ့။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး။ ကျနော်တစ်ခုလေး ဖြတ်ပြီး မေးပါရစေ။ အဲဒီတော့ ဆရာကြီးတို့ အဲဒီနေရာကို သိမ်းတုန်းက ဒီဒေသခံ ကျေးရွာလူထုတွေကို မြေအစား ပြန်ပေးတာတို့ သို့မဟုတ် လျော်ကြေးငွေ ပေးတာတို့ လုပ်ပေးခဲ့ပါသလား။
ဦးမြင့်စိုး။ ။ မလုပ်ပေးခဲ့ဘူး၊ မလုပ်ပေးနိုင်ပါဘူးခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ လုပ်ပေးတယ်လို့ ပြောရရင်တော့ ဥပဒေအရ ပေးတာကတော့ အဲဒီတုန်းက ကျနော်တို့ (၁၉၅၉) ခုနှစ် အက်ဥပဒေအရ လန (၃၉) (လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ခြင်း ဥပဒေပုဒ်မ - ၃၉) နဲ့ ပတ်သက်တဲ့ မြေလျော်ကြေးသည် (၁) ဧကကို (၂) ကျပ်ပဲ ရှိပါတယ် ခင်ဗျ။ ဒါကလည်း မြေအမျိုးစားပေါ်မူတည်ပြီးတော့မှ (၂) ကျပ်နဲ့ (၁) ကျပ်ခွဲ အဲဒီအဆင့်နဲ့ပဲ ကျနော်တို့ လျော်ပေးတဲ့ အချိန်ကျတော့ တောင်သူလယ်သမားတွေကလည်း လက်မခံပေမယ့် အာဏာရှင်ရဲ့အောက်မှာ ရောက်နေတဲ့အတွက် သူတို့တွေ အားလုံးဟာ သူတို့ လက်မှိုင်ချပြီးတော့မှ အားလုံး လက်မှတ်ထိုးပေးရပါတယ်။
တစ်ခါတစ်လေကျတော့ ရွာသားတွေက လာမထိုးဘူး။ လာမထိုးရင် ကျနော်တို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရွာသားတွေရဲ့ နံမည်ကို လက်မှတ်အတုထိုးပြီးတော့မှ ကျနော်တို့ တိုင်း၊ တပ်မတွေ အကုန်လုံး ကျနော်တို့ တင်ပြပြီးတော့မှ ဆောင်ရွက်တာတွေ ကျနော်တို့ အဲဒါတွေ လုပ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ဗိုလ်မှူးချုပ်ခင်မောင်ဝင်းက ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးရုံး၊ ညွှန်ကြားရေးမှူး။ သူက အဲဒီက သိမ်းတဲ့ တောင်သူလယ်သမား တွေရဲ့ နစ်နာကြေးဆိုပြီးတော့မှ သူတို့က ဘာလုပ်ပေးလဲဆိုရင် ကျနော်တို့အထဲမှာ ယာယီဝန်ထမ်း ဆိုပြီး ခန့်ပေး တာလေးရှိတယ်။ သူတို့ရဲ့သားသမီးတွေကို။ ဒါပေမယ့် အမျိုးသား မပါဘူး။ အမျိုးသမီးပဲ ပါပါတယ်။ ဒီလုပ်ငန်းနဲ့ ပတ်သက်လို့ တပ်မှူးအနေနဲ့ ဗိုလ်မှူးကြီးထွန်းဝင်းပေါ့။ အခုတော့ တပ်မတော်အင်ဂျင်နီယာတက္ကသိုလ်မှာ နည်းပြချုပ်နဲ့ လက်ရှိ တာဝန်ထမ်းဆောင်နေတယ်။ အဲဒါသူက Rocket နဲ့ ပတ်သက်ပြီးတော့ သုတေသနလုပ်ငန်းတွေ နောက်ပြီးတော့ နိုင်ငံခြားပြည်ပမှာ ပညာသင်တွေလွှတ်ပြီးတော့မှ အဲဒီကနေ စီမံချက်တွေ ထုတ်ပါတယ်။ အဲဒီ စီမံချက်စာအုပ်ကလည်း ကျနော်တို့ရုံးအဖွဲ့ကဘဲ အင်္ဂလိပ်လိုရော မြန်မာလိုပါ ရိုက်ပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို (၁၉၉၄) ခုနှစ်မှာ တင်ပြတယ်။ အဲဒီစီမံကိန်းဟာ မြေပြင်ကနေပြီး ဝေဟင်၊ မြေပြင်ကနေပြီး မြေပြင်ကိုလည်း ပစ်လို့ရတယ်။ ဝေဟင်ကနေပြီး ဝေဟင်ကို ပစ်မယ်ဆိုပြီးတော့မှ ဒုံကျည်းများထုတ်လုပ်ဖို့ စီမံကိန်းကို ရေးဆွဲ အကောင်အထည် ဖေါ်လိုက်တယ်။ ဒါပေမယ့် အဲဒီလို စီမံချက်ရေးဆွဲနေတဲ့ အချိန်မှာဘဲ စာအုပ်တော့ ပြီးသွားပြီပေါ့လေ။ ဒါပေမယ့် စက်ပိုင်းဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာပစ္စည်း အထောက်အကူပစ္စည်းက ဘာတစ်ခုမှ မရောက်သေးဘူး။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး ဟုတ်ကဲ့။ ဆရာကြီးတို့ ခုဏကပြောတဲ့ Rocket ဒုံးကျည် စီမံကိန်းဆိုတာဟာ ပုခုံးထမ်းပစ်လို့ရတဲ့ Rocket Launcher မဟုတ်ဘူးပေါ့။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ ဒုံးကျည် အကြီးစားတွေဘဲ ခင်ဗျ။ အဲဒီအချိန်အတောအတွင်းမှာ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံးက ဒီစက်ရုံ ဆောက်မယ့်ပစ္စည်းတွေအတွက် ပထမ တောင်ကိုးရီးယား၊ ရုရှ၊ တရုတ် အဲဒီ သုံးနိုင်ငံကို ဆက်သွယ်တော့ ကျနော်တို့ လိုချင်တဲ့ Rocket အမျိုးအစားမျိုးနဲ့ပတ်သက်တဲ့ ပစ္စည်းတွေကို မရဘူး။ အဲဒီ နိုင်ငံ သုံးနိုင်ငံက မရတဲ့အတွက် နောက်ပိုင်းကျတော့ ဘယ်ကနေ ဆက်သွယ်လာလဲဆိုတော့ မြောက်ကိုးရီး ယားနဲ့၊ အဲဒီနိုင်ငံကိုက ကျနော်တို့က အရံအနေနဲ့ ဆက်သွယ်ဖို့တော့ ကာကွယ်ရေးဦးစီးချုပ်က စဉ်းစားထားတာတော့ရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက မြောက်ကိုးရီးယားနဲ့ ဆက်သွယ်လို့မရသေးဘူး၊ အဲဒီအချိန်မှာ အဲဒါနဲ့ တောင်ကိုးရီးယားရယ်၊ ကျနော်တို့  တရုတ်ရယ်၊ ရုရှရယ် အစရှိတဲ့ နိုင်ငံတွေက ရနိုင်သရွေ့  ဆက်စပ်ပစ္စည်းတွေကို ၀ယ်ပြီးတော့မှ ကျနော်တို့ စက်ရုံတည်ဆောက်လာတယ်။ အဲဒါဆောက်တာ (၁၉၉၄/၉၅) နှောင်းပိုင်းကနေ စပြီးတော့မှ စက်ရုံတွေ ကြီးကြီးမားမားတွေ ဆောက်လာတယ်။ အဲဒီ ကျနော်တို့ သိမ်းထားတဲ့မြေဧရိယာထဲမှာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ခုဏတုန်းက ဒီ ရုရှတို့ တရုတ်တို့ တောင်ကိုးရီးယားတို့ကနေပြီးတော့မှ ဒီ ဒုံးကျည်ထုတ်လုပ်ရေးဆက်စပ်ပစ္စည်းတွေကို မှာယူလို့ မရတဲ့အတွက်ကြောင့်မို့လို့ မြောက်ကိုးရီးယားက မှာဘို့ ဖြစ်လာတဲ့အကြောင်းလေးကို ဆက်ပြောပေးပါဦး ခင်ဗျ။
ဦးမြင့်စိုး။ ။ဟုတ်ကဲ့၊ အဲဒီလို မြောက်ကိုးရီးယားနဲ့ ဆက်ဆံမှရတော့မယ်ဆိုတဲ့ အကြောင်းအရင်းကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သူတို့ရဲ့ ဒီအထက်ပိုင်းအရာရှိကြီးတွေက သုံးသပ်လိုက်တဲ့အချိန်ကျတော့ သူတို့ ဒီစင်္ကာပူကနေမှတဆင့်၊ ဒီ စင်္ကာပူ၊ တရုတ်တွေက တဆင့် ကြားခံပွဲစားတွေနဲ့ ကျနော်တို့ မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့ မြောက်ကိုးရီးယားကနေ အဲဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ လုပ်နိုင်ကိုင်နိုင်တဲ့ ပညာရှင်တွေကို သူတို့ခေါ်ယူ ဆွေးနွေးပြီးတော့ ကျနော်တို့ မြန်မာပြည်ထဲကို သူတို့ Passport visa မလုပ်ဘဲနဲ့ တရုတ်ပြည်ကနေ အောက်လမ်းမှတဆင့် ကျနော်တို့ မြန်မာနိုင်ငံထဲကို ခိုးသွင်းလာတာတွေ ဖြစ်လာတယ်။ အဲဒါ ကျနော်တို့ (၁၉၉၅) လောက်ကနေ စပြီးတော့ သွင်းလာတာ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီးပြောတဲ့ အထဲမှ ဒီ ပွဲစားကုမ္ပဏီက စင်္ကာပူနိုင်ငံက ကုမ္ပဏီလား၊ စင်္ကာပူနိုင်ငံမှာ လာဖွင့်တဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေလား။ ဘယ်လိုပါ လဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ကျနော်တို့ မြန်မာနိုင်ငံက စိုးမင်းထိုက် ကုမ္ပဏီက စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပြီးတော့ သူတို့က ဒီ တရုတ်ကနေမှတဆင့် မြောက်ကိုးရီးယားကို စေလွှတ်ပြီးတော့ သွင်းတာပါ။ ကျနော်သိ သလောက်ကတော့ မြန်မာပြည်က ကိုယ်စားလှယ်ကတော့ စိုးမင်းထိုက်တို့ ဖြစ်ပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ စိုးမင်းထိုက် ကုမ္ပဏီက ပုဂ္ဂလိက ကုမ္ပဏီပေါ့ ။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ ပုဂ္ဂလိက ကုမ္ပဏီပါ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ပုဂ္ဂလိက ကုမ္ပဏီက ကျနော်တို့ ဒီ တပ်မတော်နဲ့ ဘယ်လို ဆက်စပ်မှုရှိလို့လဲ ခင်ဗျ။ သူတို့ တပ်မတော်နဲ့တွဲပြီးတော့မှ အရင်က စီပွားရေး လုပ်ငန်းတွေ ဘာတွေ၊ ရှိလို့ပါလဲ။ သို့မဟုတ်၊ ဒီ တပ်မတော်က ဆွေမျိုးသားချင်း သားသမီးတွေရဲ့ ကုမ္ပဏီတွေလား၊ ဘယ်လိုပါလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ ဟုတ်ကဲ့၊ စိုးမင်းထိုက်ကိုတော့ ကျနော်က မြင်ဖူးတာ ကျနော်တို့ ကာကွယ်ရေးပစ္စည်းစက်ရုံ အားလုံးနဲ့ပတ်သက်လို့ရှိရင် ဦးစိုးမင်းထိုက်က ဒီကျနော်တို့ ကာကွယ်ရေးပစ္စည်းစက်ရုံအတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေကို သူကနေ အားလုံး သွင်းပါတယ်။ ကျနော်တို့ ကပစ အားလုံးကို ကပစ က ကျနော်တို့ မလွန် ကပစ၊ နောက် ပြီးတော့ ဆင်တဲ၊ ထုံးဖို၊ ညောက်ခြေထောက်၊ တိုက်ကြီး အစရှိတဲ့ စက်ရုံတွေမှာ လိုအပ်တဲ့ Essential (မရှိမဖြစ်လိုအပ်တဲ့) ပစ္စည်းတွေနဲ့ ပတ်သက်လို့ရှိရင် စိုးမင်းထိုက်ရဲ့ ကုမ္ပဏီက တဆင့်ခံပြီး ကျနော်တို့ စက်ရုံတွေကို သွင်းပါတယ်။ ကျနော် သိသလောက်ကတော့ သူတို့ ပြောပြချက်အရ လူကြီးတွေ ပြောပြချက်အရ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ တခြား နိုင်ငံတွေကနေ ဒီလို လက်နက်သုံးပစ္စည်းကိရိယာတွေထုတ်လုပ်တဲ့ ကုန်ကြမ်းတွေကို တိုက်ရိုက် ၀ယ်ယူလို့မရတဲ့အတွက် အဲဒီလို စိုးမင်းထိုက် ကုမ္ပဏီကနေပြီး ၀ယ်ယူတယ် ဆိုတာ ကျနော်တို့ သိရပါတယ်။ စိုးမင်းထိုက်က ကျနော်တို့ စက်ရုံတွေမှာ အားလုံးရဲ့ စက်ရုံးအားလုံးအပေါ်မှာ သူ သြဇာသက်ရောက်တာကိုလည်း ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ပြောပါဦးခင်ဗျ ကျနော်တို့ မြောက်ကိုးရီးယားတွေကို တရုတ်ကနေဖြတ်ပြီး အောက်လမ်းကနေ သွင်းလာတာ၊ ဒါ တရုတ်ပြည်က မသိဘူးဆိုတဲ့ သဘောလား။ တရုတ်ပြည်က သိသိနဲ့ပဲ သွားတာလား။ ဘယ်လိုလဲ။ အဲဒါ ဆရာကြီး ဘယ်လို သိထားလဲ။
ဦးမြင့်စိုး။ ။ တရုတ်အစိုးရက မသိလောက်ဘူး ခင်ဗျ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီ ကျနော်တို့ နိုင်ငံကိုလာလုပ်နေတဲ့ တရုတ်တွေဘဲဖြစ်ဖြစ်၊ တောင်ကိုးရီးယားဘဲဖြစ်ဖြစ်၊ ရုရှဘဲဖြစ်ဖြစ်၊ မြောက်ကိုးရီးယားတွေ လာလို့ရှိရင် အဲဒီက စက်ရုံမှာရှိနေတဲ့ နိုင်ငံခြားသား တရုတ်၊ ရုရှ၊ နောက်ပြီးတော့ တောင်ကိုးရီးယားစတဲ့ နိုင်ငံသားတွေအားလုံးကို တခြားစက်ရုံကို ပို့ပစ်လိုက်တယ်။ မြောက်ကိုးရီးယားတွေကိုပဲ ကျနော်တို့ အဲဒီမှာထားတယ်။ သူတို့ လာပြီးတော့မှ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးနေတာလည်း ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ဆရာကြီး။ အဲဒါဆိုရင် နဂိုတုန်းက ကပစ (၁၀) မှာရှိနေတဲ့ တခြားနိုင်ငံခြားသား ဒီ ရုရှတို့ တောင်ကိုးရီးယားတို့ တရုတ်တို့ကို မြောက်ကိုးရီးယားတွေ ရောက်လာတာ သူတို့ကို အသိမခံဘူးပေါ့။ အဲဒါလေးကို ပြန်ပြီးတော့ ရှင်းပြပေးပါဦး ခင်ဗျ။
ဦးမြင့်စိုး။ ။ ကျနော်တို့ မြောက်ကိုးရီးယားနိုင်ငံသားတွေ ရောက်လာတော့မယ်/ ကျနော်တို့ ဒီ တရုတ်ပြည်နယ်စပ်၊ မူဆယ်ဘက်ကနေ လှမ်းပြီးတော့ ဆက်သွယ်တဲ့အချိန်မှာ အဲ့ဒီ စက်ရုံမှာရှိတဲ့ နိုင်ငံခြားသားတွေ အားလုံးကို ကပစ (၃) (ဆင်တဲ) သော်လည်းကောင်း၊ ကပစ (၅) (ဆင်တဲ) သော်လည်းကောင်း နောက် သရက်မြို့ကိုသော်လည်းကောင်း အဲဒါမျိုး ပြောင်းရွေ့ပေးပါဆိုပြီးတော့ ညွှန်ကြားလိုက်တယ်။ အဲလိုညွှန်ကြားတာနဲ့ ကျနော်တို့က ကျနော်တို့ ဒီ ကပစ (၁၀) မှာရှိနေတဲ့ ဒီ တာဝန်ခံတွေအားလုံးက အဲဒီ နိုင်ငံခြားသားတွေကို အဲဒီ စက်ရုံအသီးသီးကို လှမ်းပြီး ပို့ထားပါတယ်။ အဲဒီလို ပို့ထားပေးရပါတယ်။
