VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၆)
ဖက်ဆစ်ဂျပန်တော်လှန်ရေး သူရဲကောင်း ဗိုလ်မှူးကြီးဗထူးရဲ့သား
ရေကြည်အိုင်မှာ ရေတိမ်နစ်ခဲ့ရတဲ့ ဗိုလ်ကြီးမြင့်ထူး (အပိုင်း - ၂)
ဦးခင်မောင်ညွှန့်။ ။ ဗိုလ်မှူးကြီး ကြည်မောင်က ကျနော်တို့ရဲ့ ဧရာဝတီတိုင်းမှာ သူက ကျနော်တို့ရဲ့တိုင်းမှူးပေါ့ ခင်ဗျာ။ အနောက်တောင်တိုင်း တိုင်းမှူး၊ ဒါပေမယ့် တိုင်းမှူးနဲ့ ကျနော်တို့ ဒီတပ်စုမှူး အဆင့်ဆိုတာ အင်မတန်မှ ကွာခြားတာပေါ့ နော်။ သို့သော်လည်း သူကလည်း ပွင့်ပွင့်လင်းလင်း စကားပြောရင်း ပြုရင်းနဲ့မှ သူ့အကြောင်းတွေ ပြောပြ၊ သူ့ ခံစားချက်တွေ ပြောပြပေါ့နော်။ အဲဒီတော့မှ ကျနော်တို့က သူတို့ဆီကနေ အပြင်လောက က လူတွေ မသိနိုင်တဲ့ အချက်အလက်တွေ ကျနော်တို့ သိလာရတာပေါ့။ (၆၂) ခုနှစ် အာဏာသိမ်းတာတို့၊ တပ်ထဲမှာ တော်လှန်ရေး ကောင်စီ အတော အတွင်းမှာ ဖြစ်ပျက် တာတို့၊ စီးပွားရေး မူကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ အချင်းများကြတာ တို့နော်။
ဟို….. ငွေစက္ကူ ရာတန်တွေ၊ ငါးဆယ်တန်တွေ ဒါ သိမ်းတဲ့ကိစ္စတွေ အမျိုးစုံပေါ့ဗျာ၊ နောက်ပြီး ဂျပန်ကို စစ်လျော်ကြေး သွားပြီးတော့ တောင်းတဲ့ အခါမှာဖြစ်တဲ့ ပြဿနာတွေ၊ အဲဒါတွေ ကျနော်တို့ သိခဲ့ကြရ တာပေါ့။ ဗိုလ်မှူးကြီး ကြည်မောင်က ဘာပြောလဲဆိုတော့ သူ့ ဧရိယာထဲမှာဘဲ ဒီ “အုန်းတော ဆွေးနွေးပွဲ” လုပ်တာကိုး၊ လုပ်တော့ သူက တိုင်းမှူး ပေါ့ဗျာ၊ တိုင်းမှူးဆိုတော့ သူက၊ ဗိုလ်နေ၀င်းကတဲ့ သူတို့လုပ်တဲ့ ဒီလမ်းစဉ် ဆိုတာလည်း ကျုပ်က မယုံကြည်ဘူး၊ အလကားပဲတဲ့၊ ဒါလုပ်နည်း လုပ်ဟန်တွေလည်း ကျုပ် မကျေနပ် ဘူးတဲ့။ အဲဒီတော့ ကျုပ်တိုင်းထဲမှာ လာလုပ်ပေမဲ့ ကျုပ်က ဘာမှ Support မပေးဘူး။ မပေးတော့ မပြုတော့ နောက် အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သူ့ကိုပြောတော့ သူကလည်း သိပ်ပြီးတော့ကို ဟိုဟာဖြစ်နေပြီ၊ စိတ်ကလည်း ကုန်နေပြီပေါ့။ အဲဒီအချိန်မှာတော့ ဗိုလ်ချုပ်အောင်ကြီးက ထွက်သွားပြီးပြီ၊ ဒုတိယ ထွက်တဲ့ လူကတော့ ဗိုလ်မှူးကြီးကြည် မောင်ပေါ့။

