ပင်မနေရာ မူဝါဒ/ဥပဒေ VOA အသံလွှင့်ချက် VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၁၂) လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း အပိုင်း - (၃)

ပင်မနေရာ မူဝါဒ/ဥပဒေ VOA အသံလွှင့်ချက် VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၁၂) လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း အပိုင်း - (၃)

VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၁၂) လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း အပိုင်း - (၃)

Print PDF
User Rating: / 1
PoorBest 
VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၁၂)
လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း အပိုင်း - (၃)

 

ဆောင်းပါးရှင် - မြင့်မိုရ်

ထုတ်လွှင့်ဖတ်ကြားသူ - ဦးရော်နီညိမ်း

အင်တာနက်ပေါ်က “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုက် စာမျက်နှာမှာ ဆောင်းပါးရှင် မြင့်မိုရ်က လေတပ်စစ်သည်တစ်ဦးရဲ့ ကိုယ်တွေ့ အတွေ့အကြုံတွေကို အခန်းဆက် ဆောင်းပါးတွေနဲ့ တင်ပြရေးသား ထားပါတယ်။ ဒီဆောင်းပါးတွေထဲက စာရေးသူ မြင့်မိုရ်ရဲ့ ပြောစကားတွေကို စုစည်းကောက်နှုတ်ပြီး မူလအမည် “လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း” နဲ့ပဲ “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းကို ထုတ်လွှင့်ခဲ့ပြီးပါပြီ။ ဒီတပတ်မှာတော့ “လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း” နောက်ဆုံးအပိုင်း (တတိယအပိုင်း) ကို ကြားကြရမှာပါ။ ဦးရော်နီညိမ်းက စီစဉ်တင်ဆက်ပြီး ဗီအိုအေ ၀ိုင်းတော်သား ကိုရန်နိုင်က အားဖြည့် ပါဝင်ထားပါတယ်။

ဦးရော်နီညိမ်း။ ။ အခုတပတ် “လေတပ်သားတစ်ဦး၏ ဘ၀ကောက်ကြောင်း” နောက်ဆုံးအပိုင်း (အပိုင်း - ၃) မှာ ဆောင်းပါးရှင် မြင့်မိုရ်က ထပ်ဆင့်ရည်ညွှန်းထားတဲ့ “စည်းလုံးခြင်းရဲ့အင်အား” အင်တာနက် website ပေါ်ကပဲ နောက်ထပ် ဆောင်းပါးရှင်တစ်ဦးဖြစ်တဲ့ ဝေဟင်ရဲ့ “ဟိုတစ်စ ဒီတစ်စ တပ်တွင်းကွဲအက်စများ” ခေါင်းစဉ်နဲ့ ဆောင်းပါးတွေထဲက လေတပ်အရာရှိ၊ စစ်သည်တွေရဲ့ အဖြစ်အပျက်တချို့တွေကိုပါ ပေါင်းစပ်တင်ပြ လိုက်ပါတယ်။ ဗီအိုအေ၀ိုင်းတော်သား ကိုရန်နိုင်က လေတပ်သားတစ်ဦးအဖြစ် ပါဝင်အားဖြည့် ကူညီထား ပါတယ်ခင်ဗျာ။

