VOA မြန်မာပိုင်း “တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၂)
အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦး ဖြတ်သန်းခဲ့တဲ့
“ပြည်သူသာအမိ ပြည်သူသာအဖ”
ပြီးခဲ့တဲ့ မတ်လ (၂၇) ရက်နဲ့ (၂၈) ရက်နေ့မှ စတင်ပြီး အပတ်စဉ် ကဏ္ဍအသစ်အနေနဲ့ VOA မြန်မာပိုင်းက “တပ်မှူး တပ်သား ပြောစကား” အစီအစဉ် (၁) ကို ထုတ်လွှင့်သွားခဲ့ပါတယ်။ ဧပြီလ (၄) ရက်နေ့မှာ ဆက်လက်ထုတ်လွှင့်ခဲ့တဲ့ အပိုင်း (၂) မှာ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်ဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက ဒီကနေ့ မြန်မာ့တပ်မတော်ရဲ့ ဆောင်ပုဒ်ဟာ “တပ်မတော်သာအမိ၊ တပ်မတော်သာအဖ” ဖြစ်နေပုံနဲ့ သူဖြတ်သန်းခဲ့တဲ့ “ပြည်သူသာ အမိ၊ ပြည်သူသာအဖ” ပြည်သူကို ဦးထိပ်ထားခဲ့ပုံတွေကို VOA မှ ဦးရော်နီညိမ်းနဲ့ အခုလို စတင် နိဒါန်းပျိုး ပြောကြားခဲ့ ပါတယ်။
ဦးရော်နီညိမ်း။ ။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးတဲ့နောက် ဗမာ့တပ်မတော်ရဲ့ အကြီးအကဲဟာ ကာကွယ်ရေး ဦးစီးချုပ် ဖြစ်ပေမယ့် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပါလီမန်လွှတ်တော်က ကာကွယ်ရေးဝန်ကြီးဌာန အတွက် (Parliament Secretary) ခေါ် ပါလီမန်အတွင်းဝန်တစ်ယောက်၊ တခါ အစိုးရ၀န်ကြီးအဖွဲ့ (Cabinet) ကလည်း အတွင်းဝန် တစ်ယောက် စုစုပေါင်း အတွင်းဝန် (Secretary) နှစ်ယောက် ခန့်အပ်ထားရှိပြီးတော့၊ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အထက် ကနေ ဗမာ့တပ်မတော်ကြီးကို ထိန်းကွပ်သွားပုံတွေကို အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက အခုလို ဆက်လက်ပြောပြ လာပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနှင့်
အမျိုးသားဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ဦးတင်ဦး။ ။ တစ်ယောက်က Parliament Secretary for Defense မြန်အောင် သခင်ချစ်မောင်ဗျ။ ဒါ တစ်ယောက်၊ နောက်တစ်ယောက်က Secretary of Defense ဒါက ကျနော်တို့ Cabinet က လာတာ။ Defense Secretary က ဦးမောင်မောင်ဗျ။ ဒီ နှစ်ယောက်က ကျနော်တို့ တပ်မတော်ကြီးနဲ့ ပတ်သက်တဲ့ အုပ်ချုပ်စီမံရမယ့် အပိုင်းတွေမှာ လူဖြစ်စေ၊ ငွေဖြစ်စေ၊ ပစ္စည်းဖြစ်စေ၊ ဘာဘဲဖြစ်စေ နိုင်ငံတော်နဲ့ ပတ်သက်တဲ့ ပြည်သူလူထုတွေဆီက Tax နဲ့၊ အခွန်နဲ့ ကျနော်တို့ ဒါ တပ်မတော် ဖွဲ့ထားတာဖြစ်တဲ့အတွက် တပ်မတော်လည်း အကျိုးရှိရာရှိကြောင်း၊ ပြည်သူလူထုနဲ့ ပတ်သက်တဲ့ အခွန်ကြေး ငွေကိုလည်း ကျနော်တို့ ချွေတာရာ ချွေတာကြောင်း တော်တော်လေး ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ခဲ့တဲ့အတွက် တပ်မတော် မှာ တခါထဲ ငွေရေးကြေးရေးပိုင်းနဲ့ စပ်လျဉ်းပြီး အတော်လေး စီစီစစ်စစ် လုပ်တယ်။ Defense Secretary က သိပ်စစ်တာ။ သူတို့က တကယ့်ကို တော်ပြီးတော့ သိပ်နားလည်တယ်။ ဟို ငွေရေးကြေးရေး ကိစ္စနဲ့ပတ်သက်လို့ ဘယ်လိုမှ ကျနော်တို့က လှည့်စားလို့ မရဘူး။ သူတို့ မပေးဘူးဆို မပေးဘူး၊ ဒါဘဲ။ Parliamentary Secretary က ဒု-၀န်ကြီး ဗျ။ Defense ကို လာပြီး ကွပ်ကဲတာဘဲ မရဘူး။ သူ့ကိုလည်း ဟိုအပေါ်က Cabinet ကနေပြီးတော့ သူ့ကို ဟုတ်လား၊ ထိန်းထားတာ။ ဟို ကျနော်တို့ ဟိုဒင်းပေါ့။ Cabinet အတွင်းဝန်ချုပ်ပေါ့ဗျာ။ အတွင်းဝန်ချုပ်အောက်မှာ သူ (ဦးမောင်မောင်) က ဒီ Defense နဲ့ပတ်သက်လို့ တာဝန်ခံရတော့ ဟိုကလည်း တကယ့်ကို ထိန်းထားတာ ဟုတ်လား၊ မရဘူး။ ဟို အတွင်းဝန်ချုပ် ဦးရွှေမရ တို့ ဘာတို့ ဆိုတာ အင်မတန် နာမည်ကြီးတွေ၊ ဒါက တစ်ပိုင်း။ ဟိုဘက်က Parliamentary Secretary ဆိုတာက တပ်မတော်နဲ့ ပတ်သက်တဲ့ ပြည်သူလူထုကို ဆက်ဆံတဲ့အပိုင်းမှာ နော် ဒီ ပြည်သူလူထုတွေဟာ အဓိက အင်အားစု ခေါင်းဆောင်မှုရှိတယ် ဆိုတာကို သဘောပေါက်အောင် ဆိုပြီးတော့ ဖွဲ့ထားတဲ့ အဖွဲ့။
ဦးရော်နီညိမ်း။ ။ အသက် (၂၇) နှစ်အရွယ်မှာ ဒုတိယဗိုလ်မှူးကြီးအဆင့်နဲ့ တပ်ရင်းမှူးဖြစ်ခဲ့တဲ့ ဦးတင်ဦးဟာ နွား တစ်ကောင်ကို သတ်မိတဲ့အတွက် ပါလီမန်လွှတ်တော်အထိ သွားရောက် ဖြေရှင်းခဲ့ရပုံတွေကို အခုလို ဆက်ပြီးပြောပါတယ်။