တော်လှန်ရေးကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်း
ဦးရော်နီညိမ်း။ ။ အဲဒီတုန်းက ဒီ အုန်းတောမှာ လုပ်တယ်ဆိုတာက (၁၉၆၂) ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဒီ အလုပ်သမားနှီးနှောဖလှယ်ပွဲတွေ လယ်သမားနှီးနှော ဖလှယ်ပွဲတွေ ဟိုမှာ ဒီမှာ လုပ်တော့ အုန်းတောမှာ “တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲ” (၁၉၆၃) ခုနှစ် လုပ်တဲ့ အချိန်မှာ ဗိုလ်မှူးကြီးကြည်မောင်က အဲဒီ သူ့နယ်မြေ ဒီအနောက် တောင်တိုင်းထဲမှာ အုန်းတောက ရှိပေမယ့် သူက ဘာမှ မလုပ်မကိုင်ပေးခဲ့တဲ့ အတွက်ကြောင့်မို့လို့ တော်လှန်ရေးကောင်စီ ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ အဆင်မပြေဖြစ်တာပေါ့။
ဦးခင်မောင်ညွှန့်။ ။ ဟုတ်တယ်၊ ဟုတ်တယ်။ သူကပြောတာ၊ ကျနော်က ယုံလည်း မယုံဘူး ဗျာတဲ့။ မယုံမပြုဘဲနဲ့ သွားတဲ့ပုံစံတွေကို ကြည့်မရ ပြုမရ ဆိုတော့ ကျုပ်က ဘာမှကို Participate မလုပ်ဘူးတဲ့၊ အဲဒီတော့ ကျုပ်ကိုလည်း ချဉ်တာပေါ့တဲ့။ ချဉ်တော့ ပြုတော့ ကျုပ်က ဘာပဲဖြစ်ဖြစ် ထွက်လိုက်တယ်တဲ့၊ အဲဒီလိုမျိုးပြောတယ်။ အဲဒီတော့ သင်တန်းတွေ ဘာတွေ ပြီးတော့ပြုတော့ပေါ့ ဗျာ။ ကျနော်တို့လည်း ကျနော်တို့ မိခင်တပ်ရင်း ပြန်ရတာပေါ့။
ဗိုလ်မှူးကြီးကြည်မောင်ကလည်း သူကလည်း ရန်ကုန်ပြန်ဖို့ ဖန်တီးလာတယ်။ သူက ရန်ကုန်မှာ သူ့အိမ် (၄၉) လမ်း အိမ် နံပါတ် ဘယ်လောက် ဘယ်လောက် ရေကျော်မှာ အဲဒါ လာပါ ၀င်ပါ၊ ပြုပါ၊ ထွက်ပါ ပြောတော့ ကျနော်ကလည်း တပ်ရင်းက မအူပင်မှာ ဆိုတော့ ရန်ကုန်ကို ဖြတ်ဖြတ်ပြီး ပြန်ရတာကိုးနော်။ ကိုမြင့်ထူးလည်း သူက သာယာဝတီမှာဆိုတော့ ရန်ကုန်ကိုဘဲ ဖြတ်ပြီးတော့ သာယာဝတီ သွားရတာကိုး။ အဲဒီတော့ ရန်ကုန်မှာ ကျနော်တို့ ရပ်နားနေတုန်း