လေတပ်သားတစ်ဦး။ ။ ဒီ “မြောက်တော” ဟာ ဟန်ပြစိုက်ခင်းသာဖြစ်ပြီးတော့ တရားမ၀င် လေယာဉ်ဆီ ရောင်းလို့ရတဲ့ ၀င်ငွေတွေကို ဒီ “မြောက်တော” စိုက်ခင်းက ထွက်တဲ့ သီးနှံတွေ ရောင်းလို့ရတဲ့ ငွေတွေအဖြစ် စာရင်းပြပြီး ရတဲ့တရားဝင်လစာနဲ့ မလောက်တဲ့ ကျနော်တို့ တိုက်လေယာဉ်အုပ်က အားလုံးသော အရာရှိ၊ စစ်သည်တွေအတွက် သက်သာချောင်ချိရေး လုပ်ပေးရတဲ့အလုပ်တွေမှာ ကျနော်လည်း ပါဝင်လာခဲ့ရပါတယ်။ “မြောက်တော”စပါးခင်းက နဲနဲပါးပါးထွက်တဲ့ တကယ့်စပါးတွေ၊ သီးနှံတွေကို ဓါတ်ပုံရိုက်၊ ရာသီအလိုက် သီးနှံတွေကို စိုက်ကြပျိုးကြ ရောင်းချကြလို့ ရရှိနေတယ်ဆိုတဲ့ ၀င်ငွေမှတ်တမ်းအတုတွေကို ပြုစု၊ ကျနော်တို့ တိုက်လေယာဉ်အုပ်ရဲ့ လေးလပတ် အစည်းအဝေးတို့ စည်းရုံးရေးကော်မီတီ အစည်းအဝေးတို့မှာ ဒီဓါတ်ပုံတွေ ဒီမှတ်တမ်းအတုတွေကိုဝေ၊ အထက်အဆင့်ဆင့် ကက (လေ) ရုံးအထိ ရောက်အောင်လည်းပို့ ကျနော်တို့ အဲဒီလို လုပ်ခဲ့ကြရပါတယ်။

F - 7 တိုက်လေယာဉ်

ကျနော်တို့ တိုက်လေယာဉ်အုပ်က အရာရှိစစ်သည်တွေ နံမည်တွေနဲ့ အာရှဓန/ရိုးမ စတဲ့ ဘဏ်တွေမှာ၊ ငွေစာရင်းတွေဖွင့်ပြီး တစ်ဦးချင်း စုဆောင်းငွေတွေအဖြစ် အပ်နှံပေးထားပါတယ်။ ဒီငွေတွေနဲ့ပဲ ကျပ်တစ်သိန်း ပေးကမ်းပြီးရှာရမယ့် ကျနော့်လို တပ်သားသစ် မောင်သိန်းတန်တွေ ရှာဖွေစုဆောင်းရေးမှာ သုံးစွဲကြရပါတယ်။ ဒီငွေတွေနဲ့ပဲ ကျနော်တို့ တိုက်လေယာဉ်အုပ်အပိုင် အရပ်ကားကို ၀ယ်ထားပါတယ်။ ဒီငွေတွေနဲ့ပဲ အရာရှိ၊ စစ်သည်တွေရဲ့ ယူနီဖေါင်းတွေ ချုပ်ဝတ်ကြရပါတယ်။ ဓါတ်ပုံတွေထဲမှာ၊ သီးနှံရောင်းချလို့ ရတဲ့ဝင်ငွေမှတ်တမ်း အတုတွေထဲမှာ “မြောက်တော” စိုက်ခင်းပျိုးခင်းရဲ့ အောင်မြင်မှုတွေ ရှိနေဘို့အတွက် ကျနော်တို့ရဲ့ F - 7 ကြားဖြတ် တိုက်လေယာဉ်တွေရှိရာ အမှတ် (၅) တိုက်လေယာဉ်အုပ်ရဲ့ လေယာဉ် ဆီစားနှုန်းတွေ အမြဲ မြင့်တက်နေဘို့ပဲ လိုအပ်နေပါတယ်။