ဦးတင်ဦး။ ။ ကျနော် ပြောပြမယ်။ အတွေ့အကြုံ တစ်ခုနော်။ ကျနော် တပ်ရင်းမှူး ဘ၀တုံးက ကျနော်လည်း တပ်ရင်းမှူးငယ်ငယ်နဲ့ ဒုဗိုလ်မှူးကြီးဆိုတော့ လျှမ်းလျှမ်းတောက်ပေါ့ဗျာ။ သိပ်တက်ကြွတာပေါ့နော်။ တက်ကြွနေတော့ မန္တလေးမှာ ဘယ်လိုဖြစ်လဲဆိုတော့ ကျနော်က ကျနော့်တပ်ကြီးကို မန္တလေးတောင်ခြေမှာ လှလှပပ ထားတယ်ဗျ။ ဥပမာပေါ့ဗျာ။ ခြံကို အကာနဲ့အရံနဲ့၊ နောက်ပြီးတော့ မီးဘေးအတားအဆီးနဲ့၊ နောက်ပြီးတော့ ကျနော်တို့ ဒီ ဆိုင်းဘုတ်တို့ ဘာတို့ ထားတာ ပြုတာတွေက အဲဒီမှာ ကျနော်တို့တပ်ရဲ့ ဘေးမှာရှိတဲ့ အဖွဲ့အစည်းက ဗတလစ (ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမား အစည်းအရုံး) ပေါ့ဗျာ။ ဗမာနိုင်ငံ တောင်သူလယ်သမား အစည်းအရုံးပေါ့။ အဲတော့ သူတို့က အဲဒီမှာက သူတို့နွားတွေက လယ်သမားတွေ နွားတွေပေါ့ဗျာ။ ကျနော်တို့ နွားကျောင်းတာတွေ ရှိတယ်ဗျ။ နွားတွေက တခါတရံမှာ ဟို စားကျက်ကနေ လွတ်လွတ်ပြီးတော့ လာရင်းနဲ့ တပ်ထဲဝင်ပြီးတော့ စားရင်းနဲ့ ဟိုတိုးဒီတိုးနဲ့ အဲတော့ ဆိုင်းဘုတ်တွေပြုတ်၊ ဘာတွေ ပြုတ်နဲ့ပေါ့။ အဲလို ဖြစ်တော့ အဲဒါနဲ့ ကျနော် သူတို့ကို ပြောခဲ့တယ်၊ မထိန်းရင်နော် ခင်ဗျားတို့ နွားကို ကျနော် သတ်စားမှာလို့ ကျနော်က ပြောတာ။ အဲဒါနဲ့ နောက်တစ်ခါကျတော့ နွားက လာစားတယ်ပေါ့ဗျာ။ လာစားတော့ အဲဒီမှာ နွားသတ်ပြီးတော့ တပ်ရင်းမှာ ဖွယ်ဖွယ်ရာရာ လုပ်စားပစ်လိုက်တာပေါ့ ။ ဒါပေမဲ့ ဗတလစ က သူတို့ ဘယ်နေမလဲဗျ။ သူတို့က တိုင်တာပေါ့ဗျ။ သူ့ရဲ့ အစည်းအရုံးတွေ ဘာတွေ အနေနဲ့ တိုင်တာပေါ့။ တိုင်တော့ ရန်ကုန်က ကျနော်တို့စစ်ရုံးက ကြားတာပေါ့ဗျာ။ ကြားတော့ အဲဒီမှာ ပါလီမန်လည်း မေးခွန်း ဘာတွေ ဖြစ်တာပေါ့။ ဒီလိုဘဲ မန္တလေးမှာ ရှိနေတဲ့တပ်က တပ်ရင်း (၁)၊ အဲဒီက တပ်ရင်းမှူးကနေ ပြီးတော့ အဲဒီမှာ သူတို့နွားကို သတ်စားပြီးတော့ ပိုက်ဆံလည်း မပေးဘူးပေါ့ဗျာ။ ဒါဟာ ကျနော်တို့ သိပါသလားပေါ့။ ဒါကို သိရင် ဘယ်လို အရေးယူထားသလဲပေါ့။ မေးတဲ့အခါကျတော့။
ဦးရော်နီညိမ်း။ ။ အဲဒါ ပါလီမန်ထဲထိ ရောက်သလား အန်ကယ်၊ ပါလီမန်ထဲကို။
