VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၃)
အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး
VOA မြန်မာပိုင်းက ဧပြီလ (၁၁) ရက်နေ့မှာ ထုတ်လွှင့်ခဲ့တဲ့ “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၃) မှ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရတင်ဦးနဲ့ ဦးရော်နီညိမ်းတို့ဟာ အခုလို စတင် နိဒါန်းပျိုး ပြောကြားခဲ့ ပါတယ်။
ဦးရော်နီညိမ်း။ ။ မကြာသေးခင်က ထွက်ရှိလာခဲ့တဲ့ ကလောင်အမည် “ဟံသာဝတီဦးဝင်းတင်” အမည်နဲ့ ရေးသားခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင် သတင်းစာ ဆရာကြီး ဦးဝင်းတင်ရဲ့ စာအုပ်အမည်ကတော့ “ဘာလဲဟဲ့လူ့ငရဲ” ဆိုတဲ့ စာအုပ်ပါ။ အဲဒီစာအုပ်ထဲမှာ အင်းစိန်ထောင်ထဲက အထူးတရားရုံးရဲ့နောက်ဖက် သီးသန့်လုံးချင်း တိုက်တွင် ၀ိုင်းဖွဲ့စားသောက် ရယ်မော ဟားတိုက်နေကြတဲ့ စစ်အရာရှိ ကြီးတွေရဲ့ရှေ့မှောက်ကို တရားသူကြီးက သွား သွားပြီးတော့ နိုင်ငံရေး ပြစ်မှုတွေနဲ့ စွဲဆိုခံရသူတွေကို ပြစ်ဒဏ် ထောင်ဒဏ် ဘယ်လောက်ချမှတ်ရမယ် ဆိုတာ အမိန့် ခံယူရပုံတွေ ပါရှိပါတယ်။ ခုလိုဗြောင်ကျကျ တရားရုံးကို စစ်တပ်က ကွပ်ကဲတဲ့ “တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ” ခေတ်မတိုင်ခင် “ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ” ပြည်သူကို ဦးထိပ်ထားတဲ့ခေတ်က တပ်မတော်အရာရှိကြီး တစ်ဦးဖြစ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ သူရဦးတင်ဦးက နိုင်ငံရေးအရ တိုင်းပြည်အတွက် လုပ်တာပဲဆိုပြီး တရားခွင်တစ်ခုမှာ ၀င်ရောက် စွက်ဖက်မိခဲ့လို့ သူ တရား ရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံကို အခုလို ပြောပြပါ တယ်။

အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦး
