VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၇)
ဖက်ဆစ်ဂျပန်တော်လှန်ရေး သူရဲကောင်း ဗိုလ်မှူးကြီးဗထူးရဲ့သား
ရေကြည်အိုင်မှာ ရေတိမ်နစ်ခဲ့ရတဲ့ ဗိုလ်ကြီးမြင့်ထူး (အပိုင်း - ၃)
ဦးခင်မောင်ညွှန့်။ ။ ဒီဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးကြည်မောင်တို့နဲ့ကိစ္စတွေက နော်။ သူတို့နဲ့ နီးစပ်တော့ ဖမ်းတာကလည်း သူတို့နဲ့နီးရာပါ ပုဂ္ဂိုလ်တွေပဲဆိုပြီး သိမ်းကျုံး ဖမ်းတဲ့အထဲမှာ ကျနော်တို့ ပါတာကိုတော့ ကျနော်တို့ သိရတယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ကျနော်တို့ ဒီမှာ အန်ကယ် ရေးထားတဲ့ “သပြေတစ်ခက် ကြွေရက်ကယ်စော” ထဲမှာ အန်ကယ်တို့ ဒီ Cell ထဲမှာ ညှင်းပန်း နှိပ်စက် ခံရပြီး နောက်ပိုင်းမှာ အန်ကယ်တို့တွေ အကုန်လုံး အိမ်တစ်အိမ်မှာ စုပြီးတော့ ထည့်ထားတယ်။ အန်ကယ်နဲ့အတူ တစ်အိမ်တည်းကျနေတဲ့ ရေတပ်က ဗိုလ်မှူးဘသော် (ခေါ်) စာရေးဆရာ မောင်သော်က ဘာအတွက်နဲ့ သူကရော အဖမ်းခံရပြီး ရောက်လာတာလဲ ခင်ဗျ။
ဦးခင်မောင်ညွှန့်။ ။ ဗိုလ်စင်္ကြာ ကိစ္စနဲ့ ပတ်သက်လို့ အနွယ်ပေါ့နော် အဲဒီမှာသူ …
ဦးရော်နီညိမ်း။ ။ ဗိုလ်စင်္ကြာဆိုတာ ကျနော်တို့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်စင်္ကြာလား ခင်ဗျား။
ဦးခင်မောင်ညွှန့်။ ။ ဟုတ်ပါတယ်ခင်ဗျ။ ဟုတ်ပါတယ်။ သူကနေ ရှမ်းပြည်ကနေ တဆင့်ပေါ့လေ။ ယိုးဒယားကို ထွက်သွား တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ အဲဒီမှာသူ အဆွဲခံရတယ် လို့ဘဲ ယုံကြည်ထား ပါတယ်။ ဒါပေမယ့် ဗိုလ်မှူး ဘသော်က တစ်ကြိမ် တစ်ခါမှ သူဘာကြောင့်မို့လို့ အဖမ်းခံရတယ်၊ ဘာတယ် ညာတယ် ဆိုတာတော့ လုံးဝပေါ့လေ မထုတ်ဖော်ဘူး။ သို့သော်လည်း သူကိုယ်၌ ကိုယ်ကကိုတော့ ဒီတော်လှန်ရေး ကောင်စီ အစိုးရနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ကိုတော့ လုံးဝ သူ မထောက်ခံဘူး၊ မကြည်ညိုဘူး ဆိုတာကိုတော့ အတိအကျ သိခဲ့ရ ပါတယ်။

ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့လေ ဗိုလ်မှူးဘသော်နဲ့ အန်ကယ်တို့ တစ်ညမှာ သတိထားမိလိုက်တယ်ပေါ့နော်။ အဲဒီမှာ အန်ကယ်တို့ အကဲကြည့်နေရာလေး ဖန်တီးထားပြီးတော့မှ အဲဒီနေရာကနေတော့မှ ဒီခြံစည်းရိုးကြားလေးကနေမှ ကြည့်တဲ့အတွက်ကြောင့်မို့လို့ အဲဒီညဟာ (နောက်ပိုင်းမှာတော့) ဒီ ဗိုလ်ကြီးမြင့်ထူး ကွယ်လွန် သွားလို့ သူ့အလောင်းကို ထုတ်ယူသွားတယ်လို့ ယူဆရတဲ့ ညပေါ့နော်။ အဲဒီညက ဗိုလ်မှူးဘသော်နဲ့ အန်ကယ်တို့ အဲဒီလိုမျိုး တွေ့မြင်လိုက်ရတဲ့ မြင်ကွင်းလေးကို အတိုချုံးပြီး ပြောပြပေးပါခင်ဗျ။
ဦးခင်မောင်ညွှန့်။ ။ ကျနော်တို့က အဲဒီညမှာပေါ့ နော်။ ဒီဝင်းအတွင်းမှာပဲ ဖြည်းဖြည်းချင်း လမ်းလျှောက်နေကြတာပေါ့ နော်။ အိပ်လည်း အိပ်ချင်စိတ်မရှိသေးတာနဲ့ အဲဒီအချိန်မှာ ကျနော်တို့ ထောင်ဗူးဝဆီကနေ လူတစ်ယောက် ပြေးတဲ့အသံကို ကျနော်တို့ ကြားလိုက်ရတယ်။ ထောင်ဗူးဝက တံခါးပွင့်ပြီးတော့ ကားတစ်စင်းထိုးဆိုက်တဲ့ အသံ ကြားတယ်ပေါ့။ မကြာခင်ဘဲ ရဲဘော်တချို့ပေါ့ နော်။သူတို့ ထမ်းစင်တစ်ခု ယူလာပြီးတော့ ထောင်ဗူးဘက်ကို ပြန်ပြီး ထွက်လာတဲ့အချိန်မှာတော့ ထမ်းစင်ပေါ်မှာပေါ့နော်။ သူတို့ တစ်ယောက်ကို အ၀တ်တွေလွှမ်းပြီးတော့ ထမ်းပြီးထုတ်လာတာပဲ မြင်ရတယ်ပေါ့၊ ထောင်ဗူးဝ အပြင်ရောက်ပြီးတော့လည်း ကားကလည်း တခါတည်း တရှိန်ထိုးဘဲ၊ မောင်းထွက်သွားသံကို ကြားလိုက်ရတယ်။ အဲဒီတော့ ထမ်းစင်နဲ့ ခေါ်ထုတ်သွားတဲ့လူဟာ ဘယ်သူလဲ၊ ဘာဖြစ်တာလဲ။ ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာလား။ ဒါမှမဟုတ် နေထိုင်မကောင်းတာလား ဘာတွေများ ဖြစ်နိုင်မလဲပေါ့နော်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အန်ကယ်တို့ အိမ်က သတင်းစာဖတ်ခွင့်ရတယ်ပေါ့ နော်။
ဦးခင်မောင်ညွှန့် ။ ။ ဟုတ်တယ်၊ ဟုတ်တယ်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ သတင်းစာ ဖတ်ခွင့်ရတဲ့အခါမှာ၊ နာရေးကြော်ငြာနေရာမှာ ဘလိတ်ဓားလေးနဲ့ လှီးပြီး ဖြတ်ထုတ်ထားတဲ့နေ့ကို၊ အန်ကယ်တို့ ကြုံလိုက်ရတယ်။ အဲဒီ၊ ခုနတုန်းက လူတစ်ယောက်ကို ထမ်းစင်နဲ့ထုတ်ပြီး ပြေးသွားပြီး မကြာဘူးဘဲ။ အဲဒါက ဆက်စပ်တဲ့အခါမှာ နောက်ပိုင်းမှာ၊ ဒါဟာ ဗိုလ်ကြီးမြင့်ထူးကို ထုတ်သွား တာ။ နောက်တစ်ခါ ဗိုလ်ကြီးမြင့်ထူး သေသွားပြီ။ အပြင်မှာ အဲဒါကို တနေရာမှာ စစ်ဆေးရုံမှာဘဲ ငှက်ဖျားနဲ့ သေသွားသလိုလိုနဲ့ နာရေးသတင်းထဲမှာ ထည့်တယ်ဆိုတဲ့ဟာမျိုး၊ နောက်ပိုင်းမှာ အန်ကယ်တို့က ပြန်ပြီးသိရတယ်၊ ဆိုတော့၊ အဲဒီ အချုပ်အိမ်ထဲမှာ နေနေတုန်းမှာ၊ ဒီ အဲဒီနေ့က အန်ကယ်ရေးထားတဲ့အထဲမှာ ပါတယ်လေ။ အဲဒီနေ့တုန်းက၊ လုပ်သားပြည်သူ့ နေ့စဉ်သတင်းစာမှာ၊ ဘလိတ်ဓားနဲ့ လှီးထားတဲ့ အဲဒီနေရာမှာ ကွက်လပ်ကြီး ဖြစ်နေတယ်။ အဲဒါကြောင့်မို့ ဘာလဲ၊ သို့လော… သို့လော။ ဒီဥစ္စာက ဒီ အချုပ်ထဲမှာ နေတဲ့လူတွေကို မသိစေချင်တဲ့ သတင်းတွေဆိုရင် အဲဒီလိုပဲ ဖြတ်ထုတ်တယ်။ အဲဒီတော့ ဒီမှာ နာရေးကြော်ငြာမှာ ရှိနေတဲ့၊ သေသွားတဲ့ လူတစ်ယောက်ကို ရေကြည်အိုင်ထဲမှာ ရှိနေတဲ့လူတွေ မသိစေချင်ဘူး ဆိုတဲ့ဟာက၊ အန်ကယ်တို့မှာ ပဟေဠိ ဖြစ်နေတယ်ဆိုပြီးတော့ အဲဒီထဲမှာ ပါပါတယ်။
ဦးခင်မောင်ညွှန့်။ ။ နှစ်ရက်၊ သုံးရက်လောက်ရှိတဲ့ အချိန်မှာ ဒီလိုဘဲ သတင်းစာ ရကြပြုကြတော့ အဲဒီ နာရေးကြော်ငြာ တစ်ခုမှာပေါ့လေ၊ ဘလိတ်ဓားနဲ့ဘဲပေါ့ ဖြတ်ထား၊ ပြုထားတယ်။ လှီးဖြတ်ထားတော့ ဗိုလ်မှူးဘသော်နဲ့ ပြောကြတာ၊ အေး... ဒါ ဟိုတစ်နေ့က ထုတ်သွားတဲ့လူနဲ့ ပတ်သက်တဲ့ဟာမျိုးပဲ ဖြစ်လိမ့်မယ် ထင်တယ်နော်။ ဒီလူဟာ ဘယ်သူ ဘယ်ဝါလဲ ဘယ်သူများ ဖြစ်မလဲ၊ ဒို့မသိစေချင်လို့ဘဲ သူတို့ ဖြတ်တာဘဲလို့၊ အဲဒီလိုဘဲ တွက်ကြတယ်ပေါ့နော်။ ဟုတ်ကဲ့။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အန်ကယ်ဦးခင်မောင်ညွှန့်၊ ဒီ “သပြေတစ်ခက် ကြွေရက်ကယ်စော” ထဲမှာ အန်ကယ် ဦးခင်မောင်ညွှန့်က (၁၉၆၈) ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှာ ရေကြည်အိုင်ကနေ ပြန်လွတ်တယ်ပေါ့နော်။ ဒါတောင်မှ ကိုယ်က နောက်ကျပြီးမှ လွတ်တာ။ ဘာကြောင့်လဲဆိုတော့ အန်ကယ်က စာတမ်းတစ်စောင်ရေးပြီးတော့ ဗိုလ်ချုပ်ကြီးနေ၀င်းဆီကို တင်တာကို မကြိုက်ဘူးပေါ့နော်။ ဒီမျက်မှန်ကြီး ဒုဗိုလ်မှူးကြီး တင်ဦးက ဒီအတွက်ကြောင့်မို့လို့ မင်းကို ချက်ချင်းမလွှတ်တာ ဆိုပြီးတော့ ပါပါတယ်။ အဲဒီတော့ အန်ကယ့်ကို ကျနော် မေးချင်တာက အန်ကယ် (၁၉၆၈) ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှာ လွတ်လာတဲ့ အချိန်အထိ ဗိုလ်ကြီးမြင့်ထူးသည်လည်း အန်ကယ်နဲ့ အတူတူ ဘဲ….