ဦးတင်ဦး။ ။ ရောက်တာပေါ့။ ဒါမျိုးးကျတော့ star question ကျတော့ကာ ရောက်တာပေါ့။ ကျနော့်ဆီတော့ ဒါ Parliamentary Secretary က ခေါ်တယ်။ လာပါဆိုတော့ ဟို မြန်အောင် သခင်ချစ်မောင်။ အဲဒီတော့ အဲဒါ သူ့ဆီသွားရတာပေါ့။ ကျနော့်ကို ကြိမ်းတာဘဲဗျ။ လုပ်သင့်လုပ်ထိုက်တာလည်း မဟုတ်ဘူး၊ မင်းတို့ ဥစ္စာက သိပ်ပြီးတော့ တရားလွန်တယ်ပေါ့။ ဒီလို မလုပ်ရဘူး၊ ဒါနဲ့ ပတ်သက်လို့ ဘယ်လို ပြေပြေလည်လည် လုပ်ရမယ်။ အဲတော့ လုပ်ပုံလုပ်နည်း မင်း မှားတယ်လို့၊ ကျနော့်ကို ထိုက်သင့်အားလျော်စွာ ကြိမ်းမောင်းဆူပူတာတွေ ခံရတယ်ဗျ။ ရဲဘော်ရဲဘက်စိတ်နဲ့ ပြောတာဘဲ။ ဒါပေမဲ့ ပြောတဲ့အခါမှာ သူတို့က ဒီ ပြည်သူလူထုရဲ့ နစ်နာမှုက ဘယ်လိုဖြစ်တယ်ဆိုတာ အပေါ် မူတည်ပြီးတော့ မင်းတို့ ကိုယ်တိုင်ကပင်လျှင် ပြည်သူပြည်သား ဖြစ်တယ်၊ ဒါကြောင့်မို့လို့ ပြည်သူပြည်သား ဖြစ်တဲ့အတွက် နောင် အရပ်ဘက်စည်းကမ်းကို ချိုးဖောက်လို့ မရဘူး။ မင်းတို့ကိုယ်တိုင်က တပ်မတော်စည်းကမ်းလည်း ထိန်းရမယ်။ အရပ်ဘက်ရဲ့ ဓလေ့ထုံးတမ်း အစဉ်အလာကိုလည်း ရိုသေရမယ်။ ဒါမျိုးတွေ သင်တာဗျ။ အဓိပ္ပါယ်က ကျနော့်ကို ကာကွယ်ရေးဦးစီးချုပ်က ပြောလည်း ရတာဘဲလေ။ ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဟို ပြောတော့ ပြောတာပေါ့။ ဒါပေမယ့် ဒီ ကျနော်တို့ ပြည်သူ့ဆန္ဒနဲ့ စိုးမိုးတဲ့ပုဂ္ဂိုလ်က Defense ရဲ့ Parliamentary Secretary ဖြစ်တော့ သူကပြောဘို့ တာဝန်ရှိတော့ ကျနော့်ကို ခေါ်ပြောတာပေါ့ဗျ။ အဲတော့ ဒီလိုဟာမျိုးတွေ ရှိတယ်လေ။ အဲတော့ ကျနော်ကလည်း ဒီလိုပြောလာတယ်ဆိုတော့၊ နောင် ဘယ်လုပ်ရဲမလဲဗျ။
ဦးရော်နီညိမ်း ။ ။ ဟုတ်ကဲ့ အန်ကယ်၊ အဲတော့လေ။ ဒီကနေ့ခေတ်နဲ့ ပြန်ကြည့်ရင် ကျနော်တို့ တပ်မတော်ကနေ ပြီးတော့ တပ်ရင်းမှူးတစ်ယောက်ရဲ့ အမိန့်နဲ့ နွားတစ်ကောင်ကို သတ်စားတာဟာ ပါလီမန်ထဲထိ၊ လွှတ်တော်ထဲထိ တက်ပြီး ဖြေရှင်းရတယ် ဆိုတာ အခုခေတ် တပ်မတော်သားတွေ ယုံချင်မှတောင် ယုံမယ် အန်ကယ်။ အဲဒီတော့ အဲ့ဒီ စနစ်က ဘယ်လို၊ ဘယ်လို၊ ကွာခြားတယ် ဆိုတာ။
ဦးတင်ဦး။ ။ ဒါပေါ့၊ စနစ် ကွာခြားတာပေါ့ဗျာ။ ကျနော် ဘယ်လုပ်ရဲတော့မလဲ။ ကျနော်တို့တင် ပြောတာမဟုတ်ဘူး။ လယ်သမားအစည်းအရုံးကလည်း သူတို့ကို ပြောတယ်။ မင်းတို့ဘက်ကလည်းဘဲ ဒါနဲ့ပတ်သက်တာအားလုံးကို သူ့တပ်ဝင်းအတိုင်းဘဲ၊ သူ လုံခြုံရေး ယူထားတဲ့ အနေအထားမှာ မင်းတို့နွားတွေလည်း မင်းတို့ထိန်းဦးပေါ့။ ဘယ် မင်းတို့က