စစ်တပ်ဆိုတဲ့ အဖွဲ့အစည်းတစ်ခုမှာ ရှိလိမ့်မယ်လို့ လုံးဝ ထင်မထားမိခဲ့တဲ့ ဖြစ်ရပ်တွေမှာ ကိုယ်တိုင် ပါဝင်ကြုံတွေ့နေရတဲ့ အဖြစ်ပါ။ ဒီ F - 7 တိုက်လေယာဉ်အုပ်မှာ မှတ်မှတ်ရရ ကျနော် နှစ်ခါပဲ ကင်းစောင့်ဘူး ပါတယ်။ ကျနော်တို့ တပ်မတော် (လေ) က တပ်တိုင်းလိုလိုမှာ ရှိနေတဲ့ အောက်ခြေစစ်သည်တွေရဲ့ “ဒေါ်လာဂျူတီ” ယဉ်ကျေးမှုကို သိလာရရုံတင်မက ကျနော်ပါ ဒီယဉ်ကျေးမှု ရေစီးကြောင်းထဲမှာ မျောပါနေခဲ့ပါတယ်။ ကျနော့်လို လူပျိုလူလွတ် မိသားစုလည်း မရှိတဲ့လူကတော့ ကင်းကျတဲ့အချိန် တပ်ပြင်ထွက် လည်ဖို့ပတ်ဖို့ အုပ်ချုပ်ရေးတပ်က မရှိရှားပါးစစ်သည်တွေကို “ဒေါ်လာဂျူတီ” စောင့်ဘို့ပဲ ငှားတာပါ။

မိသားစုရှိတဲ့ ကျနော်တို့အုပ်က အောက်ခြေ စစ်သည်တွေဟာ အုပ်ချုပ်ရေးတပ်က စစ်သည်တွေကို “ဒေါ်လာဂျူတီ” စောင့်ဖို့ငှားပြီးတော့ သူတို့ကိုယ်တိုင်က အပြင်မှာ အပိုထပ်ရမဲ့ အလုပ်မျိုးစုံကို လုပ်ကြပါတယ်။ သက်သာချောင်ချိရေး လေယာဉ်ဆီခွဲတမ်းနဲ့ အပိုဝင်ငွေ ရနေတာနဲ့တောင် မိသားစုအတွက် မလောက်မငှ ဖြစ်နေသေးလို့ အပြင်မှာ လိုင်းကား စပယ်ယာအလုပ်ကနေ မှောင်ခိုကယ်ရီအထိ ထွက်ပြီး လုပ်ကြပါတယ်။

ဒီလိုနဲ့ ကျနော်တို့ရဲ့ တစ်ပြည်လုံးက လေတပ်စခန်း ဌာနချုပ်တွေမှာ တပ်မတော် (လေ) တစ်ခုလုံးရဲ့ လုံခြုံရေး ယန္တယားကြီးဟာ “ဒေါ်လာဂျူတီ” နဲ့ လည်ပတ်နေပါတယ်။ တန်ဖိုးအနေနဲ့ ဒေါ်လာ သန်းပေါင်းရာ/ ထောင်ချီပြီး တန်ဖိုးရှိတဲ့ တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးတွေ၊ ရဟတ်ယာဉ်တွေရဲ့ လုံခြုံရေးကို သက်ဆိုင်ရာ လေတပ်က ကင်းတာဝန်ကျ စစ်သည်တွေကိုယ်စား တခြားလေတပ် အုပ်ချုပ်ရေးတပ်က “ဒေါ်လာဂျူတီ” လာစောင့်တဲ့စစ်သည်တွေက သေနတ်မကိုင်ပဲ ကင်းစောင့်နေကြရတာပါ။