ဦးခင်မောင်ညွှန့်။ ။ (၁၉၆၅) ခု၊ ဇွန်လ (၇) ရက်နေ့မှာကတော့ အန်ကယ်က အဖမ်းခံရတာ။ ဒါပေမဲ့ ကိုမြင့်ထူးကတော့ အဲဒီဇွန်လထက် စောပြီးတော့ မေလထဲမှာ ဖြစ်မလား။ ဒါမှမဟုတ်လို့ရှိရင် နှစ်ရက်သုံးရက်ပဲ ခြားမလားတော့ မသိဘူးပေါ့ နော်။ သူသေချာ အဖမ်းခံရတဲ့ Date တွေ သို့သော်လည်း သူ ရေကြည်အိုင်မှာ ရောက်နေတယ် ဆိုတာတော့ ဘာလို့သိရသလဲဆို၊ အဲဒီ ရောက်တဲ့ညမှာဘဲ ပုသိမ်ကနေ ပို့လိုက်ပြီးတော့၊ အဲဒီ ရောက်တဲ့ညမှာပဲ၊ အဲဒါ မျက်မှန်တင်ဦးက မင်း အကုန်လုံးပြော၊ မြင့်ထူးကလည်း အကုန်လုံး ပြောပြီးပြီ၊ ဘာပြီ ညာပြီ ဆိုပြီးပြောတော့ အဲဒါ ကိုမြင့်ထူး ရောက်နေပြီဆိုတာ သိလိုက်တယ်ပေါ့နော်။
ဦးရော်နီညိမ်း။ ။ (၁၉၆၈) ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှာ အန်ကယ်လွတ်လာတော့ ဗိုလ်ကြီးမြင့်ထူးက လွတ်သလား မလွတ်ဘူးလားဆိုတာ အန်ကယ် မသိရဘူးပေါ့နော်။
ဦးခင်မောင်ညွှန့်။ ။ အဲဒီဟာက ဒီလို။ အဲဒီတော့ (၂၂) ရက်နေ့မှာ သူတို့ လွှတ်လိုက်တယ်။ နောက်တစ်ရက် ထုတ်တဲ့ သတင်းစာတွေထဲမှာ သူတို့က ထိန်းသိမ်းထားတဲ့ ပုဂ္ဂိုလ်တွေကို လွှတ်တယ် ပြုတယ်ဆိုတော့ ဟိုနိုင်ငံရေး ခေါင်းဆောင်တွေလည်း ပါတယ်ပြုတယ် ပေါ့။ အန်ကယ့်နာမည်လည်း ပါတယ် ပြုတယ်။ ဒါပေမယ့် ကိုမြင့်ထူးနာမည်ကျ မပါဘူး။ အဲဒီတော့မှ သူမပါသေးပါလား နော်။ သူဘဲ ကျန်နေသေးသလား၊ ဒါမှမဟုတ်ရင် သူ ဘယ်မှာလဲ။
ဦးရော်နီညိမ်း။ ။ အဲဒီတော့ အန်ကယ် အဲဒီအချိန်ထိ၊ ခုနတုန်းက ဒီ နာရေးကြော်ငြာ ကွက်လပ်ဖြစ်နေတာက အဲဒါနဲ့ အန်ကယ်နောက်ပိုင်းမှာ၊ ဗိုလ်ကြီးမြင့်ထူး ဆုံးသွားပြီ ဆိုတာနဲ့ ဘယ်လိုဆက်စပ်ပြီးတော့၊ သိရှိပါသလဲ ခင်ဗျ။
ဦးခင်မောင်ညွှန့်။ ။ သူများတွေ လွတ်တာပေါ့နော်။ သူ့ထက်တောင် အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ လွတ်တာပြုတာ။ သူတစ်ယောက်ဘဲ မလွတ်ဘူး ဆိုတော့ အဲဒီကတည်းက သူနဲ့ပတ်သက်ပြီးတော့ တော်တော်ကိုပေါ့လေ စိတ်ထဲမှာတော့ တော်တော်လေး စိတ်မကောင်းဖြစ်တာပေါ့။ တစ်စုံတစ်ခုတော့ဖြစ်ပြီ ဆိုပြီး စိတ်ထဲမှာ စွဲစွဲမြဲမြဲ ထင်ခဲ့တယ်ပေါ့ နော်။ ထင်ခဲ့တယ်ဆိုတာထက် ယုံကြည်တာက ပိုပြီးတော့ ဟိုဟာဖြစ်တယ်၊ ပြုတယ်။ နောက်ပိုင်း