ဒီလိုနဲ့ တခါထဲ ၀င်ချင်တိုင်းဝင်ပြီး လုပ်ချင်တိုင်း လုပ်နေတယ်ဆိုတော့လည်း သူတို့ကလည်း ဘယ်ခံမလဲ။ ဘယ်ကြိုက်မလဲ။ သူတို့ကလည်း လုံခြုံရေးနဲ့ ပတ်သက်လို့ ကြည့်ရ ရှုရတာတွေ ရှိမှာပေါ့။ သူတို့ဘက်ကလည်း အတားအဆီး ဖြစ်သွားတယ်လေ။ ကျနော်တို့ဘက်ကလည်းပဲ ဒီဟာနဲ့ပတ်သက်တာ စည်းကမ်းထိန်းသိမ်းဖို့ ဖြစ်သွားတယ်လေ ဆိုတော့ ကောင်းသွားတာပေါ့။ အဲဒီလို ဟာမျိုးတွေက ရှိတယ်လေ။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ခင်ဗျ။ အန်ကယ် ဟုတ်ကဲ့။
ဦးတင်ဦး။ ။ နောက်တစ်ခု ပြောပြဦးမယ်ဗျ။ ပြည်သူလူထုရဲ့ စိုးမိုးမှုက ဘယ်လောက် ထက်သန်လဲဆိုတာ ကျနော်ပြောပြမယ်။ ဦးရော်နီညိမ်း။ ။ တခါ ရာထူးအရှိန်အ၀ါပေါ်မှာ ၀င့်ဝါပြီး တပ်မတော်အရာရှိ တစ်ဦးအနေနဲ့ အမှတ်မထင် လုပ်ဆောင်ခဲ့မှုအပေါ် ပြည်သူလူထုကို အကာအကွယ် ပေးထားတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ သူအရေးယူခံခဲ့ရပုံကိုလည်း အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက အခုလို နောက်ထပ် အတွေ့အကြုံတစ်ခုကို ပြောပြပါတယ်။
ဦးတင်ဦး။ ။ ပေါက်မြို့မှာ ကျနော်က တပ်ခွဲမှူးဆိုတော့ ဗိုလ်ကြီးပေါ့ဗျာ။ အဲတော့ တစ်နေ့ကျတော့ ကျနော့်ဆီကို ကြေးနန်းဝင်လာတယ်ဗျ။ ကျနော့်ကို ဗိုလ်မှူးအဖြစ် ခန့်အပ်လိုက်တယ်။ အဲဒီတပ်ရင်းမှာပဲ ဒု တပ်ရင်းမှူးနဲ့ ဗိုလ်မှူးအဖြစ် တာဝန်ခန့်လိုက်တယ်။ အခု မင်းက ပေါက်မြို့မှာ တာဝန်ထမ်းဆောင်နေတဲ့အတွက် မင်းအမြန်ဆုံး မင်းတပ်ရင်းရှိတဲ့ မန္တလေးကို သတင်းပို့ဆိုတဲ့ အမိန့်စာက ရောက်လာတယ်ဗျ။ ရောက်လာတော့ ကျနော်ကလည်း အဲဒါနဲ့ပတ်သက်ပြီးတော့ မန္တလေးကို ပြန်ဖို့အတွက် ပေါက်မြို့မှာ လေယာဉ်ပျံကွင်းတွေ ဘာတွေလုပ်ထားတော့ လေယာဉ်ပျံ ဆင်းတယ်ဗျ။ လေယာဉ်ပျံတစ်စီး ဆင်းလာပြီးတော့ အဲဒီ လေယာဉ်ပျံက ရန်ကုန်ကို ပြန်ရမှာကိုး။ လူတွေ လာခေါ်ရင်းနဲ့ ရန်ကုန်ပြန်ရမှာ။ အဲတော့ ကျနော်က ကျနော်လည်း လိုက်မယ်၊ ကျနော် မန္တလေးကို ပြန်ရမယ်။ ဒီတော့ ကျနော်လိုက်ပြီးတော့ ကျနော့်ကို မိတ္ထီလာမှာ ချပေးပါ။ ပြီးတော့မှ ခင်ဗျား ရန်ကုန်ပြန်ပါ။