ကျနော်တို့ လေတပ်ဟာ (၁၉၈၈) ရှစ်လေးလုံးလူထု အုံကြွမှုကြီးမှာ လူထုနဲ့ အရင်ဆုံးပူးပေါင်းခဲ့တဲ့ တပ်ဖြစ်လို့ ကျနော်တို့ကို တပ်မတော် (ကြည်း) က မယုံဘူးလို့ စီနီယာတွေဆီက မှတ်သားရဘူးပါတယ်။ ရန်သူ့ နယ်မြေနဲ့နီးလို့ သေနတ်ကိုင်ပြီး ကင်းစောင့်ခွင့်ရှိတဲ့ လေတပ်စခန်းတွေမှာလဲ သေနတ်ထဲက ကျည်ကပ်မှာ ကျည်ဆံတစ်တောင့်မှ မရှိကြပါဘူး။ ရှစ်လေးလုံး အရေးတော်ပုံကြောင့် တပ်မတော် (ကြည်း) က ကျနော်တို့ကို ဒီလို လုပ်ထားပေမယ့် ကျနော်တို့မှာလည်း ကိုယ့်ဟာနဲ့ကိုယ် “ဒေါ်လာဂျူတီ” အရေးတော်ပုံ ရှိနေတာကြောင့် ကျနော်တို့ တပ်မတော် (လေ) အောက်ခြေစစ်သည်တွေ၊ အကြပ်တွေ၊ အကြပ်ကြီးတွေက၊ တပ်မတော် (ကြည်း) ကို ကျေးဇူးတောင် တင်နေကြပါတယ်။ “ဒေါ်လာဂျူတီ” လာစောင့်တဲ့ တခြားတပ်က စစ်သည်က ကင်းစောင့်ရင်း မတော်တဆ ကျည်ဆံ ထွက်သွားတာတို့၊ အရက်မူးပြီး သေနတ်နဲ့ လျှောက်ပစ်မှာတို့၊ တပ်ကနေ ထွက်ပြေးသွားရင်လည်း သေနတ်ပါသွားတဲ့ အမှုကြီးမျိုးက လွတ်မှာတို့ကြောင့် ကျနော်တို့ တပ်မတော် (လေ) အောက်ခြေစစ်သည်တွေက တပ်မတော် (ကြည်း) ကို အရမ်းကိုကြိတ်ပြီး ကျေးဇူးတင် နေကြတာပါ။

ကျနော်တို့ရဲ့ တပ်မတော် (လေ) အရာရှိစစ်သည်တွေမှာ မှောင်ခိုဂိတ်ကြေး ကောက်စရာလည်း မရှိ သစ်ကွက်တွေ ဘာတွေဆိုတာလည်း လေယာဉ်ပေါ်ကပဲ တခါတခါ မြင်ဘူးကြ သူတပါးကို လည်ပင်းညှစ် မျက်ရည်ပေါက်ကြီး/ငယ် ကျအောင်လုပ်ပြီးမှ ကိုယ့်ဇနီးမယား စိန်နားကပ် ဆင်တာမျိုးနဲ့လည်း လုံးလုံးကင်းတဲ့အပြင် လေတပ်လေယာဉ်မျိုးစုံကို မောင်းကြတဲ့ လေသူရဲတွေက အသက်အန္တရာယ်နဲ့ရင်းပြီး လေတပ်ကြီးတစ်ခုလုံးရဲ့ အရာရှိစစ်သည်တွေနဲ့ မိသားစုတွေကို သမ္မာအာဇီဝကျကျ နို့ညှစ် ရှာကျွေးနေတာ ဖြစ်တယ်လို့ စီနီယာတွေ ပြောကြတာကို ကျနော် မှတ်သားထားပါတယ်။ လေသူရဲတွေဟာ ပျံသန်းချိန် နာရီများများမောင်းမှ သူတို့တွေဟာ အတွေ့အကြုံတွေ ရင့်ကျက်ပြီး ဝေဟင်ပေါ်မှာ ပျံသန်းနေတုန်း လေယာဉ် တစ်ခုခုဖြစ်ရင် အသက်အန္တရာယ် မရှိအောင် လေထဲမှာ ကြံဆလုပ်ဆောင်နိုင်မှာပါ။ ခုတော့ လေသူရဲတွေဟာ ပျံသန်းချိန် နာရီနဲနဲပဲ မောင်းပြီး လေယာဉ်ဆီ များများကျန်အောင် လုပ်ကြရတာကြောင့် ဝေဟင်ထဲမှာ အတွေ့အကြုံတွေ များများရရေးကို အများအတွက် စွန့်လွှတ်အနစ်နာခံ ကိုယ့်တပ် တစ်တပ်လုံးက အရာရှိစစ်သည်နဲ့ မိသားစုတွေရဲ့ သက်သာချောင်ချိရေးအတွက် အသက်နဲ့ရင်းပြီး လေတပ်စခန်း ဌာနချုပ်တိုင်းမှာ လုပ်ပေးနေကြရတာပါ။