ဦးရော်နီညိမ်း။ ။ တပ်မတော် (ကြည်း) ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၉)၊ အမှတ် (၁၀)နဲ့ အမှတ် (၁၂) တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီးစာရေးဟောင်း ဦးမြင့်စိုးရဲ့ ပြောစကား ပထမပိုင်းကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ ဒုံးကျည်ပစ်စင်ကြီးတွေနဲ့ ပစ်လွှတ်ရတဲ့ ဒုံးကျည်တည်ဆောက်ရာမှာ အရေးအကြီးဆုံး ဒုံးကျည်ရဲ့ အမြီးပိုင်းမှာ မြောက်ကိုးရီးယားတွေနဲ့ တည်ဆောက်နေတာ အခုထိ မအောင်မြင်သေးပုံ ပြည်သူလူထုရဲ့ လယ်မြေ ယာမြေတွေကို သိမ်းယူပြီး မြန်မာနိုင်ငံထဲမှာ မိုင် (၁၀၀) စက်ပစ်ကွင်းကြီး တည်ဆောက်ပြီးတော့ နိုင်ငံခြားက စစ်လက်နက်ထုတ်လုပ်တဲ့ကုမ္ပဏီက သူတို့ရဲ့ စစ်လက်နက်ကြီးတွေ လာရောက်ပစ်ခတ်စမ်းသပ်ပုံ စတဲ့ တပ်ကြပ်ကြီး စာရေးဟောင်း ဦးမြင့်စိုးရဲ့ ပြောစကားတွေကို ဆက်ပြီးတော့ တင်ဆက်ထုတ်လွှင့်သွားမယ်ဆိုတာ အသိပေး အပ်ပါတယ်။ ကျနော် ရော်နီညိမ်းပါ။
VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၉) မြောက်ကိုးရီးယားတွေနဲ့  ဒုံးကျည်ထုတ်လုပ်နေတဲ့ ကပစ (၁၀) - အပိုင်း (၂)
ဦးမြင့်စိုး။ ။ စက်ရုံဆောက်တဲ့ စီမံကိန်းက ဒီလုပ်ငန်း မအောင်မြင်မချင်း ဆောက်ရတာဆိုတော့ ခုထိလဲဘဲ အဲဒီ နိုင်ငံခြားသားတွေ ရှိနေဆဲပါဘဲ။ ကျနော်တို့ စက်ရုံလုပ်ငန်းတွေ ဆောက်လုပ်ပြီးတဲ့ အချိန်ထိလဲ ဒီထုတ်လုပ်တဲ့ ပစ္စည်းတွေ စမ်းသပ်လို့ မအောင်မြင်မချင်း သူတို့က စက်ရုံတွေမှာ အမြဲတမ်း သွားလိုက်လာလိုက် ရှိနေပါတယ်။ အ၀င်အထွက် ရှိနေတယ် သူတို့ က။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ဆရာကြီး၊ အဲဒီတော့ မြောက်ကိုရီးယားတွေကို ဒီ အောက်လမ်း ကနေ သွင်းလာပြီးတော့ ရောက်လာတဲ့အခါမှာ ဆက်ပြီးတော့ ဖြစ်ပေါ်တဲ့ ကိစ္စတွေကို ဆရာကြီး ဘယ်လောက်များ သိရှိထားပါသလဲ။
ဦးမြင့်စိုး။ ။ ကျနော် သိသလောက်ကတော့ အခု ဒီနေ့ထိအောင်လည်း ဒီ စက်ရုံလုပ်ငန်းတွေကို ထုတ်လုပ်မှု လုပ်ငန်းတွေကိုတော့ သုတေသနနဲ့တွဲပြီးတော့မှ လုပ်နေတာဘဲ ရှိပါသေးတယ်။ လုပ်ငန်းတွေနဲ့ ပတ်သက်လို့ အောင်မြင်တာလဲ မရှိသေးပါဘူး ခင်ဗျ။ ဒီစက်ရုံကတော့ (၂၀၀၃ - ၂၀၀၄) ဘဏ္ဍာရေးနှစ်မှာ စက်ရုံတွေ အားလုံးကိုတော့ ဆောက်လုပ် ပြီးစီးသွားပါပြီ။ ကျနော်တို့ အဲဒီ ဒုံးကျည်ထုတ်လုပ်တဲ့အပိုင်းကို ပြောပြမယ်ဆိုရင် အပိုင်း လေးပိုင်းခွဲတဲ့နေရာမှာ ခေါင်းပိုင်းရယ်၊ အလယ်ပိုင်းရယ်၊ နောက်ပြီးတော့ ယမ်းပိုင်းရယ်၊ အမြီးပိုင်းရယ် ဆိုပြီးတော့မှ ကျနော်တို့ ခွဲတယ်။
အဲဒီ ခွဲတဲ့အထဲမှာ နောက်ဆုံး အမြီးပိုင်းက ဒီ ဒုံးကျည်တစ်ခုလုံးကို သယ်ဆောင်ပြီးတော့မှ လိုရာကိုရောက်အောင် သယ်ဆောင်ပေးမယ့် ကိရိယာတွေ တပ်ဆင်ရတဲ့အချိန်မှာ အဲဒီ နောက်ဆုံး အမြီးဒလက်က အရေးကြီးဆုံးဖြစ်တဲ့အတွက် အဲဒီ ဒလက်က အဲဒီရဲ့နည်းပညာကို ရုရှကလည်း မရဘူး၊ တရုတ်ကလည်း မရဘူး၊ နောက်ပြီးတော့ တောင်ကိုရီးယားကလဲ မရဘူး။ မရတဲ့အတွက် နောက်ဆုံး အဲဒီအတွက်ကို ကျနော်တို့က မြောက်ကိုရီးယား နိုင်ငံသားတွေကို ခေါ်ပြီးမှ လုပ်တာ။ (၁၉၉၈) ခုနှစ်ကနေ စပြီးတော့မှ မြောက်ကိုရီးယား နိုင်ငံသားတွေ ကျနော်တို့ ရောက်လာတာကို တွေ့ရတယ်။

ဦးရော်နီညိမ်း။ ။ ရောက်လာတော့ သူတို့က လားရှိုးကနေတဆင့် ဒီအရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ အစီအစဉ်နဲ့ အဆင့်ဆင့် တခါ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တခါ၊ ဆရာကြီးတို့ဆီကို ရောက်လာတာပေါ့။ အဲ့ဒီအချိန်က တိုင်းမှူးတွေက ဘယ်သူတွေပါလဲခင်ဗျ။ အရှေ့မြောက်တိုင်းတို့ အလယ်ပိုင်းတိုင်းတို့က။
ဦးမြင့်စိုး။ ။ အဲ့ဒီ အချိန်တုန်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးချုပ် ရဲမြင့်ပါ ခင်ဗျ။ အရင် ရဲမြင့်ပါ ခင်ဗျ၊ အခု ရဲမြင့်တော့ မဟုတ်ဘူးခင်ဗျ။
ဦးရော်နီညိမ်း။ ။ အခု အနားယူသွားတဲ့ ရဲမြင့်ကြီး၊ ဟုတ်ကဲ့။