ဦးတင်ဦး။ ။ ကျနော်က စစ်တွေမှာ တပ်ပေါင်းစုမှူးဘ၀နဲ့ နေတယ်။ နေတော့ အဲဒီတုန်းက ခိုးဝင်တဲ့သူတွေနဲ့ ပတ်သက်ပြီး တော့ အတားအဆီး အပိတ်အပင်တွေ လုပ်ကြတယ်။ ဟိုဘက်က ၀င်တဲ့လူတွေက ဒီ ဘက်ရောက်နေတာတွေကို ကျနော်တို့က ဒါ ပြန်လည်စိစစ်ပြီးတော့ ထုတ်ရမယ်ဆိုတာမျိုးဖြစ်တော့ အဲဒါနဲ့ ကျနော် လုပ်ခဲ့ရတယ်။ အဲဒီတော့ အဲဒီမှာ case တစ်ခုဖြစ်တော့ကာ ဆယ်(န်)တော် လီရွာက case ပေါ့။ ဆယ် (န်) တော်လီရွာမှာ အဲဒီလိုပဲ နှစ်ယောက်ကို ကျနော်တို့ကနေပြီးတော့ တရားစွဲတယ်။ Illegal Immigration Act (တရားမ၀င် နိုင်ငံတွင်းသို့ ၀င်ရောက်လာသူများကို အရေးယူသည့် ဥပဒေ) နဲ့ တရားစွဲတယ်။
ကျနော်တို့က ကျနော်တို့ရဲ့ “ဆွဲချ” (အစိုးရဘက်မှ ရှေ့နေ) ပေါ့ဗျာ။ သူ့ကို ကျနော်တို့ ညှိထားတာက ဒီနှစ်ယောက်ဟာ ခိုးဝင်လာတဲ့ လူနှစ်ယောက်။ သူတို့ကို “အပြစ်ပေး” လို့ အမိန့်ချလိုက်ရင် ကျနော်က Eviction Order (နေရင်းနိုင်ငံသို့ ပြန်လည်နှင်ထုတ်သည့်အမိန့်) ထုတ်ပြီးတော့ ဟိုဘက်က East Pakistan (ယခု ဘင်္ဂလားဒေ့ရှ်) ကို ပြန်ပို့မယ်။ ဟိုတုန်းက East Pakistan ကိုး။ ပြန်ပို့မယ် ဆိုပြီးတော့ အမိန့်ထုတ်လိုက်ပြီးတော့ အဲဒီလို လုပ်လိုက်တာ။ လုပ်တော့ ဟို အောက် တရားရုံးမှာ ကျနော်တို့ အနိုင်ရတယ်ဗျ။ ဒါပေမယ့် သူတို့က Appeal (အယူခံဝင်) လုပ်တယ်။ ဟို District Section Judge (ခရိုင် စက်ရှင်တရားသူကြီး) ကို သူတို့က Appeal တင်တယ်ဗျ။ Appeal တင်တော့ကာ အဲ့ဒီ Appeal မှာ တရားသူကြီးက Justice (တရားသူကြီး) ကိုကိုကြီးဗျ။ ဒီတော့ ကျနော်ကလည်းဘဲ ဒါနဲ့ သူ့ကို စည်းရုံးပြီးတော့ ဒီ case တင်လာလို့ရှိရင် ခင်ဗျား ဒါနဲ့ ပတ်သက်လို့ dismiss (အယူခံဝင်မှုကို ပယ်ချခြင်း) လုပ်ပေးပါ။
ကျနော်တို့က ဒါ ဘာလို့လဲ ဆိုတော့ ဒါ နိုင်ငံရေးအရ ဖြစ်နေတာ။ ဒီလောက်တောင် လူတွေကို ကျနော်တို့က နှင်ချင်တာကို ဥပဒေမဲ့နှင်တာ ဖြစ်မှာစိုးတဲ့အတွက် ခင်ဗျား ဥပဒေအရ၊ ဒါကို case လုပ်ပေးတဲ့အနေနဲ့ ကျနော်တို့က case သဘော အနေနဲ့ ဒါကို ကျနော်တို့က ထုတ်ချင်တယ်။ ဒါကြောင့်မို့ ခင်ဗျား လုပ်ပေးပါ။ သူကတော့ ကောင်းကောင်းမွန်မွန်ဘဲ။ ဟုတ်ကဲ့၊ ဘာညာ ပြောတာပေါ့ဗျာ။ အဲဒီနေ့ကျတော့ တရားရုံးမှာ သူက တရားစွဲတဲ့ ဥပဒေမှာတဲ့ အောက်က ဒီ တရားခံ နှစ်ယောက်ရဲ့ ကျနော်တို့ အပေါ် ထုချေချက်ထဲမှာ ပါတဲ့ အချက်အလက်တွေကို ထောက်ထား၍ သော်လည်းကောင်း ပြီးတော့ အဲဒါကို ကျနော်တို့ ခိုင်ခိုင်မာမာ သက်သေပြုနိုင်တဲ့ ဘက်ကို လုံလောက်မှု မပေးဘူးတဲ့။ ဒီ Prosecuting (တရားလို လုပ်၍ တရားစွဲဆိုသည့်ဘက်) ဘက်က ကျနော်တို့ စွဲတဲ့ဘက်က။ ဒါကြောင့်မို့ သူတို့ကို “လွတ်စေ” ဆိုပြီးတော့ ချလိုက် တယ်ဗျ။ ကျနော်က ဒေါသဖြစ်တာပေါ့ဗျာ။
ကျနော်က လူငယ်လည်း လူငယ်ကိုး။ ဒီတော့၊ ကျနော်က ဦးကိုကိုကြီးကို “ခင်ဗျား ဘာလုပ်တာလဲ။ ခင်ဗျား နိုင်ငံရေးနဲ့ ပတ်သက်လို့ နားမလည်ဘူးလား” လို့ ကျနော်က အဲဒီလို ပြောတော့ သူက ပြုံးပြုံးဘဲဗျ။ ဟို ဗိုလ်မှူးတဲ့၊ သူက အင်္ဂလိပ်လို ပြောတယ်။ ဗိုလ်မှူးတဲ့ မင်းက Contempt of the Court (တရားရုံးကို မထေမဲ့မြင်ပြုမှု) ဖြစ်နေပြီတဲ့၊ ငါ တရားစွဲနိုင် တယ်တဲ့၊ သူက အဲဒီလို ပြောတယ်ဗျ။ ပြောတော့ ကျနော်က ကျနော့်ဘေးနားရှိတဲ့ Lawyer (ရှေ့နေ) ကို မေးတယ် ။ Contempt of the Court ဆိုတာ ဘာလဲလို့ မေးတော့ အဲဒါ တရားရုံးကို မထေမဲ့မြင်ပြုတဲ့အတွက် တရားစွဲနိုင်တယ်လို့ ပြောတာ ဆိုတော့ ကျနော်က ဒေါသထောင်းကနဲ ဖြစ်သွားတာပေါ့။
ဟေ့ Contempt of the Court မကလို့ ဘာနဲ့စွဲစွဲ၊ ဂရုမစိုက်ဘူး။ အဲဒီတော့ ဒါနဲ့  ပတ်သက်တာ အားလုံး လက်မခံဘူး၊ မကြိုက်ဘူး။ ကျနော်ကလည်း စစ်ဗိုလ်ဆိုတဲ့ မာနပေါ့ဗျာ။ အဲဒါနဲ့ ပြောပြီး ကျနော် ထွက်လာတယ်။ နှစ်ရက် သုံးရက်ကြာတော့ ကျနော့်ကို ခေါ်တာပဲဗျ ရန်ကုန်က။ ပြီးတော့ Contempt of the Court နဲ့ မင်းကို စွဲထားတယ်တဲ့ဆိုပြီး အဲဒီမှာ သွားတော့ ကာနယ်လ် ဆော်လမွန်ကြီး (စစ်ဥပဒေချုပ် ဗိုလ်မှူးကြီးဆော်လမွန်) က ကျနော်တို့ဘက်က Judge Advocate General (စစ်ဥပဒေချုပ်) ဗျ။ အဲဒါနဲ့ ကျနော့်ဘက်က ကာနယ် (လ်) ဆော်လမွန်က သူ လိုက်ပါပြီးတော့ ပြောတယ် ဆိုတယ်ပေါ့ဗျာ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ နောက်ဆုံး တရားရုံးက ဒီအမှုကို ရုပ်သိမ်းလိုက် တယ်ဗျ။ သဘောပြောချင်တာက ဘာလဲလို့ဆိုတော့ မင်း စစ်ဗိုလ်ကြီး ဘာကြီး ဖြစ်ဖြစ် ဘယ်လောက်ပဲဖြစ်ဖြစ် The Rule of Law အရ Civil Rule ဗျ။ ပြည်သူက အုပ်ချုပ် တာဗျ။ အဲဒီတော့ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ။ ပြည်သူက အဓိကဗျ။ ဒီတော့ ဘာမဆို ပြည်သူ့ ဆန္ဒနဲ့ ဖြစ်ရမယ့် သဘော။ အဲဒီတော့ ကျနော်တို့က ၀န်ထမ်းဘဲ။ ၀န်ထမ်းဟာ ရှိပြီးသား ဥပဒေနဲ့ အညီ လိုက်နာပြီးတော့ တရားဥပဒေရဲ့ စိုးမိုးရေးအတိုင်း ဆောင်ရွက်ပေးရမယ်။ ဘယ်လောက်ဘဲ ရာထူးကြီး၊ ကြီးနေနေ ဒီ ဥပဒေကို ဖေါက်ဖျက်တယ် ဆိုရင်တော့ ဥပဒေ ဖေါက်ဖျက်ရာ ဖေါက်ဖျက်ကြောင်းအတွက် မင်းဟာ ဟုတ်လား၊ ကျနော်တို့ တရားဥပဒေနဲ့အညီတော့ တရားမျှတမှု ရအောင် လုပ်ပေးရ မယ်ဆိုတာ သဘောပေါက်တယ်ဗျ။
ဦးရော်နီညိမ်း။ ။ မြန်မာနိုင်ငံတွင်းကို ခိုးဝင်သူတွေကို တစ်ဖက်နိုင်ငံဖြစ်တဲ့ အဲဒီအချိန်တုန်းက အရှေ့ပါကစ္စတန်၊ အခု ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ကို ပြန်ပို့ရေးအတွက် တရားရုံးစီရင်ချက်ကို ၀င်ပြီးစွက်ဖက်ခဲ့လို့ တရားရုံးကို မထေမဲ့မြင်ပြုမှုနဲ့ စွဲဆိုခံရတဲ့အတွက် စစ်ဥပဒေချုပ်နဲ့အတူ အရပ်ဖက်တရားရုံးမှာ သွားပြီး တရားရင်ဆိုင်ခဲ့ရပုံကို အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ပြောပြသွားခဲ့တာပါ။ အရေးအကြောင်းဆိုရင် တပ်မတော်ကို လူထုကြားထဲမှာ ၀င်ရောက်တပ်ဖျောက်ပြီး ရန်သူကို တွန်းလှန် တိုက်ခိုက်မယ်လို့ မြန်မာစစ်ခေါင်းဆောင်တွေက တပ်မတော် အခမ်းအနားတွေမှာ မိန့်ခွန်းချွေလေ့ရှိပါတယ်။ ပြည်သူလူထုကို ရန်သူလိုသဘောထားပြီး “ တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ” ၊ တပ်မတော်ခေါင်းဆောင်တွေကိုသာ ဦးထိပ်ထားဖို့ သွန်သင်ခြင်းခံနေရတဲ့ တပ်မတော်ဟာ၊ ဖက်ဆစ်ဂျပန် တော်လှန်ရေးအချိန်ကလို လူထုကြားမှာဝင်ပြီး နေလို့ရပါ့မလား? လူထုက ဒီကနေ့ တပ်မတော်အပေါ် ဘယ်လိုသဘောထား ရှိသလဲ? အဲဒါတွေကို ဒီကနေ့ စစ်ခေါင်းဆောင်တွေ တကယ်ပဲမသိလို့ ဒီလို ပြောနေတာလား? သိသိနဲ့ လူကြားကောင်းအောင် ပြောနေတာလား? ဆိုတာ ကိုတော့ လူထုကြားမှာဝင်ပြီး တပ်ဖျောက်မယ်လို့ ပြောနေတဲ့ စစ်ခေါင်းဆောင်တွေ ကိုယ်တိုင်ဘဲ သိကြမှာ ဖြစ်ပါတယ်။ ဒီကနေ့ခေတ် “တပ်မတော်သာ အမိ ၊ တပ်မတော်သာ အဖ” ခေတ်နဲ့မတူတဲ့ “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” ခေတ်က တရုတ်ဖြူ ကျူးကျော်မှုကို ပြန်လည်တိုက်ထုတ်ရာမှာ ပြည်သူက တပ်မတော်ရဲ့နောက်တန်းကနေ တခဲနက် ထောက်ခံ အားပေးပံ့ပိုးမှုတွေနဲ့ ပါဝင်ခဲ့ကြပုံကို အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ဆက်ပြီး ပြောပြပါတယ်။
ဦးတင်ဦး။ ။ အဲဒီတုန်းက အတွေးအခေါ်ဟာ ကျနော်တို့ နှစ်မျိုး ရှိတယ်။ တစ်မျိုးက တရုတ်ပြည်ကနေပြီးတော့ ဟုတ်လား။ မော်စီတုန်းတို့၊ ကျနော်တို့ ကွန်မြူနစ်တပ်နီတော်က တိုက်လိုက်တဲ့အတွက် ချန်ကေရှိတ်ရဲ့ Kumington တပ်တွေက ဟုတ်လား၊ ရှုံးပြီးတော့ကာ ဗမာပြည်ထဲကို ၀င်လာတယ် ဆိုပြီးတော့ အဲဒီ ရောက်လာတဲ့အင်အားဟာ ကွန်မြူနစ်ကို တိုက်နေတာ ဖြစ်တဲ့အတွက် ယခု ဗမာနိုင်ငံအစိုးရလည်း ကွန်မြူနစ်ကို တိုက်နေတာမို့်လို့ သူတို့ကို မတိုက်ပဲ ထားဘဲနဲ့ ပြန်လည်ပြီးတော့ အင်အား ပြည့်အောင် ဖြည့်တင်းပေးခြင်းသည် မဟာဗျူဟာအရ မှန်ကန်တယ်ဆိုတဲ့ အတွေးအခေါ်က တစ်ခု ခင်ဗျ။ နောက်တစ်ခုက ဘယ်လိုပဲဖြစ်ဖြစ် ဒီကောင်တွေဟာ ဒီ တိုင်းပြည် ထဲကို ၀င်လာ တာ ကျူးကျော်သူ သတ်မှတ်ပြီး ဒီလူတွေကို မောင်းထုတ်ရမယ် ဆိုတဲ့ အတွေးအခေါ်က တစ်ခုဗျ။
အဲဒီတော့ ပထမအတွေးအခေါ်နဲ့ သွားတိုက်တုန်းက ပြည်သူလူထုရဲ့ အင်အားက မပါဘူး။ ပထမဦးဆုံး သွားတိုက်တဲ့ “နဂါးနိုင်” (စစ်ဆင်ရေးအမည်) ဟာ “နဂါးရှုံး” ဖြစ်တယ်။ နောက်တစ်ခု ဗိုလ်ချုပ်ကျော်ဇောတို့နဲ့အတူ ကျနော်တို့ တိုက်တဲ့အချိန်ကျတော့ ဘုရင့်နောင်စစ်ဆင်ရေး နောက် ရန်ကြီးအောင် စစ်ဆင်ရေး၊ ဒါ (၂) နှစ် ဆက်တိုက်တာဘဲ။ ဗိုလ်ချုပ် ကျော်ဇောနဲ့အတူ ကျနော်တို့ တိုက်တာဘဲ။ ပြည်သူလူထုရဲ့အားက ပါလာတယ်။ အဲဒီ ပြည်သူလူထု အားပါလို့ နိုင်တာ။ ပြည်တွင်းမှာလည်းဘဲ ဒီ ကျူးကျော်တဲ့ Aggressor ကို မောင်းထုတ်ပစ်ရမယ်ဆိုတဲ့ လူထုတွေရဲ့ လှုပ်ရှားမှုဆန္ဒဖြစ်တဲ့အတွက် တခဲနက်ကိုပဲ နောက်ကနေ ပြီးတော့ ပံ့ပိုးကူညီတာ။ ကျနော်တို့တွေ အားလုံးကို သူတို့က တခဲနက် ကူညီ တာဗျ။