တပြည်လုံးက တပ်မတော် (လေ) ရဲ့ လေသူရဲတွေဟာ ပျံသန်းမှုမှတ်တမ်းမှာ ပျံသန်းချိန် အများကြီးပြပြီး တကယ်တမ်းမှာ နာရီနဲနဲပဲ မောင်းနေကြရတာပါ။ လေသူရဲတွေက သက်စွန့်ဆံဖျား လုပ်ပေးကြသလို မြေပြင်က စက်မှုအရာရှိ/စစ်သည်တွေကလည်း လေသူရဲတွေ ချန်ပေးထားတဲ့ လေယာဉ်ဗိုက်ထဲက လေယာဉ်ဆီကို အပြင်ကို ချောချောမွေ့မွေ့နဲ့ ထုတ်ရောင်းပေးကြရပါတယ်။ အုပ်ချုပ်ရေးတပ်က အရာရှိ၊ စစ်သည်တွေကလည်း ဒုက္ခပေးလာကြမဲ့ သက်ဆိုင်ရာတွေရဲ့ ဘေးရန်က ကင်းအောင် ညှိနှိုင်းဆောင်ရွက် ပေးကြရပါတယ်။ ဒါဟာ ကျနော်တို့ လေတပ်ရဲ့ သုံးနားညီ တြိဂံပုံသဏ္ဍန် ပီပီပြင်ပြင် ဘက်ညီညီနဲ့ မတတ်သာလို့ ဒီလိုတွေ လှုပ်ရှားပြီး ရုန်းကန် ရှင်သန်နေကြတာပါ။ ဒါတွေ လုပ်နေကြရတာကိုလည်း ဘယ်သူကမှ စိတ်လိုလက်ရ ပျော်ပျော်ရွှင်ရွှင် မရှိကြပါဘူး။ ဒီလိုမှ မလုပ်ကြရင်လည်း တပ်မတော်(လေ)ရဲ့ အရာရှိစစ်သည်တွေနဲ့ မိသားစုတွေ ငတ်နေကြမှာမို့သာ လုပ်နေကြရတာပါ။

လေတပ်ရဲ့ အရာရှိစစ်သည်တွေထဲမှာ တစ်နေ့တစ်နေ့ စားဝတ်နေရေးအတွက် ပူပင်စိတ်သောက ရောက်နေကြတဲ့သူတွေ များလာနေပါပြီ။ လေသူရဲတွေကလည်း ကိုယ့်ရဲ့ လေယာဉ်ကို ကိုယ့်ဟာကိုယ် အယုံအကြည် နည်းလာနေကြပါတယ်။ မြေပြင်က အင်ဂျင်နီယာ အရာရှိတွေကလည်း လေယာဉ် အဆင်းအတက် ဘီးခေါက်မ၀င်အောင် တပ်ထားရမဲ့ pin လေး တစ်ချောင်း သူ့နေရာနဲ့သူ ရှိရဲ့လား ဆိုတာတောင် မစစ်ကြတောာ့တဲ့လူက များလာပါပြီ။ ဒါ့ကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေစီးတဲ့ “ဆင်ဖြူတော်” လို့ နံမည်ပေးထားတဲ့ ကျနော်တို့လေတပ်က MI - 17 ရဟတ်ယာဉ်ကြီးများ မူလီတစ်လုံးလောက် ကျွတ်နေရင်လို့ တခါတခါ ကျနော် စိတ်ပူမိပါတယ်။