အဲလိုပဲ လိုက်လိုက်ပြီးတော့ စုံစမ်းတော့ပြုတော့ ဒီလိုဒီလိုဘဲပေါ့။ ဆေးရုံမှာပေါ့နော်။ ဒီငှက်ဖျားနဲ့ပေါ့လေ ဆုံးသွားတယ်။ စစ်ဆေးရုံမှာပဲ ဆုံးသွားတယ်၊ ပြုသွားတယ်။ အဲဒီသတင်းကတော့ အန်ကယ်တို့ ကြားရတယ်ပေါ့နော်။ ဂဃနဏ သိရတာကတော့ ကိုအောင်သူကနေ ပြောပြမှဘဲ အန်ကယ်တို့က ဒီဟာတော့ Confirmation ဆိုတဲ့ ဟာမျိုးကို အန်ကယ်တို့ချလို့ ရတယ်။ စစ်အာဏာရှင် စနစ်ရဲ့အောက်မှာ ပေါ့နော်။ သူယုံကြည်တဲ့ ဒီမိုကရေစီအရေး လွတ်လပ်ရေး၊ ငြိမ်းချမ်းရေး၊ အဲဒါတွေအတွက်ကို သူက စတေးခံခဲ့ရတယ် နော်။ ရက်ရက်စက်စက်ပေါ့ နော်။ သူ ညှင်းဆဲခံရပြီးတော့ သူဟာ တစ်ခါတည်း သူ့ဝိညဉ်လိပ်ပြာဟာ လွင့်စင်သွားတယ် ဆိုတာကို အန်ကယ်က ရရှိတဲ့အထောက်အထားတွေအရ ဒါကို တိုင်းပြည်ကို အသိပေးပါတယ် နော်။ အသိပေးပါတယ်။
ဦးရော်နီညိမ်း။ ။ ဒီ ဗိုလ်ကြီးမြင့်ထူးဟာ သူဘယ်လို အဖမ်းခံရတယ်၊ သူဘယ်လို နှိပ်စက် အညှင်းပန်းခံရတယ် ဆိုတာကို၊ ဒီ သူနဲ့ အခန်းချင်းကပ်လျှက် အကျဉ်းသားဖြစ်တဲ့ ကိုအောင်သူကို ပြောပြခဲ့တယ်။ အဲဒီ ကိုအောင်သူကလည်း အန်ကယ့်နောက်ပိုင်းမှာ ထောင်ကလွတ်လာပြီးတော့၊ (၁၉၇၀) ခုနှစ်မှာ အန်ကယ်နဲ့ တွေ့တယ်ပေါ့၊ နော်။ ကိုအောင်သူကို ဗိုလ်ကြီးမြင့်ထူး ပြောတဲ့အထဲမှာ အန်ကယ့်ရဲ့နာမည်လည်း ပါတယ်။ ပါတဲ့အတွက်ကြောင့်မို့လို့ ကိုအောင်သူက အပြင်ရောက်လာပြီး အန်ကယ်နဲ့တွေ့တဲ့အခါမှာ သူယုံယုံကြည်ကြည်နဲ့ ဗိုလ်ကြီးမြင့်ထူး ပြောတာတွေ အကုန်လုံး ပြန်ပြောပြတယ်ပေါ့နော်။ အဲဒီတော့ ဒီအပိုင်းက အန်ကယ်ရဲ့ ဒီ “ သပြေတစ်ခက် ကြွေရက်ကယ်စော”ဆောင်းပါးထဲမှာ ကျနော်တို့ အပြည့်အစုံ ဖတ်ရပါတယ်။ အဲဒီတော့ အန်ကယ် ဗိုလ်ကြီးမြင့်ထူး ဆုံးသွားပြီ ဒီ ရေကြည်အိုင်ထောင်ထဲမှာပဲ ဆုံးသွားပြီဆိုတာ အန်ကယ် အခု ကျိန်းသေပေါက် သိသွားပြီ။ ဒီ ကိုအောင်သူရဲ့ ပြောပြချက်အရ ဆိုတဲ့အခါကျတော့ အန်ကယ် ထောက်ပြထားတာ တစ်ချက်ရှိတယ်လေ၊ မြန်မာပြည်မှာ တစ်ခါမှ မကြုံဖူး မကြားဖူးဘူး၊ မြန်မာလူမျိုးအချင်းချင်း ဒီလိုမျိုး စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးတော့မှ ဒီလိုမျိုး ကမ်းကုန်အောင် ခုနလိုမျိုး ရက်စက်တာပေါ့နော်။ အဲဒီဟာမျိုးကို