တစ်ရက်၊ နှစ်ရက်လောက်ဆို ဗိုလ်မှူးကြီးကြည်မောင်ကို ကျနော်တို့ သွားသွက်ပြီးတွေ့၊ ကျနော်တို့ အခြေအနေတွေ ပြောကြဆိုကြပေါ့လေ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ အန်ကယ်၊ ကျနော် ဒီနေရာမှာ တစ်ခုဖြတ်မေးချင်လို့။ အန်ကယ်တို့ အဲဒီတော့ ဗိုလ်မှူးချုပ်ဟောင်း အောင်ကြီးရယ်၊ ဗိုလ်မှူးကြီးဟောင်း ကြည်မောင်ရယ်၊ အန်ကယ်တို့ရယ်ပေါ့ နော်၊ အန်ကယ်တို့က တပ်ထဲမှာ ဆက်ရှိနေပြီးတော့ သူတို့က အပြင်ရောက်သွားပြီ။ ပူးပေါင်းပြီးတော့ စနစ်တကျပေါ့နော်။ လျှို့ဝှက်တဲ့ အဖွဲ့ အစည်း တစ်ခုမျိုး ဖွဲ့ပြီးတော့ ဒီ တိုင်းပြည်အတွက် တစ်ခုခု လုပ်မယ်ဆိုတဲ့ အနေအထား ရှိခဲ့ပါသလား ခင်ဗျ။ ဦးခင်မောင်ညွှန့်။ ။ဟုတ်ကဲ့ ခင်ဗျ၊ အဲဒါကတော့၊ ဒီလိုရှိတယ် ခင်ဗျ။ အဲဒီအချိန်မှာလည်း MI က တော်တော်ကို သူကပေါ့နော်။ နေရာတကာမှာပေါ့ ဗျာ၊ နော်။ အင်မတန်မှ သြဇာအာဏာကြီးပြီးတော့ ရှိတယ် ပြုတယ်ဆိုတော့ တပ်ထဲက လူတွေက အထူး ဂရုစိုက်ရတာပေါ့ဗျာ၊ ကိုယ့်အမြင် ကိုယ့်အယူအဆကတော့ ကိုယ့် ယုံကြည်ချက်ကတော့ ရှိတာဘဲ။ ဒါပေမဲ့ လှုပ်ရှားမှုတွေမှာတော့ အဲဒီတုန်းက ကျနော်တို့နဲ့ အနီးကပ်ဆုံးရှိနေတဲ့ အထူးသဖြင့်ကတော့ ဒီ ဗိုလ်မှူးကြီးကြည်မောင်ပေါ့၊ (၁၉၆၄) ခု ပေါ့ဗျာ။ ကုန်ခါနီးပိုင်း အခြေအနေမှာတော့ တော်တော်ကိုပေါ့ ဗျာ၊ ဟို မြေအောက်လှုပ်ရှားမှုတွေက တော်တော်များများဖြစ်နေပြီ ပြုနေပြီပေါ့ဗျာ၊ အဲဒီထဲမှာ ကျောင်းသား လောကမှာလည်း ရှိတယ်။ ကျနော်တို့ ရဟန်းလောကမှာလည်းရှိတယ်။ အလုပ်သမား လောကမှာလည်း ရှိတယ်။ လယ်သမားလောကမှာလည်း ရှိတယ်။ တပ်ထဲမှာကို အဲဒီလိုပေါ့နော်၊ သူ့နည်း သူ့ဟန်နဲ့ ကတော့ ဗျာ။ သူ့အစုတွေ သူ့အစုတွေနဲ့ ဖြစ်နေတဲ့ အခြေအနေမျိုးဘဲ။ ပမညတ တို့၊ သန့်ရှင်းဖဆပလ၊ တည်မြဲ ဖဆပလ၊ ကျနော်တို့ ဒီ ဗကပ စသည်ဖြင့် အဲဒါတွေ ကျနော်တို့က အဲဒီအချိန်မှာ တယ်ပြီးတော့ပေါ့လေ။ အဲဒါတွေကို ကျနော်တို့ မတွက်ကြတော့ဘူး။ ဘာလို့လဲဆို ဒီ ဒီစစ်အာဏာရှင်စနစ်ကို ကျနော်တို့ Common ဟိုဟာပေါ့ ဗျာ၊ Enemy (ဘုံရန်သူ) ပေါ့ နော်။ ဒီဟာကို ကျနော်တို့ ဘယ်လိုသွားကြမလဲဆို တော့ အစုတွေ အစုတွေက သူ့ ဟာသူ စည်းရုံးမှုအရ နေရာတိုင်းလိုလိုမှာကို ရှိနေတဲ့အချိန်ပဲ ခင်ဗျ၊ နော်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ အဲဒီအခါကျတော့ ဗိုလ်မှူးကြီးကြည်မောင်ကို မဏ္ဍိုင်ပြုပြီးတော့ ဗိုလ်ကြီးမြင့်ထူးနဲ့ ဗိုလ်ကြီးခင်မောင်ညွှန့်တို့ ဒီလိုမျိုး ဆက်စပ်နေတဲ့ အချိန်ကနေပြီး နောက်ဆုံး ဘယ်လိုဖြစ်ပြီးတော့ ဒီ အဖမ်းအဆီး ခံရတဲ့ အနေအထားကို ရောက်သွားပါသလဲ ခင်ဗျ။
ဦးခင်မောင်ညွှန့်။ ။ အတိုချုံးပြောမယ် ဆိုရင်တော့နော်၊ အမြင်တူတဲ့လူတွေချင်းဟာ အလိုလိုပေါ့ဗျာ၊ စုစုစည်းစည်းလေးတွေ ဖြစ်လာကြတယ်။ အဲဒီလိုရှိတယ်ဆိုတာကိုလည်း ဒီ ဦးနေ၀င်းရဲ့ပေါ့ဗျာ၊ ဒေါက်တိုင်တွေဖြစ်တဲ့ ဒီ ထောက်လှမ်းရေးပေါ့ ဗျာ။ အဲတုန်းကတော့ ထောက်လှမ်းရေး။ ပထမ ထောက်လှမ်းရေးမှူးကြီးကတော့ ဗိုလ်မှူးကြီးမောင်လွင် နှုတ်ခမ်းမွှေးကြီးပေါ့ ဗျာ။ နောက် သူ့အောက်မှာရှိတာက ဒုဗိုလ်မှူးကြီးချစ်ခင် (လေ)။ ဒုဗိုလ်မှူးကြီး ချစ်ခင်ကတော့ တော်တော်လေး သူက တကယ့် ဟို Gentlemanly ဘဲဗျ။ တကယ်တမ်း Involve ဖြစ်ပြီး လုပ်တာ ပြုတာကတော့ ကွယ်လွန်သွားပါပြီ။ အဲဒါကတော့ ဟို မျက်မှန်တင်ဦးပေါ့ ဗျာ။ အဲ မျက်မှန်တင်ဦး။ အဲ သူကတော့ သူ့ဆရာ ဗိုလ်နေ၀င်းကလွဲပြီး ဘယ်သူ့ကိုမှ ဆရာ မတင်ဘူး နော်။
ဗိုလ်ချုပ်နေ၀င်းကလည်း သူ့ရဲ့အာဏာ တည်မြဲရေးက ထောက်လှမ်းရေးကို သူက လက်ကိုင်ထားတာဘဲ။ အဲဒီတော့ တပ်ထဲမှာပေါ့ ဗျာ။ နောက်ဆုံးအခြေအနေက ဘယ်လိုတွေဖြစ်လာသလဲဆိုတော့ “မဆလ” ပါတီကို ၀င်ရေး မ၀င်ရေးဟာတဲ့၊ မိမိတို့ရဲ့ တပ်မတော်သားတွေရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လုပ်ရမဲ့ ကိစ္စပါတဲ့။ အဲဒါကို အတိအကျ အဲဒီလိုကြေညာပြီး