ဦးမြင့်စိုး။ ။ အဲဒီမှာ အဲဒီ နိုင်ငံခြားသားတွေကို သွားရောက်ပြီးတော့မှ ခေါ်ဆောင်တာက ကျနော်တို့ မြန်မာနိုင်ငံထဲ ရောက်တဲ့အထိအောင် ကျနော်တို့ ဒီ လမ်းကြောင်း လုံခြုံရေးအနေနဲ့ ကျနော်တို့စက်ရုံက ၀န်ထမ်းတွေနဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးညွှန်ကြားရေးမှူးရုံးက ၀န်ထမ်းတွေ သွားပြီးတော့မှ တပ်ကြပ်ကြီးတွေ၊ အရာရှိ၊ အရာခံ၊ အကြပ်၊ စစ်သည်တွေ သွားပြီးတော့မှ ကြိုဆိုပြီးတော့ ကျနော်တို့ စက်ရုံကို ခေါ်သွင်းလာတာဖြစ်တယ်။ လမ်းကြောင်းလုံခြုံရေးကတော့ သူတို့ ဒေသ အပိုင်၊ အပိုင် အလိုက်၊ အပိုင်းလိုက် တာဝန်ယူထားတာ ရှိပါတယ်။ ကျနော်တို့ မူဆယ်ဘက်ကနေ သွားခေါ်ကြတာ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ မူဆယ်ဘက်ကဆိုတော့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကရော မသိဘူးလား ခင်ဗျ။
ဦးမြင့်စိုး။ ။ သူတို့ တိုင်းမှူးတွေက သိတော့ သိတယ်။ ကျနော်တို့ လမ်းကြောင်းလုံခြုံရေးကို ကျနော်တို့က အကုန်လုံး သူတို့ကိုတော့ message ပို့ ထားရပါတယ်၊ ပို့ထားတဲ့အတွက် သူတို့ကလည်း အဲ့ဒီ လမ်းကြောင်းလုံခြုံရေးကိုတော့ ယူပေးတယ်။ ဒါပေမဲ့ သူတို့ (မြောက်ကိုးရီးယား) တွေကို သယ်ယူပို့ ဆောင်တာကျတော့ ကျနော်တို့ ကာကွယ်ရေး ပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးကဘဲ ကျနော်တို့ ဆောင်ရွက်ပေးရပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲ့ဒီတော့ မြောက်ကိုရီးယားတွေ စစချင်း လူပေါင်း ဘယ်နှစ်ယောက်လောက် ရောက်လာပါသလဲ။ မိသားစုတွေရော ပါလာသေးလား ခင်ဗျ။ သူတို့ကရော ဘယ်လိုအဆင့်တွေ လဲ။ အရာရှိတွေလား၊ ပညာရှင်တွေလား၊ ရိုးရိုး ဒီ မြောက်ကိုရီးယားစစ်တပ်က အခြားအဆင့်တွေလား၊ ဘယ် လိုပါလဲ ခင်ဗျ။
ဦးမြင့်စိုး။ ။ သူတို့က ပညာရှင်တွေလို့ ပြောပါတယ်ခင်ဗျ။ မိသားစု မပါဘူး ခင်ဗျ။ သူတို့ အမျိုးသားတွေချည်းပဲ အားလုံး လိုက်လာကြတာ အားလုံးလာကြတာ။ တရုတ် ပြည်ကနေလို့ အယောက် (၃၀) နီးပါးလောက် ကျနော်တို့ ပထမအသုတ်ကို ရောက်လာတယ် ခင်ဗျ၊ ဒီ ကပစ (၁၀) ကိုဘဲ။ သူတို့အတွက် စားဖို့ သောက်ဖို့ကျတော့ သူတို့ မြောက်ကိုရီးယားကနေလို့ ကြိုပို့ထားတဲ့ ပစ္စည်းတွေနဲ့ သူတို့လိုအပ်တဲ့ ပစ္စည်းတွေကိုတော့ ကျနော်တို့ ရန်ကုန်ကနေ ၀ယ်ပေးရတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်လို့တော့ သူတို့ရဲ့ ဒီ အုပ်ချုပ်မှုကိစ္စတွေက အများကြီးတော့ မလုပ်ပေးရဘူးခင်ဗျ။ တောင်ကိုရီးယားကတော့ အများကြီး လုပ်ပေးရတယ်။ သူတို့အတွက် အဲကွန်းတွေ ဆင်ပေးရတယ်။ နောက်ပြီးတော့ မိလ္လာကအစ သူတို့ကို သန့်ရှင်းနေအောင် လုပ်ပေးထားရတယ်။ မြောက်ကိုရီးယားတွေကိုတော့ အဲ့ဒီ့လောက် လုပ်ပေးစရာ မလိုဘူး။ ပြီးတော့ သူတို့ကလည်း တောင်းဆိုတာတွေဘာတွေ မရှိဘူး။ နေစရာနဲ့ စားစရာရှိရင် အဆင်ပြေတယ်။ သူတို့ကလည်း ခိုးဝှက်ပြီး လာကြတော့ သိုသိုသိပ်သိပ်နဲ့ဘဲ သူတို့ နေသွားကြတယ်။ အားလုံးက။
ဦးရောနီညိမ်း။ ။ ဟုတ်ကဲ့ အဲ့ဒီ တောင်ကိုရီးယားတွေ ကရော ဘယ်ကုမ္ပဏီက လာတာလဲခင်ဗျ။
ဦးမြင့်စိုး။ ။ ဒေ၀ူးကုမ္ပဏီကပါ ခင်ဗျ။ ဒေ၀ူးကုမ္ပဏီကနေလို့ ကျနော်တို့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ လပြတ်နဲ့ ငှားထားတာရှိတယ်။ တောင်ကိုရီးယားကနေ မြန်မာနိုင်ငံကို ရောက်ရင် လေဆိပ်ကနေလို့ ဆီဒိုးနားဟိုတယ်ကို အကုန်ပို့တယ်။ ဆီဒိုးနားဟိုတယ်မှာ ရောက်နေတဲ့ ပညာရှင်တွေကို ကျနော်တို့ စက်ရုံကနေ သွားခေါ်ရတယ်။