(၂၀၀၂) ခုနှစ်တုံးက ကွယ်လွန်သူ အတွင်းရေးမှူး (၂) ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦး စီးတဲ့ ကျနော်တို့လေတပ်ကပဲ ဒီလို MI - 17 ရဟတ်ယာဉ်ကြီး သံလွင်တံတားမှာ ပျက်ကျခဲ့ဘူးတာလည်း ကျနော် မှတ်မိနေပါတယ်။ ကျနော်တို့ လေတပ်ကတော့ လေသူရဲတွေရော၊ အင်ဂျင်နီယာတွေရော၊ အုပ်ချုပ်ရေးဘက်ကရော အရာရှိတွေဟာ အပြင်လောက အရာင်းအ၀ယ်မှာ ပွဲစားလုပ်တာတို့ ဘောလုံးပွဲလောင်း၊ နှစ်လုံးတို့ သုံးလုံးတို့ ချဲထီတို့ လောင်းကြတာတွေမှာပဲ စိတ်ဝင်စားနေကြပါတယ်။ အောက်ခြေစစ်သည်တွေကတော့ “ဒေါ်လာဂျူတီ” နဲ့ နေ့စဉ်ဘ၀တွေကို ဖြတ်ကျော် နေကြရပါတယ်။ စားဝတ်နေရေးကို “ဒေါ်လာဂျူတီ” နဲ့ ဖြေရှင်းနေကြရတာဟာ မရှိမဖြစ် မလုပ်မဖြစ် အရှိတရားကြီးအဖြစ် အားလုံးကလက်ခံ လေတပ်ထဲမှာ အထိုင်ကျသွားတဲ့ ယဉ်ကျေးမှု တရပ်ဖြစ်လာခဲ့ပါပြီ။

အဲ့ဒါကြောင့် တပ်မတော် (လေ) မှာ ဘယ်အရာရှိကမှ ဒီကိစ္စကို ပြဿနာမရှာ အနှောက်အယှက်မပေး အောက်ခြေစစ်သည်တွေကို စာနာနားလည်စွာနဲ့ ခွင့်ပြုထားပြီးတော့ လေတပ်အရာရှိနဲ့ စစ်သည်တွေကြားက အထက်အောက် ဆက်ဆံရေးမှာ “ဒေါ်လာဂျူတီ” ကိစ္စဟာ ချစ်စရာ့ဓလေ့ ထုံးတမ်းတစ်ရပ် အဖြစ်ဖြင့် ကမ္ဘာဆုံးတိုင် တည်ရှိနေမယ်လို့တောင် ကျနော် ဥာဏ်မှီသလောက် ထင်မြင်ယူဆမိပါတယ်။ ဘ၀ပေး အခြေအနေအရ ကျနော်တို့ လေတပ်မှာ အရာရှိတွေရော စစ်သည်တွေရော လေတပ် အလုပ်ကလွဲရင် အကုန် လုပ်နေကြရပါတယ်။

အခုအတိုင်းသာ ဆက်သွားပြီး ဖြစ်ပျက်နေသမျှတွေကို မိုးခါးရေသောက်ကြတာပဲလို့ မျက်စေ့မှိတ် ယစ်မူးနေကြရင်တော့ တပ်မတော်ထဲမှာ အကျည်းတန်ဖြစ်ရပ်တွေ ပေါ်ပေါက်လာတော့မယ်လို့ ကျနော် ထင်နေမိလို့ပါ။ ကျနော် ဒါတွေ ပြောနေမိလို့ မိတ္ထီလာ (ရှမ်းတဲ) (လကသ) က F – 7 ကြားဖြတ် တိုက်လေယာဉ်တွေရဲ့ အမှတ် (၅) တိုက်လေယာဉ်အုပ်မှာ ကျနော် တာဝန်ကျခဲ့တုံးက ကျနော့်အပေါ် ကောင်းခဲ့ကြတဲ့ အုပ်မှူးအပါအ၀င် အရာရှိစစ်သည်တွေကို အားနာနေမိပါတယ်။ ဒါပေမဲ့ နိုင်ငံတော်ရဲ့မျက်နှာ တပ်မတော်ဆိုတဲ့ သမိုင်းဝင် အထင်ကရ အဖွဲ့အစည်းကြီးရဲ့ ဂုဏ်သိက္ခာတို့အတွက် ကျနော် မိဘပြည်သူတွေက တဆင့် တိုင်တည်ပြောဆိုနေမိတာပါ။