နောက်ပိုင်းကျတော့ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ် (မဆလ) ပါတီဟာတဲ့ အမာခံဟာ တပ်မတော်အမာခံ ဖြစ်တယ်ပေါ့။ အဲဒီတော့ တပ်မတော်ထဲက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ၀င်ရေး အတွက်ကို အဓိက ဦးဆောင်ပြီးလုပ်ရမယ်ဆိုတော့ ဘယ်လိုဖြစ်လာ သလဲဆိုတော့ ဟို ၀င်တဲ့လူ မရှိဘူးလေ၊ ချဉ်လာတာပေါ့ ဗျာ။ ရိုးရိုးသားသား ကိုယ့်တိုင်းပြည်နဲ့ ကိုယ့်လူမျိုးအတွက် ကြိုးစားချင်တဲ့ Professional Soldier တွေက တပ်ထဲမှာ ဒီလို မကျေနပ်မှုလေးတွေက ဖြစ်လာကြတယ်။ အဲဒီအချိန် အပြင်မှာ ရောက်နေတဲ့၊ ဗိုလ်မှူးချုပ်အောင်ကြီးနဲ့ ဗိုလ်မှူးကြီးကြည်မောင် သူတို့ကိုပေါ့၊ ဘာပဲဖြစ်ဖြစ်ပေါ့ Expect လုပ်ကြတယ်ပေါ့။ တိုင်းပြည်အတွက်ကို တစ်ခုခုလုပ်နိုင်မလားပေါ့လေ။
အဲဒီတော့ အဲဒီအပေါ်မှာ လက်ဦးမှုကို ယူပြီး ဗျာ၊ တပ်ထဲကနေတော့ ဘာပဲဖြစ်ဖြစ် တော်လှန်ပုန်ကန်ဖို့တော့ အစီအစဉ်ရှိမယ်၊ ပြုမယ်၊ ဘာမယ်၊ ဆိုတော့ သူတို့ကို ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်မှူးကြီးကြည်မောင်တို့ကို ဆွဲတဲ့အခါမှာ သူတို့နဲ့ နီးစပ်ရာ လူတွေရော သူတို့ မသင်္ကာတဲ့ လူတွေရောပေါ့ ဗျာ။ ထောက်လှမ်းရေးအဆိုက သူတို့ လိုချင်တဲ့လူကို ရဖို့အတွက်က လူ (၁၀၀၀) ဘဲ ဖမ်းဖမ်း၊ (၅၀၀) ဘဲ ဖမ်းဖမ်းပေါ့ဗျာ၊ ရသလောက် အကုန်လုံး ဆွဲသွင်းထား။ နောက်မှ ဒီဟာတွေကို ပြန်ပြီး သူတို့ ဆုံးဖြတ်မယ် ဆိုပြီးတော့မှ လုပ်တယ်။ ကျနော်တို့တင် မဟုတ်ပါဘူး။ ဒီ.. ဒီစနစ်အပေါ်မှာ မကြိုက်တဲ့လူတွေ၊ သူတို့ မယုံကြည်ရဘူးထင်တဲ့ ဒီ အရာရှိတွေရော အကုန်လုံး ဆွဲပြီးတော့ ဖမ်းလိုက်တာပဲ ခင်ဗျ။ (၁၉၆၄) ကုန်ခါနီးပေါ့။ ကုန်လုဆဲဆဲ လောက်မှာ ကျနော်က အမှတ် (၃၈) ခြေလျင်တပ်ရင်း ပေါ့၊ အဲဒါက ပုသိမ်မှာရှိတာ ခင်ဗျ။ ၀ါးယားချောင်း မှာပေါ့။ အဲဒီကို ကျနော်က ပြောင်းရွှေ့ပြီးတော့ တာဝန်ယူရတယ်။ နောက်ပိုင်းမှာ ကျနော်တို့ သိရတာက