ဦးရော်နီညိမ်း။ ။ ဒေ၀ူး….. ကျနော်တို့ ဒီ တောင်ကိုရီးယားပညာရှင်တွေက ဒေ၀ူးကုမ္ပဏီ ကလာတဲ့ ပညာရှင်တွေဟာ ကပစ စက်ရုံတွေမှာ သူတို့ကရော ဘာလုပ်ကြ တာလဲ။ ခုနက ဒုံးကျည် ထုတ်လုပ်ရေးအတွက်ပဲလား။
ဦးမြင့်စိုး။ ။ အဲ့ဒီအတွက်လဲ ဟုတ်တယ်။ နောက်ပြီးတော့ အခြား ကျနော်တို့ ဒီ လက်နက်ငယ်မျိုးစုံ နဲ့ ပတ်သတ်လို့လည်း တောင်ကိုးရီးယား အဲဒီ ဒေ၀ူးကုမ္ပဏီကပဲ အားလုံး ဆက်စပ်ပစ္စည်းတွေ အားလုံးကို သူတို့ကုမ္ပဏီကပဲ ၀ယ်တယ်။ ကျနော်တို့ သိရသလောက်ဆိုရင် ကပစ (၁၁) ကလည်းပဲ အဲဒီ ဒေ၀ူးကုမ္ပဏီ တစ်ခုလုံးပဲ၊ စက်ရုံတစ်ခုလုံးကို အဲ့ဒီ ဒေ၀ူးကုမ္ပဏီကပဲ အကုန်လုံးဝယ်လိုက်တာ။ ကပစ (၁၁) ရဲ့ လုပ်ငန်းဆောင်တာက ကျနော်တို့ အခု လက်ရှိ G-3/G-4 ပေါ့။ ဘီအေ (၆၃)/(၆၄) မောင်းပြန်ရိုင်ဖယ်တွေကို အစား ထိုးပြီးတော့မှ MA - 1/2/3/4 ဆိုပြီးတော့မှ အဲဒီလေးမျိုးကို ထုတ်လုပ်တဲ့အချိန်မှာ တောင်ကိုရီးယား ဒေ၀ူးကုမ္ပဏီကနေလို့ ကျနော်တို့ ဒီ စက်ပစ္စည်းတွေအားလုံးကို ၀ယ်ပြီးတော့မှ ထုတ်လုပ်တာဖြစ်တယ်။ အဲဒီ လုပ်ငန်းအားလုံး ဒီ MA - 1/2/3/4 တွေ ပစ်ခတ်နိုင်သည် အထိအောင်ကိုပဲ အဲ့ဒီ တောင်ကိုးရီးယား ဒေ၀ူးကုမ္ပဏီကနေ လုပ်ထားတာပါ။ ကျနော်တို့ ဒုံးကျည် စမလုပ်ခင် အစ အကောင်အထည်ဖော်တဲ့ 120 (၁၂၀ မီလီမီတာ စက်ကြီး) ကိုလည်းပဲ ကားပေါ်ကနေလို့ တဆင့်ပစ်တဲ့ စီမံချက်တွေ လုပ်သေးတယ်။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံအနေနဲ့ မအောင်မြင်ဘူးခင်ဗျ။
ကျနော်တို့ဆီမှာရှိတဲ့ ပညာရှင်တွေနဲ့ နောက်ပြီးတော့ နိုင်ငံခြားကလာတဲ့ ပညာရှင်တွေက အစစ်အမှန်တွေ မဟုတ်ဘူးလို့ ကျနော်လည်း ယူဆတယ် ပေါ့လေ။ အဲဒါကြောင့်မို့ ကျနော်တို့ဆီမှာ ဘာလုပ်ငန်းပဲလုပ်လုပ် ဒီ သုတေသနလုပ်ငန်းတွေ အားလုံးဟာ မအောင်မြင်တာတွေ အများကြီးရှိတယ်။ ဥပမာပြော မယ်ဆိုလို့ရှိရင် ကျနော်တို့ 120 ကို လင်ခရူဇာကားပေါ်မှာ တင်ပြီတော့မှ၊ လေးလုံးတင်ပြီးတော့မှ ပစ်ပြလိုက်တဲ့ အချိန်မှာ ကျနော်တို့ စက်ပစ်ကွင်းက ကျနော်တို့ နိုင်ငံမှာက မိုင် (၁၀၀) ကျော် စက်ပစ်ကွင်းပဲ ရှိတယ်။ အဲ့ဒီစက်ပစ်ကွင်းမှာ ကျနော်တို့ ပစ်ခတ်စမ်းသပ်လိုက်တဲ့ အချိန်မှာ အဲဒီ လေးလုံးလုံးဟာ တပြိုင်တည်းမထွက်သွားဘဲနဲ့ ဘယ်လိုဖြစ်သွား လဲဆိုတော့ နှစ်လုံးက တက်သွားတယ်။ နောက်နှစ်လုံးမှာ တစ်လုံးက ဂျွမ်းပြန်ပြီးတော့ ကျနော်တို့ ပစ်တဲ့လူတွေဆီကို လှည့်လာတယ်။ နောက်တစ်လုံးက မြေပြင်ပေါ်ရှပ်ပြီးပျံသွားတာပဲ တွေ့ရတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ကျနော်တို့ ဒီ ဒုံးကျည်ဆက်လုပ်လည်းပဲ ကျနော်တို့ နိုင်ငံအနေနဲ့က ဘာမှ အကောင်အထည်ပေါ် အောင်မြင်နိုင်မှာ မဟုတ်ဘူး ဆိုတာကို ကျနော်က သုံးသပ်မိပါတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ ခုနက ဆရာကြီးပြောတဲ့ မိုင် (၁၀၀) ရှိတဲ့ စက်ပစ်ကွင်းဆိုတာ ဘယ်နားမှာ သွားပြီး သူတို့ လုပ်ထားတာလဲ။
ဦးမြင့်စိုး။ ။ အဲ့ဒါလည်း အဲဒီမြို့နယ်ထဲမှာပဲ။ အထက်မင်းလှမြို့နယ်၊ မလွန်ကျေးရွာရဲ့ အနောက်ဘက် မှာပဲ ခင်ဗျ။
ဦးရော်နီညိမ်း။ ။ မိုင် (၁၀၀) ဆိုတာ နည်းတာမဟုတ်ဘူး။ အဲ့ဒါ သူတို့ ဘယ်ကနေ ဘယ်အထိ လုပ်ထားတာလဲ။ ဒီ စက်ပစ်ကွင်း၊ စက်ပစ်ကွင်း ဆိုလို့ရှိရင် ဘယ်သူမှ လာလို့ မရဘူးလေ။