ကြုံလိုက်ရတဲ့အခါမှာ ဒီလိုမျိုး ပုဂ္ဂလိက မကျေနပ်တာတို့၊ စိတ်ထိခိုက်ခံစားတာတို့ အပြင် ဒီ နိုင်ငံရေးသဘောအရ အန်ကယ် ဘယ်လိုမြင်လဲ။ အန်ကယ် ထောက်ပြထားတာ နောက်တစ်ခုက ထောက်လှမ်းရေး တပ်မှူးဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီးတင်ဦးက သူ့ဘ၀တက်လမ်းအတွက် ဒီနိုင်ငံရေး အကျဉ်းသားတွေကို သူက ရင်းတာ။ အဲဒီတော့ ဒီနိုင်ငံရေး အကျဉ်းသားတွေဟာ တကယ်ပဲ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ တော်လှန်ရေးကောင်စီ အစိုးရကို တစ်ခါတည်းကို ဒုက္ခပေးတော့မယ့် လူတွေ သဘောမျိုးနဲ့ ဒီလူတွေကို ညှင်းဆဲပြပြီးတော့မှ သူ့ရာထူး တိုးတက်ရေးကို သူကလုပ်နေတယ်၊ သူ့ရှေ့မှာ ရှိနေတဲ့ ဗိုလ်မှူးကြီးချစ်ခင်တို့ ဗိုလ်မှူးကြီးမောင်လွင်တို့ကို ကျော်ပြီး သူ တက်ချင်နေတယ်။ ဒီလိုမျိုး အန်ကယ်ထောက်ပြထားတာ ရှိပါတယ်။ အဲဒီ အနေအထားနဲ့ ဒီနေ့ခေတ် နိုင်ငံရေးအရ အန်ကယ် သုံးသပ်ပေးပါခင်ဗျ။
ဦးခင်မောင်ညွှန့်။ ။ဗိုလ်ကြီးမြင့်ထူးတို့လိုပဲ ဒီမိုကရေစီအရေး၊ လူမှုလွတ်လပ်ရေး အခွင့်အရေး၊ အမျိုးသားရေးတွေအတွက် တိုက်ပွဲဝင်ရင်းနဲ့ စစ်ထောက်လှမ်းရေးတို့ရဲ့ ငရဲခန်းမှာနော် ရေတိမ်နစ်ခဲ့ရတဲ့ ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ အလုပ်သမား၊ လယ်သမား၊ လူမျိုးစု အရေအတွက်ကလည်း ဗမာပြည်မှာ ဒုနဲ့ဒေး ရှိနေပါတယ်၊ မျက် မှန်တင်ဦးတို့ခေတ်က အသုံးပြုခဲ့တဲ့ ရက်စက်၊ ယုတ်မာ၊ လူမဆန်အောင် ညှင်းပန်းနှိပ်စက်မှု မျိုးစုံရှိသလို ဗိုလ်ခင်ညွှန့် MI ခေတ်ကလည်း တစ်မျိုးတစ်ဖုံပေါ့ ဗျာ။ အခု ဒုဗိုလ်ချုပ်ကြီး ရဲမြင့်တို့ရဲ့ ခေတ်မှာလည်း ပေါ့လေ။ ရက်စက်မှု နည်းပေါင်းစုံတွေကတော့ သူ့နည်းသူ့ဟန်နဲ့ ရှိနေမှာဘဲ ခင်ဗျ။ အဲဒီတော့ စစ်ထောက်လှမ်းရေးတို့ ဒီလောက်ပေါ့ နော်။ တန်ခိုးအာဏာ အရှိန်အ၀ါ ကြီးရတာလည်း စစ်အာဏာရှင် စနစ်ကြောင့်ပဲလို့ ပြောနိုင်တယ်။