ဗိုလ်မှူးချုပ် အောင်ကြီးက အဲဒီမှာ မေမြို့ကနေ သူ ရန်ကုန်ဆင်းလာမယ်။ ရန်ကုန်ရောက်တဲ့အခါမှာ သူတို့အချင်းချင်း တိုင်ပင်ပြီးတော့ ကျနော့် ဒီပုသိမ်ဘက်ကိုပဲ ဆင်းလာဖို့ ဒီ အစီအစဉ်လေးရှိတယ်လို့ ကျနော် နောက်ပိုင်းမှာ သိရတယ်။ အဲဒီအချိန်မှာ ဗိုလ်မှူးကြီးကြည်မောင်ကလည်း ကျနော် အဖမ်းမခံရခင် (၃) ပတ်လောက်အလိုမှာ ထင်တယ်။ သူကလည်း ရန်ကုန်မှာ ရှောင်နေရပြီ၊ ပုန်းနေရပြီပေါ့ဗျာ နော်။ နောက်ပိုင်းမှာ သိရတာက ဗိုလ်မှူးချုပ်အောင်ကြီးဟာ အချိန်မှီ ရောက်မလာနိုင်ဘူး။ ဗိုလ်မှူးကြီးကြည်မောင်ကလည်း ရန်ကုန်မြစ်ထဲမှာ သမ္မန်ပေါ်မှာပေါ့ဗျာ၊ နော်။ အဲဒီလိုဘဲ ပုန်းအောင်းနေရင်းပြုရင်းနဲ့ တစ်နေ့မှာတော့ အဲဒီလိုဘဲ ကုန်းပေါ်ပြန်အတက်မှာ ထောက်လှမ်းရေးက ဖမ်းမိပြီးတော့ ဆွဲခေါ်သွားတာပေါ့ နော်။ ကျနော်ကလည်း အဲဒီလိုဘဲ။ အဲဒီတုန်းက ပုသိမ်မှာက ကျနော်တို့ အမှတ် (၄) ထောက်လှမ်းရေးတပ် ရှိတယ်ပေါ့ နော်။ သူတို့ မယုံကြည်ရဘူး ထင်တဲ့ အရာရှိတွေရော၊ ဘာတွေရော၊ အကုန်လုံး ဆွဲပြီးတော့ ဖမ်းလိုက်တာပဲ ခင်ဗျ။ တစ်ခါတည်း သူတို့ကားနဲ့ ခေါ်သွားပြုသွားပြီးတဲ့နောက် ပုသိမ်ထောင်ကို သွားတာ။ အဲဒီတော့ ထောင်ထဲမှာ ကျနော့်မှာ (၁၄) ရက်လောက် ကြိုးတိုက်ထဲမှာ နေရတယ် ဗျ။ တစ်နေ့ကျတော့ အဲဒါ ကျနော့်ကို တစ်ခါတည်း အပြင်ကို ဒီလိုပဲခေါ်သွားရော။ လေဆိပ်ခေါ်သွားတာ။ Cessna လေးကလည်း အဲဒီမှာ လေဆိပ်ရောက်တော့ ဆိုက်နေပြီးပြီ၊ အဲဒီ Cessna ပေါ်တက် ဆိုတာနဲ့ အဲဒါနဲ့  ကျနော်တို့ အဲဒါ ရေကြည်အိုင်ထဲ ရောက်သွားတာ။
ဦးရော်နီညိမ်း။ ။ အခုလို ပုသိမ်ထောင်က တဆင့် လေတပ်စစ်လေယဉ် Cessna နဲ့ ရန်ကုန်က ဗဟိုထောက်လှမ်းရေးတပ် ရေကြည်အိုင် အကျဉ်းထောင်ကို အပို့ခံခဲ့ရတဲ့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်ဟာ ကလောင်အမည် “မောင်စည်သာ” နဲ့ ၁၉၇၀ ခုနှစ် အစောပိုင်းက “ရှုထောင့် ”ဂျာနယ်မှာလည်း စာရေးသားခဲ့ဖူးပြီးတော့ ဗိုလ်ကြီးမြင့်ထူး ရေကြည်အိုင်မှာ နှိပ်စက်ညှင်းပန်းခံရပြီး ကျဆုံးသွားခဲ့ရတဲ့ အကြောင်းကိုလည်း “သပြေတစ်ခက် ကြွေရက်ကယ်စော” ဆိုတဲ့ ခေါင်းစဉ်နဲ့ အခုအခါ မြန်မာ့တပ်မတော်နဲ့ တခြားသော စစ်ရေးစစ်ရာတွေကို အဓိကထား ဖော်ပြနေတဲ့ “စည်းလုံးခြင်းရဲ့အင်အား” ဆိုတဲ့ internet website ပေါ်မှာလည်း အခန်းဆက် ရေးသားခဲ့ပါတယ်။ သူနဲ့အတူ အဲဒီအချိန်ကလည်း ရေကြည်အိုင်မှာ အကျဉ်းကျနေတဲ့ ကွယ်လွန်သူ NLD ခေါင်းဆောင် စာရေးဆရာ မောင်သော်က (သို့မဟုတ်) ရေတပ်အရာရှိဟောင်း ဗိုလ်မှူးဘသော်တို့ဟာ ဗိုလ်ကြီးမြင့်ထူးလည်း ရေကြည်အိုင်ထဲ ရောက်လာခဲ့ပြီဆိုတာ ရိပ်မိ သိရှိခဲ့ရပါတယ်။ ဦးခင်မောင်ညွှန့်နဲ့ မေးမြန်းဆွေးနွေး ပြောဆိုထားတာတွေကို ဆက်ပြီး တင်ဆက်လိုက် ပါတယ်ခင်ဗျာ။
ဦးခင်မောင်ညွှန့်။ ။ ပထမ ကျနော်တို့ပေါ့လေ စိတ်ဓါတ်ရေးရာအနေနဲ့ရော ကိုယ်ခန္ဓာအရ သော်လည်းကောင်းပေါ့ နော်၊ ရက်ရက်စက်စက် လူမဆန်စွာ ညှင်းတဲ့ ငရဲခန်းတွေမှာ နေခဲ့စဉ်ကတော့ ဘယ်သူဘယ်ဝါ ရှိတယ်ဆိုတာ ဘာမှမသိဘူး။ အဲဒီလို နောက်ဆုံးမှာပေါ့။ ကျနော်လည်း အဲဒီမှာ Hunger Strike လုပ်တာပဲ။ တော်တော်ကြာတယ် ခင်ဗျ၊ နောက်ဆုံး ဒီကောင်ကိုတော့ တို့ ဆက်ပြီးညှင်းလို့လည်း မရတော့ဘူး။ ဆက်ပြီးတော့လည်း ဒီကောင် ဖေါ်တော့မှာ မဟုတ်ဘူး၊ မပြုတော့ဘူး ဆိုပြီးတော့ ဖြစ်တဲ့အခါမှာ cell အခန်း (ရေကြည်အိုင်ထဲက သီးသန့်နေရာမှာ အပြင်းအထန် ညှင်းပန်းနှိပ်စက်ရန် အထူးပစ္စည်း ကိရိယာများဖြင့် မျက်မှန်/လန်ဘား ဒုဗိုလ်မှူးကြီးတင်ဦး၏ အစီအစဉ်ဖြင့် စီမံ ဆောက်လုပ်ထားသော တစ်ဦးချင်းကို အပြင်းအထန် ညှင်းပန်းနှိပ်စက်သည့် ငရဲခန်းများ) ကနေ နောက်ဆုံး ကျနော့်ကို ရေကြည်အိုင်ထောင်မကြီးထဲ ပြန်ပြီးတော့ ပို့လိုက်တာဘဲ။ ကျနော်နဲ့ အနီးကပ်ဆုံး နေရာကပေါ့လေ။ အခုတော့ ကွယ်လွန်သွားတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် ပေါ့။ ဟိုးအစွန်ဆုံးက