ဒီလို ကျနော်ပြောတော့၊ ဟို လေယာဉ်ပျံမောင်းတဲ့ အမောင်းသမားက အမေရိကန်ဗျ။ သူက Mr. Hare တဲ့၊ အဲတော့ သူက ပြောတယ်၊ မင်း ဒီ manifesto လေးကို လက်မှတ်ထိုးလိုက်။ အဲဒီ manifesto အတိုင်းဆို ငါ လေယာဉ်ပျံဆင်းပေးမယ်ပြောတော့ ကျနော်ကလည်းပဲဗျာ။ ချက်ချင်းခန့်လိုက်တဲ့ Major ဆိုတော့၊ သွေးလေးကလည်း နားထင်ရောက်နေတော့ ဒီ manifesto ရေးတာမှာ ကျနော်က ဘယ်လိုတောင် ရေးတယ် အောက်မေ့လဲ။ တစ်ခါထဲကို MAJOR TIN OO အဲဒါကို Capital Letter နဲ့ ရေးတယ်ဗျ။ ပြီးတော့ ကျနော့်ရဲ့ နံပါတ် BC- 3651၊ အောက်က ထည့်လိုက်သေးတယ်။ (Recently Promoted Major) ဆိုပြီးတော့ bracket နဲ့ ထည့်လိုက်သေးတယ်၊ သေချာအောင်လို့ ဆိုပြီးတော့ လူရည် မလည်တာပေါ့ဗျာ။ ကျနော့်ကို တင်လာတယ်။ ကျနော်ကလည်း လိုက်သွားတော့ မိတ္ထီလာမှာ သူ ချပေးတယ်။ ချပြီး လေယာဉ်ပျံက ရန်ကုန်ပြန်သွားတယ်။ ဒါပေမယ့်လို့ သူ့ရဲ့ Schedule က ပေါက်က နေပြီးတော့ ရန်ကုန် တိုက်ရိုက်ပြန်ရမှာကိုး။ ကျနော်က မိတ္ထီလာကို ဆင်းခိုင်းတဲ့ Order ပေးလိုက်တဲ့အတွက် ဟိုကနေပြီးတော့ ဘာပြောလဲဆိုတော့ ဒီလေယာဉ်ပျံဟာ ရန်ကုန်ပြန်ရောက်ပြီးရင် ထားဝယ်ကို တစ်ခေါက်သွားတဲ့ သယ်ရမယ့် လေယာဉ်ပျံ။ အဲဒီတော့ ထားဝယ်ကို မသွားဖြစ်လိုက်တဲ့ အတွက်ကြောင့်မို့လို့ မိတ္ထီလာကို ဆင်းလိုက်ရတာမို့ ထားဝယ်ကို သွားဖို့အတွက် နောက်ကျလိုက်တာကြောင့် ဒီသွားရတဲ့ဟာနဲ့ ရရမယ့် ၀င်ငွေဟာ သူတို့ရဲ့ဌာနက ထိခိုက်ပါတယ်။ ဒါကို သက်ဆိုင်ရာတွေနဲ့ အမိန့်ပေးတဲ့ အရာရှိကို အရေးယူပေးပါလို့ လာတယ်ဗျ။
ဦးရော်နီညိမ်း။ ။ အန်ကယ်၊ အဲဒါ အရပ်ဘက်၊ အရပ်ဘက် UBA (Union of Burma Airways) လေယာဉ်ပျံ Company ကလား။ ဦးတင်ဦး။ ။ အရပ်ဘက် UBA လေယာဉ်ပျံ။ UBA ကို ကျနော်က နေပြီးတော့ တခါထဲ မိတ္ထီလာဆင်းခိုင်းတာ။ သူသွားရမယ့် Schedule က ရန်ကုန်။ ဒါပေမယ့် ကျနော်ကတော့ ကျနော့်ကိုယ် ကျနော် စစ်ဗိုလ် ပေါ့ဗျာ။ တခါထဲ ဗိုလ်မှူးတောင် ဖြစ်နေပြီပဲ။ ဒါနဲ့ ပတ်သက်တာက ငါအမိန့်ပေးလို့ရတယ်၊ ဒါ ဆင်းပေးရမှာပေါ့ဗျာ။ အဲ ဟိုကလည်း ဆင်းပေးမယ်၊ You better sign the manifesto ၊ manifesto လက်မှတ်ထိုး။ ကျနော် ထိုးပေးတယ်၊ ခုနလိုပေါ့ဗျာ။ MAJOR TIN OO၊ BC-3651 Recently Promoted Major တွေ ဘာတွေ ရေးပေးလိုက်တာပေါ့။