ဒီမိုကရေစီစနစ် ကျင့်သုံးတဲ့ နိုင်ငံမှာ စစ်တပ်ရဲ့ အစိတ်ပိုင်း တစ်ခုသာဖြစ်တဲ့ စစ်ထောက်လှမ်းရေးတို့ရဲ့ အဓိက တာဝန်ဟာ မြေပြင်မှာ နော်။ တိုက်ခိုက်ရမယ့် ရန်သူရဲ့နည်းပရိယာယ်၊ လူသူ၊ လက်နက်၊ ရိက္ခာ၊ ဆက်သွယ်ရေးလမ်းကြောင်း၊ ဒါ စစ်နဲ့ပတ်သက်တာတွေ ထောက်လှမ်းရတယ် ခင်ဗျ၊ နော်။ ကျနော်တို့ နိုင်ငံမှာကတော့ စစ်အာဏာရှင်စနစ်ဆိုးကြီး သက်ဆိုးရှည်ဖို့အတွက် ဗိုလ်ချုပ်ကြီးတွေက ထောက်လှမ်းရေးကို အဓိက ဒေါက်တိုင်အနေနဲ့ ဆက်လက်ပြီးတော့ သုံးစွဲနေပါတယ်။ အဲဒီတော့ အထူးသဖြင့် ကျနော် ပြောချင်တာကတော့ နော်။ ကျနော်တို့လူမျိုး၊ ကျနော်တို့နိုင်ငံ၊ အမြဲထာဝရ လေးစားမြတ်နိုး တန်ဘိုးထားပြီးတော့ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက လက်ဆင့်ကမ်း ပေးခဲ့တဲ့ တရားမျှတရေး၊ အမျိုးသား စည်းလုံးညီညွှတ်ရေး၊ ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ ဒါတွေရဲ့ အဓိက တမျိုးသားလုံးရဲ့ရန်သူဟာ စစ်အာဏာရှင်စနစ်ဖြစ်တယ်ဆိုတာ ကျနော်တို့ သိရမယ်ခင်ဗျ။ ဒီဟာကို တရားခံစစ်စစ် စစ်အာဏာရှင် စနစ်ဆိုးကို ကျနော်တို့ ရွှံ့ရှာမုန်းတီး ဒေါမာန်ဟုန် ကြီးနေရုံနဲ့တော့ ကျနော်တို့ မပြီးသေးဘူး။ ဒီ စစ်အာဏာရှင်စနစ်ကြီး မြေမြှုပ် သင်္ဂြီုဟ်ပြီးစီးရေးအတွက် ကျနော်တို့ ကျရာအခန်းက လုပ်ဆောင် တာဝန်ကျေမှသာနော်၊ ဗိုလ်ကြီးမြင့်ထူးတို့လို ပုဂ္ဂိုလ်မျိုးအပေါ် တခြား ကျနော်တို့ နိုင်ငံအတွက် စွန့်လွှတ်သွားတဲ့ ကျနော်တို့ အာဇာနည်တွေအပေါ်မှာပေါ့၊ ကျနော်တို့ သစ္စာတရားဟာ ထာဝရ လေးနက်တည်ကြည် တောက်ပြောင်နေမယ်လို့ပဲ ထင်ပါတယ်။
ဦးရော်နီညိမ်း။ ။ စစ်တက္ကသိုလ် ဗိုလ်သင်တန်းအပတ်စဉ် (၁) က ကျောင်းဆင်းခဲ့တဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့် ကိုယ်တိုင်ပြောပြတဲ့ သူ့ရဲ့အရင်နှီးဆုံး မိတ်ဆွေသူငယ်ချင်း OTS ဗိုလ်သင်တန်း အပတ်စဉ် (၂၆) က ဗိုလ်ကြီးမြင့်ထူးတစ်ယောက် ရေကြည်အိုင်အကျဉ်းထောင်မှာ ကျဆုံးခဲ့ရတဲ့အကြောင်း၊ နောက်ဆုံးပိုင်းကို တင်ဆက်ခဲ့တာ ဖြစ်ပါတယ် ခင်ဗျား။ ဒီအကြောင်း ဗိုလ်ကြီးခင်မောင်ညွှန့် ကိုယ်တိုင်ရေးသားထားတဲ့ “သပြေတစ်ခက် ကြွေရက်ကယ်စော” ခေါင်းစဉ်နဲ့ ဆောင်းပါးကိုတော့ အင်တာနက်ပေါ်က “စည်းလုံးခြင်းရဲ့အင်အား” ဆိုတဲ့ ခေါင်းစဉ်နဲ့ website မှာ ဖတ်ရှုနိုင်ပါတယ်။ လိပ်စာကတော့ http://www.photayokeking.org ဖြစ်ပါတယ် ခင်ဗျာ။ ကျနော် ရော်နီညိမ်းပါ။
| < Prev | Next > |
|---|