ဒါ့အပြင် အဲ့ဒီတုံးက ကျနော်တို့အပေါ် ကောင်းခဲ့တဲ့ ကျနော် သံယောဇဉ်ထားရှိတဲ့ ကျနော်တို့ဆရာသမား အမှတ် (၅) တိုက်လေယာဉ်အုပ်မှူးဟာ အခုအခါမှာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး မြတ်ဟိန်းပါ။ ကျနော်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ဟာ ကက (ကြည်း) စစ်ရုံးချုပ်က စစ်ဦးစီးမှူး (ဒုတိယတန်း) ဗိုလ်မှူးကို အသိပေးပြီးမှ တပ်မတော် (လေ) က လေယာဉ်တွေရဲ့ နေ့စဉ်ပျံသန်းမှုကို အမိန့်ပေးခွင့်ရှိပါတယ်။ ဒါပေမဲ့ ကျနော်တို့ လေတပ်ကနေ လေယာဉ်တွေပါ ထုတ်လုပ်ရမယ်လို့ ဗိုလ်ချုပ်မှူးကြီးက ခိုင်းနေတာကို မဖြစ်နိုင်ဘူးဆိုပြီး ခေါင်းမာမာနဲ့ တင်းခံနေတာမျိုး အတွက်တော့ ကျနော်တို့ လေတပ်က အရာရှိ စစ်သည်အားလုံးက ကျနော်တို့ရဲ့ ကာကွယ်ရေးဦးစီးချုပ် (လေ) ကို ကျေးဇူးတင် လေးစားနေကြတာပါ။ အဲဒီလို တာဝန်ယူတတ်တဲ့ ခေါင်းဆောင်ပီသလို့လည်း အမှားတွေကို ပြင်ဆင်မဲ့ ခေါင်းဆောင်အဖြစ် ကျနော်တို့ အားလုံးက မျှော်လင့်နေကြပါတယ်။

တကယ်တော့ ကြည်း/ရေ/လေ တပ်မတော်တစ်ခုလုံးရဲ့ အောက်ခြေက အရာရှိစစ်သည်တွေဟာ ဟိုးအထက်က စစ်ခေါင်းဆောင်ကြီးတွေရဲ့ လက်အောက်မှာ အဆင်ပြေနေကြတာ မဟုတ်ကြပါဘူး။ ကန့်သတ်ချုပ်ချယ်မှုတွေ၊ အကြောက်တရားတွေအပြင် ဘယ်သူ့ကို ယုံကြည်အားထားပြီး လက်တွဲ ကြရမယ်ဆိုတာ မသိနိုင်သလို ဖြစ်နေရတာကြောင့် ကိုယ့်ရဲ့ မိဘအစစ်ဖြစ်တဲ့ ပြည်သူတွေနဲ့ မပေါင်းစည်းမိကြတာလို့ ကျနော်လို အောက်ခြေအကျဆုံး စစ်သည်တစ်ဦးကတော့ စပြီး တွေးတော ထင်မြင်နေမိပါပြီ။ ကျနော်တို့ ကြည်း/ရေ/လေ တပ်မတော် အရာရှိ၊ စစ်သည်တွေအားလုံးဟာ "ပြည်သူသာအမိ ပြည်သူသာအဖ" ဆိုတာကို ပြန်သတိရကြပြီး ပြည်သူနဲ့ နီးနီးကပ်ကပ် ပေါင်းစည်းလာအောင် လုပ်ဆောင်ရေးကို ဦးစားပေး လုပ်ဆောင်ကြပါလို့ တပ်မတော်သားအချင်းချင်း တင်ပြပန်ကြားလိုက်ပါတယ် ခင်ဗျာ။