အဲဒါနဲ့ တခါထဲ ကျနော် တပ်ရောက်ပြီး ၃/၄ ရက် ကြာတော့ ရန်ကုန်က ခေါ်တာပဲဗျ။ လာခဲ့ဆိုတော့ သွားရတာပေါ့ဗျာ။ ဟိုရောက်တော့ ဒီလို ဒီလိုပဲဆိုတော့ ဟုတ်တယ် မှန်တယ်။ ဟင် မင်းကဘာဖြစ်လို့ ဒီဟာနဲ့ပတ်သက်လို့ ဒါကို ဒီလို မိတ္ထီလာဆင်းဖို့ အမိန့်ပေးရတာလဲ။ မင်းမှာ ဘယ်လို အမိန့်ပေးနိုင်တဲ့ အာဏာရှိလို့လဲ။ ခွင့်တောင်းပါဦးလား။ အဆင့်ဆင့် ဌာနတွေကို ငါတို့ကို ခွင့်တောင်းပြီးမှ လုပ်ပါလား။ မင်း ခွင့်မတောင်းပဲ လုပ်တော့ ထိခိုက်ကုန်တာပေါ့။ အဲဒါနဲ့ဗျာ။ ဟို တရားတဘောင် (စုံစမ်းစစ်ဆေးရေးခုံရုံး) ဖြစ်တာ။ မသိ နားမလည်တဲ့ အရာရှိငယ်တစ်ယောက် အနေနဲ့ ဖြစ်တာမို့ ဆိုပြီးတော့ ကျနော့်ကိုဗျာ လခ ဖြတ်တယ်ဗျ။ လခ ဖြတ်တယ်။ ကျပ် တစ်ထောင်ကျော်ကျော်လောက် ဖြတ်လိုက်တယ်။ အဲဒီတော့ ကျနော့်မှာ၊ လစဉ် ဟို တစ်လထုတ်တဲ့ လစာထဲက ၁၀၀၊ ၁၀၀ အဲဒါ နှိမ်ပြီးမှ အဲဒီ့ UBA ကို ပေးရတယ်ဗျာ။ အဲဒီလို ကျနော်တို့မှာက အုပ်ချုပ်ခံခဲ့ရတယ်။ ကျနော်တို့ လုပ်ချင်တိုင်းလုပ်လို့ မရဘူးဗျ။ နောက်တစ်ခု ကျနော် ပြောဦးမယ်နော်။
ဦးရော်နီညိမ်း။ ။ ဟုတ်ကဲ့ ။ မိမိစီးလာတဲ့လေယာဉ်ကို စစ်ဗိုလ်အရှိန်အ၀ါသုံးပြီး မိမိ ဆင်းစေလိုတဲ့ မြို့မှာ ဆင်းစေဘို့ အမိန့်စာရေးပေးခဲ့ရာက လေကြောင်း Company ကို နစ်နာမှုလျော်ကြေး ပေးခဲ့ရပုံတွေကို သတိတရ ပြန်ပြောပြပြီးတဲ့နောက်မှာ နိုင်ငံရေးအရ တိုင်းပြည်အတွက် လုပ်တာဘဲ ဆိုပြီး စစ်ဗိုလ်အရှိန်အ၀ါနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တရားစီရင်ရေးမှာလည်း ၀င်ရောက်စွက်ဖက်မိလို့ ပါလီမန်ဒီမိုကရေစီခေတ်က တရားဥပဒေနဲ့ သူရင်ဆိုင်ခဲ့ရပုံနဲ့ ပတ်သက်ပြီး အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦး ပြောစကားတွေကို လာမယ့် ဧပြီလ (၁၁) ရက်နေ့ တနင်္ဂနွေနေ့ မနက်၊ “တပ်မှူးတပ်သား ပြောစကား” အစီအစဉ်မှာပဲ ဆက်ပြီး ထုတ်လွှင့်သွားမှာ ဖြစ်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်ခင်ဗျာ။ ကျနော် ရော်နီညိမ်း ပါ။
| < Prev | Next > |
|---|