ဗိုလ်မှူးကြီးချစ်မြိုင်၊ သူပြီးတော့ ဦးနု။ ညာဘက်အစွန်ဆုံးမှာတော့ သူတို့ ထောက်လှမ်းရေးကဘဲ။ ကျနော်တို့ War Office ကဘဲ။ သူက အဲဒီအချိန်မှာ ဇင်းမယ် (ချင်းမိုင်) မှာ ကျနော်တို့ စစ်သံမှူး ချာလီသိန်းရွှေ ဆိုတာ ဒုဗိုလ်မှူးကြီး အဆင့် ခင်ဗျ။ အလယ်တန်းမှာတော့ ကျနော်တို့ ဗိုလ်မှူးကြီးတင်မောင် (စာရေးဆရာ မြတ်ထန်) နော်။
အဲဒီတုန်းကတော့ သူက တပ်မဟာမှူးပေါ့ ခင်ဗျာ။ တပ်မဟာ (၁၂) မှာ သူက မအူပင်မှာ တာဝန်ယူသွားတာ၊ သူရှိတယ်။ နောက် ဗိုလ်မှူးကြီးကျော်မြင့် ခင်ဗျ။ နောက်ပြီးတော့ ဦးကျော်ငြိမ်း (ဖဆပလ-တည်မြဲ ခေါင်းဆောင်)။ နောက်ပြီးတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ ကြယ်ငါးပွင့် ကုမ္မဏီမှာ လုပ်သွားတဲ့ ဒုဗိုလ်မှူးကြီး မျိုးအောင် ခင်ဗျ၊ နောက် ကျနော်တို့ လေတပ်က ဗိုလ်ကြီး ခင်အောင်လှ။ သူ့မိန်းမနဲ့ သူနဲ့က အတူတူ အဖမ်းခံရတာဗျ၊ ဒါပေမယ့် ခွဲ ချုပ်ထားတာပေါ့ နော်။ သူပြီးတော့မှ ဟို ဘက်ထဲက ၀င်းမှာက မွန်ခေါင်းဆောင် နိုင်အောင်ထွန်းခင်ဗျ၊ တရားသူကြီးချုပ် ဦးမြင့်သိန်း၊ နောက်ပြီးတော့ အဲဒီတုန်းက သာသနာရေးဝန်ကြီး ဦးဝင်း (ပထစခေါင်းဆောင်ဟောင်း၊ ခေတ်ပြိုင်ဂျာနယ်ကို တည်ထောင်ခဲ့သည့် ကွယ်လွန်သူ ဦးတင်မောင်ဝင်း၏ဖခင်) ပေါ့နော်။ နောက်ပြီးတော့ ကွယ်လွန်သွားတဲ့ ကျနော်တို့ ကျိုက်မရော ဦးသွင် (ဗိုလ်ချုပ်သွင်)၊ နောက် ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်)၊ ဗိုလ်မင်းခေါင်ရှိတယ်။ နောက် သမ္မတကြီး မန်းဝင်းမောင်။ အဲဒီပုဂ္ဂိုလ်တွေ ရှိတယ်ပေါ့ဗျာ နော်။
ဦးရော်နီညိမ်း။ ။ နောက်သတင်းပတ် တနင်္ဂနွေနေ့ မနက်မှာတော့ ဗိုလ်ကြီးဟောင်း ဦးခင်မောင်ညွှန့်ပြောပြတဲ့ ဗိုလ်ကြီးမြင့်ထူး ရေကြည်အိုင် အကျဉ်းစခန်းထဲမှာ ကျဆုံးသွားခဲ့ရပုံ နောက်ဆုံးအပိုင်းကို ထုတ်လွှင့်ပေးပါမယ် ခင်ဗျာ။ စောင့်မျှော်နားဆင်ကြပါ။ ကျနော်ရော်နီညိမ်းပါ။
| < Prev | Next > |
|---|