ဦးရော်နီညိမ်း။ ။ ဗိုလ်မှူးချုပ်ကျော်ဇော ဦးဆောင်ပြီး ဆင်နွှဲခဲ့တဲ့ “ဘုရင့်နောင်” စစ်ဆင်ရေးနဲ့ကျမှ တရုတ်ဖြူတွေကို ဗမာ့တပ်မတော်က အောင်မြင်စွာ တွန်းလှန်တိုက်ခိုက် နိုင်ခဲ့ပုံတွေကို ပြောပြရင်း အဲဒီ့ခေတ်ရဲ့ အလုပ်သမားသမဂ္ဂကြီးဖြစ်တဲ့ TUBC (Trade Unions of Burma Confederation) (ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်) ရဲ့ အစီအစဉ်နဲ့ တပ်မတော်ကြီးကို ချစ်ခင်ပြီး မိမိဆန္ဒအလျောက် လိုက်ပါ လုပ်အားပေးသူများနဲ့ စစ်ဆင်ရေး ဆင်နွှဲခဲ့ပုံတွေကို အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး က ဆက်ပြီး ပြောပြပါတယ်။
ဦးတင်ဦး။ ။ အခုလို အဓမ္မ လုပ်အားပေးဆွဲတာ မရှိဘူးဗျ။ ကျနော်တို့တုံးက ပါလီမန် ဒီမိုကရေစီက သူတို့ဖွဲ့ထားတဲ့ TUBC တို့ ဘာတို့ရှိတယ်။ Trade Union (အလုပ်သမား သမဂ္ဂ) တွေရှိတယ်။ အဲဒီတော့ သူတို့ကနေပြီးတော့ သူတို့နည်းသူတို့ဟန်နဲ့ မြို့နယ်တွေ မြို့တွေမှာရှိတဲ့ Trade Union နဲ့ ဆက်သွယ်ပြီးတော့ အလှည့်နဲ့ ကျနော်တို့ လုပ်အား ပေးတာတွေ ရှိတယ်။ ပေးတဲ့အခါမှာ သူတို့ကိုလည်း ကျနော်တို့က သတ်မှတ်ထားတဲ့ ရည်ရွယ်ချက် အတိုင်းဘဲ၊ တစ်ယောက်ကို ဘယ်သူ့မှ နှစ်ပတ်ကျော် သုံးပတ်ကျော် မခိုင်းဘူး။ ဟိုက အသစ်ဝင်လာရင် သူတို့ကို “လဲ” ပေးလိုက်တယ်။ ပြီးတော့ သူတို့ရရမယ့်ငွေနဲ့ ပတ်သက်တာ အားလုံးလည်း အထောက်အပံ့ အကုန်လုံး အပြည့်ပေးတဲ့အပြင် ရိက္ခာကိုက ကျနော်တို့နည်းတူလို ပေးတဲ့ရိက္ခာမျိုးဗျ။ အဲဒီတော့ အဲဒီတုန်းက ကျနော်တို့ ဘယ်လိုပဲပြောပြော ဒီလို ပေါ်တာတွေ ယူပြီးလာရငြားသော်လည်းဘဲ ဒီလူတွေကကို ကျနော်တို့ စစ်တပ်က ချွေးတပ်ဆွဲတာ မဟုတ်ဘူးဗျ။ အဲ့ဒီခေတ်တုန်းက ကျနော်တို့မှာ ဥပဒေတွေနဲ့ ချွေးတပ်ဆွဲလို့လည်း မရဘူးဗျ။ နောက်ပြီးတော ဒီ ကားတွေ ဘာတွေကို လည်း commandeer အရမ်း သွားလုပ်လို့မရဘူးဗျ။ ကျနော်တို့ commandeer လုပ်မယ်ဆိုလို့ရှိရင် နယ်အုပ်ချုပ်ရေးကို ပြောရတယ်ဗျ။ နယ်အုပ်ချုပ်ရေးက စီစဉ်ပေးတဲ့အတိုင်း သူတို့ သတ်မှတ်တဲ့နှုံးထား ဒါကို ယူပါ။ အဲ့ဒီ သတ်မှတ်တဲ့နှုံးထား တရားမျှတတယ်ဆိုတဲ့ အခါကျတော့မှ အဲ့ဒီ သူတို့ စီစဉ်ပေးတဲ့ယာဉ်ကို သုံးရတာဗျ။