ဦးရော်နီညိမ်း။ ။ သောတရှင်များခင်ဗျာ၊ မူရင်းဆောင်းပါးတွေကို စည်းလုံးခြင်းရဲ့အင်အား အမည်နဲ့ အင်တာနက် websiteပေါ်မှာ အပြည့်အစုံ ဖတ်ရှုနိုင်ကြပါတယ်။ လိပ်စာကတော့ http://www.photayokeking.org ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းက (၁၉၄၄) ခုနှစ်မှာ တကမ္ဘာလုံးအနှံ့ ဖြစ်ပွားနေတဲ့ ဒီစစ်ပွဲကြီးကို အဆုံးသတ် ငြိမ်းချမ်းရေးရယူကြပြီး ကမ္ဘာ့သမိုင်းကို ပြောင်းလဲပစ်နိုင်အောင် ရည်ရွယ်ကြိုးပမ်း လုပ်ဆောင်ခဲ့လို့ ဂျာမန်တပ်မတော်ထဲမှာ သေဒဏ်ပေးခြင်းခံရသူ ဒုတိယဗိုလ်မှူးကြီး ခလောက်(ခ်)ရှိန့်(က်) ခါဖယ်(န်) စတော့ဖယ်(န်)ဘာ့(ဂ်) (Lt. Col. Claus Schenk Graf von Stauffenberg) ကွယ်လွန်ခဲ့တာ ဒီနှစ်မှာ (၆၆) နှစ်ရှိခဲ့ပါပြီ။ တကမ္ဘာလုံးကို ဒုက္ခပေးနေသူ နာဇီခေါင်းဆောင် ဟစ်တလာကို ဖယ်ရှားပြီး ငြိမ်းချမ်းရေးရအောင် ကြိုးပမ်းခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ခလောက်(ခ်)ရှိန့်(က်) ခါဖယ်(န်) စတော့ဖယ်(န်) ဘာ့(ဂ်)ကို အာဇာနည်မျိုး သေရိုးမရှိ ဆိုသလို ဒီကနေ့ ဂျာမဏီနိုင်ငံမှာ သူ့နံမည် အထိမ်းအမှတ် လမ်းတွေ၊ အဆောက်အဦးတွေ ပန်းခြံတွေနဲ့ သူရဲကောင်းအဖြစ် ဂုဏ်ပြုထားကြပါတယ်။ မြန်မာနိုင်ငံမှာလည်း မြန်မာ့သမိုင်းကို အကောင်းဘက်ကို ဦးတည်ပြောင်းလဲသွားအောင် ၁၉၇၆ခုနှစ်တုံးက ကြံစည်ကြိုးပမ်း လုပ်ဆောင်ခဲ့တဲ့ ဗိုလ်ကြီး အုန်းကျော်မြင့်ဆိုသူ အရာရှိတစ်ဦး မြန်မာ့တပ်မတော်ထဲမှာ ရှိခဲ့ပါတယ်။ ဒုတိယဗိုလ်မှူးကြီး ခါဖယ်(န်) စတော့ဖယ်(န်)ဘာ့(ဂ်) နဲ့ တို့ ဗိုလ်ကြီးအုန်းကျော်မြင့်တို့ရဲ ကြိုးပမ်းမှုတွေကို နှိုင်းယှဉ်ပြီး မြန်မာ့တပ်မတော် တပ်မှူးဟောင်းတချို့က ဗီအိုအေကို ပြောကြားကြသမျှကို “တပ်မှူးတပ်သား ပြောစကား” အပတ်စဉ်ကဏ္ဍမှာ တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ကျနော် ရော်နီညိမ်းပါ။

Last Updated ( Tuesday, 04 October 2011 17:03 )  

နောက်ဆုံးရသတင်းများ