ဦးမြင့်စိုး။ ။ အဲဒီ မှာတော့ ရွာသားတွေ ရှိတယ်ခင်ဗျ။ အဲ့ဒီနားက ပတ်ဝန်းကျင်ရွာတွေ၊ ကျည်လွတ်နယ်မြေမဟုတ်တဲ့ နေရာတွေကျတော့ ပြောင်းရွှေ့ပေးတယ်။ အဲ့ဒါကိုတော့ စင်ကာပူက ကုမ္ပဏီတစ်ခုနဲ့ အဲဒီကုမ္ပဏီတစ်ခုကနေ လျော်ကြေးပေးပြီးတော့မှ အဲဒီကျေးရွာသားတွေကို ရွှေ့ခိုင်းပြီးတော့ ရွှေ့ခရယ် နောက်ပြီးတော့ ဒီ အိမ်အဆောက်အဦးအတွက် သွပ်ပြား၊ နောက်ပြီးတော့ ငွေ (၅၀၀၀)၊ အဲဒါတွေတော့ စင်္ကာပူကနေ လျော်ပေးတာတော့ ကျနော်တို့ သိတယ်ခင်ဗျ။ အဲဒါ လျော်ကြေးပေးပြီးတော့မှ အဲဒီ ရွာသားတွေအားလုံးကို နေရာ ပြောင်းရွှေ့လိုက်တယ်။ မိုင် (၁၀၀) ကျော်ဆိုတော့ ဧက တစ်သိန်း (၁၀၀၀၀၀) ကျော်၊ ကျနော်တို့ သိမ်းရတယ်။ ဘယ်ကနေ စသိမ်းလဲ ဆိုတော့ မလွန်ကနေ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နယ်စပ်တွေထိအောင် ကျနော်တို့ သိမ်းရတယ်။ သူတို့နိုင်ငံကအစိုးရနဲ့ ဆက်စပ်မှုတော့ ရှိမယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော် တို့ အဲဒီကုမ္ပဏီမှာ သူတို့နိုင်ငံ ကနေ ၀ယ်ထားတဲ့လက်နက်တွေ 155 (၁၅၅ မီလီမီတာ စက်ကြီး) တို့ ပစ္စည်းတွေ၊ အဲလိုလက်နက်မျိုးတွေ ပစ်ခတ်မယ်ဆိုရင် ကျနော်တို့ နိုင်ငံမှာ လာပြီး ပစ်ခတ်တယ် စမ်းသပ်တယ်။ သူတို့ ဗီဒီယိုမှတ်တမ်းတင်တာတွေ အဲဒီမှာ ရှိတယ်ခင်ဗျ။
ဦးရော်နီညိမ်း။ ။ စင်္ကာပူနိုင်ငံအတွက်ထုတ်လုပ်တဲ့ လက်နက်ကြီးတွေကိုလည်း ဗမာပြည်က စက်ပစ်ကွင်းမှာလာပြီးတော့ စမ်းသပ်ပစ်ခတ်တယ် ဆိုလိုတာလား ဆရာ။
ဦးမြင့်စိုး။ ။ ကျနော်တို့နိုင်ငံထဲကိုလည်းပဲ ၁၅၅ မီလီမီတာရှိတဲ့ အမြောက်တွေ၊ စင်္ကာပူကပဲ သူတို့ ပွဲစားလုပ်ပြီးတော့ ရောင်းတယ်။ ကျနော်တို့နိုင်ငံမှာ လာပြီးတော့လည်း ပစ်ပြတယ်။ အဲဒီဟာ အတွက်လည်း သူတို့ ဗီဒီယိုမှတ်တမ်းတင်တွေ လုပ်ပြီးတော့မှ သွားတာ။ အဲဒီ (၁၉၉၃) မှာ ကျနော်က ထုံးကြီးကို ပြောင်းတယ်။ အဲဒီအချိန်မှာပဲ ကျနော်တို့တွေ စက်ပြင်ကွင်းကို ကျနော်လိုက်ခဲ့ဖူးတယ်။ စင်္ကာပူက တပ်ကြပ်ကြီး (Sergeant) ကြီးတွေ လာပြီးတော့မှ ပစ်ခတ်သွားတာ ကျနော်တို့ တွေ့ရတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီ ကပစ (၁၀) မှာ ဆရာကြီး ဘယ်နှစ်ခုနှစ်အထိ တာဝန် ထမ်းဆောင် ခဲ့ပါသလဲ။
ဦးမြင့်စိုး။ ။ ကျနော် အဲဒီကနေ (၁၉၉၆) မှာ ကပစ (၁၂) ကို ကျနော် ပြောင်းရွေ့ခြင်း ခံရတဲ့အတွက် ကပစ (၁၂) ကို တစ်ခါ တပ်တည်ဆောက်ဖို့ လုပ်ငန်းတွေ ကျနော် စပြီးတော့မှ လုပ်ဆောင်ခဲ့ပါတယ်။
ဦးရော်နီညိမ်း။ ။ အဲဒီ ကပစ (၁၂) က ဘယ်မှာ တည်ရှိပါသလဲ။
ဦးမြင့်စိုး။ ။ သရက်မြို့အနောက်ဘက် (၁၀) မိုင်အကွာမှာ ရှိပါတယ်ခင်ဗျ။ သရက် -မင်းတုန်း ကားလမ်းမဘေးမှာပါခင်ဗျ။ အဲဒီ ကပစ (၁၂) က လက်နက်ကြီး ကျည်ဆံထုတ်တဲ့ စက်ရုံပါခင်ဗျ။ 120/81/105 အစရှိတဲ့ ကျည်ဆံအမျိုးအစားတွေကို ကျနော်တို့ အဲဒီ ကပစ (၁၂) ကနေ ထုတ်ပါတယ်ခင်ဗျ။ ကျနော်တို့လူကြီးတွေ ပြောပြချက်အရပေါ့လေ၊ ကျနော့် နားထဲကြားနေတာက သူတို့လူကြီးတွေ အစည်းဝေးထိုင်ရင် ကျနော်လည်း အမြဲတမ်းဝင်ရောက်ပြီးတော့မှ အစည်းဝေးမှတ်တမ်းရေးရတဲ့ အချိန်ကျတော့ သူတို့က ဘာ ပြောလဲဆိုတော့၊ သူတို့အချင်းချင်းပြောကြတာ၊ ကျနော်တို့ ဒီ ကပစ (၃) ရယ် ကပစ (၆) ရယ်တဲ့၊ အဲဒါ အင်တာနက်ထဲမှာ ပေါ်နေတယ်လို့ပြောလို့ အဲဒီဟာကို ကာကွယ်ရေးဦးစီးချုပ်က တစ်နေရာကို ပြောင်းရွှေ့ဘို့ အဲဒီ အကယ်၍ ရန်သူက အဲဒီစက်ရုံတွေကို ၀င်ရောက်ပြီးတော့မှ သိမ်းပြီးသွားရင် တစ်နေရာ ကျနော်တို့က ရှိသေးတယ်ဆိုတာမျိုး ဖြစ်အောင်၊ နောက်ထပ်တစ်နေရာကို ပြောင်းလိုက်တာပါ။
ခေတ်မှီနည်းပညာတွေနဲ့ ထုတ်တဲ့အတွက် သူကတော့ ပိုပြီး ထုတ်လုပ်အား ကောင်းတယ်ခင်ဗျ။