အဲဒီတော့ သိပ်ခြားနားတယ်။ အခုဟာက ဒီလို မဟုတ်ဘူး။ တခါထဲ ဟို ရုပ်ရှင်ရုံပိတ် ဆွဲ၊ ဟိုဟာ ပိတ်ဆွဲ၊ လမ်းပိတ်ဆွဲ၊ မဟုတ်ဘူး။ ကျနော်တို့တုံးက အဲဒီလိုကို မရှိဘူး။ အဲဒါမျိုး ကြားလည်း မကြားဖူးဘူး။ ကျနော်တို့ပြောလိုက်တာက အဲ့ဒီမှာ သက်ဆိုင်ရာဒေသမှာ ရှိနေတဲ့ Trade Union ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက၊ ကျနော်တို့က သူတို့ Trade Union ကို တိုက်ရိုက်ပြောတာ မဟုတ်ဘူး။ အုပ်ချုပ်ရေးပိုင်းကို ကျုပ်တို့ ဒီ စစ်ဆင်ရေးခွင်အတွက် အထမ်းသမားနဲ့ပတ်သက်လို့ ကျနော်တို့ တပ်ခွဲတစ်ခွဲမှာ နှစ်ဆယ်၊ အစိတ် လိုတယ်။ ဒါကြောင့်မို့ အားလုံးပေါင်းရင်တော့ (၈၀)/ (၁၀၀) မျှ လိုတယ်။ ကျနော်တို့က သွားပြီးတော့ အိမ်တွေမှာ ဆွဲရတာ မဟုတ်ဘူးဗျ။ အဲဒီ အုပ်ချုပ်ရေးပိုင်းကို ပြောလိုက်ရင် အုပ်ချုပ်ရေးပိုင်းက လူက သူ Trade Union တို့ ဘာတို့နဲ့ စီစဉ်ပြီးတော့ သူတို့ဟာသူတို့ voluntarily လာတာဗျ။ သူတို့က လိုလိုလားလား။ ဘာလို့ဆိုတော့ တရုတ်ဖြူ ကျူးကျော်မှုကို တိုက်မယ်ဆိုတော့ Aggressor ဆိုတော့ ဒို့ရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်တဲ့သူကို တိုက်မှာပါလား ဆိုတဲ့ အသိက ၀င်လာတဲ့အခါကြောင့်မို့လို့ သူတို့က လည်း ၀င်ပြီးတော့ပါကြတယ်။ ပါရုံတင် မကဘူး။ အဲဒီက တချို့ဟာ အရာရှိတွေဖြစ် ဘာတွေဖြစ်နဲ့ နောက် တပ်တွေမှာ ပြန်ပြီးအမှုထမ်းတဲ့သူတွေ ဖြစ်တဲ့သူတွေတောင် ဖြစ်လို့။ ပြန်ပြီး တပ်ထဲ အရာရှိတောင် ရောက်လာတာတွေ အခု ရှိတယ်။ ကျနော်တို့ War Office က ထုတ်ပြန်ထားတဲ့ WORKAI တို့ Order တို့က သူတို့နဲ့ ပတ်သက်တဲ့ သတ်မှတ်ချက်တွေက အပြည့်ဗျ။
အဲဒီတော့ သူတို့ကို ပေးရတယ်ဗျ။ စာရင်းရှင်းပြီးတော့ သူတို့ကို ကျေကျေလည်လည် ပေးရတယ်။ အဲဒီလို သွားတာဗျ။ ပြီးတော့ နောက် တစ်ခုက သူတို့ကိုလည်း ကျနော်တို့က ကတိတစ်ခုပေးတာက ဟုတ်လား။ ဥပမာ Phase One (စစ်ဆင်ရေးရဲ့ ပထမအဆင့်) ပြီးရင် မင်းတို့ကို ပြန်ပို့မယ်၊ နောက်လူက Phase Two (စစ်ဆင်ရေးရဲ့ဒုတိယအဆင့်) မှာ ဘယ်လောက်ရောက်လာမယ်။ အဲဒီတော့ သူတို့ရောက်လာရင်၊ မင်းတို့ Phase One ပြန်ကြ။ ဆိုတော့ သူတို့ကလည်း သူတို့ အသိက Phase One ပြီးရင် ပြန်ရမယ်ဆိုတာ သိတဲ့အတွက် သူတို့ကိုလည်း ကတိအတိုင်း ကျနော်တို့က၊ ပြန်စေရတယ်။ မပြန်လို့လည်း မရဘူးဗျ။ မပြန်ရင် ခင်ဗျား Trade Union က လွှတ်တော်တက်ပြီး အော်မှာ။ ခင်ဗျား ဒါ ဒီမိုကရေစီဗျ။ ပြည်သူလူထုရဲ့ အသံက အဓိက။ အဲဒီတော့ ကျနော်တို့အားလုံးက စစ်သည်တော်တွေ ဖြစ်ငြားသော်လည်းပဲ၊ နော်။ ကျနော်တို့ ကိုယ်တိုင်က ဗီဇ မိဘဖြစ်လာခဲ့တဲ့ ပြည်သူပြည်သားရဲ့ သဘောသဘာဝကို ခန္ဓာကိုယ်ထဲမှာ “ငါ” ပြည်သူပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” ပြည်သူပြည်သား၊ “ငါ” လူတန်းစားတစ်ရပ် မဟုတ်ဘူး၊ “ငါ” လူတန်းစားတစ်ရပ် မဟုတ်ဘူး ဆိုတာ ရင်ထဲမှာ အစဉ် သိမ်းပိုက်ပြီးသား ဖြစ်ရမယ် ခင်ဗျ။
ဦးရော်နီညိမ်း။ ။ (၁၉၆၀) ခုနှစ် ရွေးကောက်ပွဲကြီး မတိုင်ခင် တပ်မတော်အတွင်းမှာ ဖြစ်ပျက်ခဲ့ပုံတွေ တပ်မတော်က ကျောထောက် နောက်ခံပေးခဲ့တဲ့ တည်မြဲဖဆပလ ပါတီ အတွက် မိမိကိုယ်တိုင်ဦးဆောင် စည်းရုံးခဲ့ပေမယ့် အဲ့ဒီခေတ်ကလည်း စစ်တပ်က ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ကြီးနဲ့ ပြည်သူလူထုကြီးကပါ သန့်ရှင်းဖဆပလပါတီကို တခဲနက်မဲပေးခဲ့ကြပုံ၊ (၁၉၆၂) ခုနှစ် မတ်လ (၂) ရက် စစ်အာဏာ သိမ်းချိန်မှာ တက်တက်ကြွကြွရှိခဲ့ပုံ၊ စတဲ့ နိုင်ငံရေးနဲ့သွားပြီး ထိစပ်နေတဲ့ မြန်မာ့တပ်မတော်အရာရှိ တစ်ဦးရဲ့ အတွေ့အကြုံတွေကို အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ဆက်ပြီး ပြောပြထားပါတယ်။ ဒါကိုတော့ နောက်တစ်ပတ်မှာ ဖေါ်ပြပေးသွားမှာဖြစ်ကြောင်း ကြိုတင် အသိပေး လိုက်ပါတယ်။
| < Prev | Next > |
|---|