တစ်လတစ်လကို ကျည်ဆံကလည်း 120 တစ်မျိုးတည်းကို လေးသောင်း (၄၀၀၀၀) ကျော် ထုတ်တယ်ခင်ဗျ။ အဲဒီလုပ်ငန်းတွေ ဆောင်ရွက်နေချိန်မှာပေါ့ ကျနော်ရဲ့ ကျန်းမာရေးက ပန်းနာရင်ကျပ်ရောဂါစွဲကပ်လာတယ်။ စွဲကပ်လာတော့ ကျနော်က တပ်မှူးကိုပြောပြီးတော့ ဆေးရုံတက်ချင်တယ်လို့ ကျနော် ပြောတယ်။ ပြောတော့ တပ်မှူးက “မင်း ရပါတယ်ကွာ ဘာမှမဖြစ်ပါဘူး မတက်ပါနဲ့ကွာ” တဲ့၊ “ငါတို့ ဒီမှာလည်း အခက်အခဲတွေ ဖြစ်နေလို့ပါ” ဆိုပြီး ပြောတော့၊ အဲဒါနဲ့ ကျနော်လည်း မတက်ဘဲနေတော့ ကျနော့် ရောဂါက တစ်နှစ် တစ်နှစ်၊ တစ်နှစ်နဲ့ ဆိုးလာတယ်။ ဒါပေမယ့် ကျနော်က ဘုံးကနဲ လဲသွားတာမဟုတ်ဘူး။ ပန်းနာရင်ကျပ်က အသက်ရှူကျပ်တဲ့အခါ ကျပ်တယ်။ ကျပ်နေတဲ့အချိန်မှာ ကျနော်က ဆေးလေးဝယ်စားလိုက်တယ်၊ ရှူလိုက်တယ် ဆိုရင် ကျနော်က ပျောက်သွားတယ၊် ဒါပေမယ့် အဲလိုနည်းနဲ့ပဲ၊ ကျနော်ဖြေရှင်းတာ ကြာလာတဲ့ အချိန်ကျတော့ နောက်ဆုံး မလုပ်နိုင်တဲ့အချိန် ကျနော် တပ်မှူးကို အတင်းအဓ္ဓမ ပြောတဲ့အချိန်မှာ ကျနော့်ကို မိထ္ထီလာစစ်ဆေးရုံကို လွှတ်တယ်။
မိထ္ထီလာ စစ်ဆေးရုံကို လွှတ်တော့ (၃) လကြာတယ်။ အဲဒီ (၃) လ ကြာပြီးတော့မှ ကျနော့်ကို ဆေးနား (၃) လ ပေးလိုက်တယ်။ အဲဒီစစ်ဆေးရုံက ပေးလိုက်အချိန်မှာလည်း တပ်ရောက်တဲ့အချိန်မှာ ကျနော် နားခွင့်မရဘူး။ နောက်ဆုံး ကျနော့်ရောဂါက မတရားခံစားလာရတဲ့ အချိန်ကျတော့ နောက်ဆုံး ကျနော် မင်္ဂလာဒုံဆေးရုံရောက်တယ်။ ပြည်၊ အရပ်ဖက်ဆေးရုံဆိုလည်း ကျနော် အများကြီး ရောက်ပြီးတော့မှ ကျနော် ကုသတယ်။ ဘယ်လိုမှ မရဘူး။ ကျနော် အဲဒါနဲ့ G - 1 ကလာတော့ G - 1 ကို ကျနော်တင်ပြတယ်။ ကျနော် တပ်က ထွက်ချင်တယ်လို့။ “ဟေ့ကောင်တဲ့၊ ကပစ မှာတဲ့၊ အရှင်ထွက် ထွက်တဲ့လူ တစ်ယောက်မှ မရှိဘူးတဲ့၊ အသေထွက် ထွက်တာပဲ ရှိတယ်” လို့ ပြောတယ်။
အဲဒါနဲ့ ကျနော်က တပ်ကို ထွက်စာ တရားဝင်အောင်ဆိုပြီးတော့မှ ကျနော့်နည်း ကျနော့်ဟန်နဲ့ ကျနော် လျှောက်လွှာတင်တယ်။ တပ်ရေးဗိုလ်ကြီးကနေ တဆင့်၊ ကျနော် စက်ရုံမှူးဆီတင်တယ်။ စက်ရုံမှူးကနေ ဒါရိုက်တာကို၊ လူကြီးချင်း သူတို့ ညှိကြတယ်။ အဲဒီတုန်းက ဗိုလ်မှူးကြီးဝင်းကြည်ပါ။ ညှိတဲ့ အချိန်မှာ “ကျနော့်တပ်က Sergeant က ဒီလိုဖြစ်နေတယ်၊ အဲဒါကို ထွက်ခွင့်ပေးပါ” လို့ ပြောတော့၊ “ဟေ့ကောင် မင်းတို့ဟာ မင်းတို့ အောက်မှာကြည့်ရှင်းကြ” လို့  ပြောတယ်တဲ့။ အဲဒါနဲ့ ကျနော်က တပ်မှူးကို ကျနော် သွားမေးတယ်။ “တပ်မှူး၊ ကျနော် ထွက်ချင်တယ်” လို့ သွားပြောတော့ သူကလည်း ကျနော့်ကို ဘာမှပြန်လို့ မပြောဘူး။ မပြောတဲ့အခါကျတော့ ကျနော်လည်း ပြေးတော့မယ်လို့ ပြောပြီး ကျနော်လည်း တပ်ကနေလို့ ကျနော့်မိသားစုကို “မ” ပြီး ကျနော် ကျနော့်ဇာတိက “ယော” မှာ၊ ကျနော် အဲဒီ “ယော”ကို ကျနော်ပြေးလာခဲ့တာ။ အဲဒီမှာ တပ်မှူးက ကျနော် အဲဒီလို တပ်ပြေးဖြစ်သွားတဲ့အချိန်မှာ ကျနော့်ကို လှမ်းပြီးတော့ ပြန်ခေါ်တယ်။ ကျနော်ကတော့ တာဝန်ကို မထမ်းဆောင်ချင်တော့ဘူးလို့ ပြောတဲ့အတွက် သူက “မင်း ဥပဒေဘောင် ထဲကနေပြီး လှုပ်ရှားလို့ရအောင်၊ ငါပြန် လာခေါ်တာ” လို့ ပြောတယ်။ ဒါပေမယ့် ကျနော် လိုက်သွားလည်း ဒီအတိုင်းပဲ ဖြစ်မှာပဲဆိုတာ ကျနော်သိတဲ့အတွက် ကျနော် မလိုက်ဘဲနဲ့ ကျနော် ဒီအတိုင်းပဲ တပ်ပြေး လုပ်ပစ်လိုက်တယ်။
ဦးရော်နီညိမ်း။ ။ တပ်မတော်ကြည်း ကာကွယ်ရေးပစ္စည်း စက်ရုံ အမှတ် (၉)၊ အမှတ် (၁၀) နဲ့ အမှတ် (၁၂) တို့မှာ တာဝန်ထမ်းဆောင်ခဲ့သူ တပ်ကြပ်ကြီး စာရေးဟောင်း ဦးမြင့်စိုးရဲ့ ပြောစကား ဒုတိယပိုင်း (နောက်ဆုံးပိုင်း) ကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာတော့ “စည်းလုံးခြင်းရဲ့အင်အား” အင်တာနက် ၀က် (ဘ်) ဆိုဒ်ပေါ်က ဆောင်းပါးရှင် မြင့်မိုရ်ရဲ့ “လေတပ်သားတစ်ဦးရဲ့ ဘ၀ကောက်ကြောင်း အပိုင်း (၁)” ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကျနော် ရော်နီညိမ်းပါ။
| < Prev |
|---|

