VOA မြန်မာပိုင်း (၂၇-၃-၂၀၁၀ နှင့် ၂၈-၃-၂၀၁၀) ရက်နေ့
“တပ်မှူးတပ်သား ပြောစကား” အစီအစဉ် (၁)
ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစား ဗိုလ်မှူးချုပ်ကျော်ဇောနှင့်
အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးတို့၏ အမှာစကား
စာဖတ်ပရိတ်သတ်များ ခင်ဗျား
VOA အသံလွှင့်ဌာနအနေနဲ့ “တပ်မှူးတပ်သား ပြောစကား” ဆိုတဲ့ ခေါင်းစဉ်နဲ့ အစီအစဉ်အသစ် တစ်ရပ်တင်ဆက်ခဲ့ရာ “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်အဖွဲ့ရဲ့ မေတ္တာ ရပ်ခံချက်အရ မျိုးချစ် စစ်ခေါင်းဆောင်များ ဖြစ်ကြတဲ့ ဗိုလ်မှူးချုပ် ကျော်ဇောနဲ့ ဗိုလ်ချုပ်ကြီးသူရတင်ဦးတို့ရဲ့ ယနေ့ တပ်မတော်သားများအား အမှာစကား ချီးမြှင့်ခဲ့သော အသံဖိုင်နဲ့ စာသားများကို ပေးပို့လာပါတယ်။ အဆိုပါ အစီအစဉ်အား အပိုင်း (၄) ပိုင်းဖြင့် ဖော်ပြသွားမှာဖြစ်ရာ ယခုလို ပေးပို့လာတဲ့ အတွက် VOA အသံလွှင့်ဌာနအား “စည်းလုံးခြင်းရဲ့အင်အား” ၀က်ဘ်ဆိုဒ်အဖွဲ့သားများ ကိုယ်စား ကျွန်တော်ကိုဖိုးတရုတ်က အထူး ကျေးဇူးတင်ရှိကြောင်း ဖေါ်ပြအပ်ပါတယ်။
ယခုအပတ် အပိုင်း (၁) မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောရဲ့ အမှာစကား အစီအစဉ်နဲ့အတူ ဗိုလ်ချုပ်ကြီး သူရတင်ဦးရဲ့ သူ တပ်သားကလေးအဖြစ် ဗမာ့ကာကွယ်ရေးတပ်မတော် (BDA - Burma Defense Army) ကို မ၀င်ရောက်မှီက အကြောင်းများ၊ နောက်ခံ သမိုင်းအကျဉ်းနဲ့ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်း အပတ်စဉ် (၃) တက်ရောက်ခဲ့ပုံတွေကို တင်ပြထားပါတယ်။ ဒီ အစီအစဉ် ပြီးတဲ့နောက် “စည်းလုံးခြင်းရဲ့ အင်အား” ၀က်ဘ်ဆိုဒ်မှာ ဖော်ပြခဲ့တဲ့ အရာရှိစစ်သည်တွေရဲ့ ဆောင်းပါးများကို VOA အသံလွှင့်ဌာနနှင့် DVB အသံလွှင့်ဌာန တို့မှ ဆက်လက် ထုတ်လွှင့်ပေးဖို့ အစီအစဉ် ရှိနေတာကြောင့် VOA နှင့် DVB တို့မှ ထုတ်လွှင့်ပြီးပါက ဤ၀က်ဘ်ဆိုဒ်တွင် အသံဖိုင်များနဲ့အတူ တမူထူးခြားစွာ တင်ဆက်ပေးသွားမည် ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျား။
VOA မြန်မာပိုင်းရဲ့ အပတ်စဉ် ကဏ္ဍအသစ် တစ်ခုဖြစ်တဲ့ “တပ်မှူးတပ်သား ပြောစကား” ဆိုတဲ့ ခေါင်းစဉ်မှာ အခုအခါ အသက် (၉၁) နှစ်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ ခေတ်သစ် ဗမာ့တပ်မတော်ကို စတင်တည်ထောင်သူတွေထဲက တစ်ဦး ဖြစ်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင် အငြိမ်းစား ဗိုလ်မှူးချုပ် ကျော်ဇောမှ အသံဖိုင်နဲ့ အမှာစကား ချီးမြှင့်ပေးပို့်ခဲ့ပါတယ်။ ဗိုလ်ချုပ် ကျော်ဇောက ဗမာ့ တပ်မတော်ကို ဦးစီးဦးဆောင် စတင်တည်ထောင်ခဲ့တဲ့ ဗမာ့လွတ်လပ်ရေး ဗိသုကာနဲ့ ဗမာ့တပ်မတော်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကို မမေ့မလျော့ကြဖို့ အခုလို အမှာစကား ပြောကြားပါတယ်။

ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇောနဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦး
“ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးကို လက်နက်နဲ့ တိုက်ယူဖို့လိုတယ်လို့ သဘောပေါက်လာတော့ တခြား တိုင်းချစ်ပြည်ချစ် ခေါင်းဆောင်များနဲ့ စုစည်းပြီး ဗမာ့တပ်မတော်ကို တည်ဆောက်ခဲ့တဲ့သူပါ။ ဗိုလ်ချုပ်ရဲ့စိတ်နေစိတ်ထားဟာ အလွန်ရိုးသား ဖြောင့်မတ်ပြီး ဒီမိုကရေစီကိုလည်း ယုံကြည်သူ ဖြစ်ပါတယ်။ အရည်အချင်းအရလည်း တိုင်းပြည်ကို နှစ်အနည်းအငယ် အတွင်းမှာ စည်းရုံးသိမ်း သွင်းနိုင်သူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗိုလ်ချုပ်ရဲ့ အခြေခံ တိုင်းချစ်ပြည်ချစ်နဲ့ အရည်အချင်းတွေကို ယခုခေတ် တပ်မတော်သားများ အပါအ၀င် ဗမာပြည်သူအားလုံး လေ့လာအတုယူသင့်ပါတယ်။ တပ်မတော်သားများကို လည်း ပြည်သူသာအမိ ပြည်သူသာအဖ၊ ပြည်သူကိုရန်သူလို သဘောမထားကြပါနဲ့လို့ ပန်ကြားလိုပါတယ်။ ဗမာပြည်ရဲ့ မပြီးဆုံးသေးတဲ့ ဒီမိုကရေစီ တိုက်ပွဲအတွက် တစ်ခန်းတစ်ကဏ္ဍက ပါဝင်လှုပ်ရှားနေကြတဲ့ သတင်းဌာနအသီးသီးကို ကျေးဇူး အထူးတင်ပါတယ်။ တပ်မတော်သားများနဲ့ ပြည်သူလူထုကြား နားလည်မှုရအောင်၊ ယုံကြည်မှုရအောင် ကြိုးစားကြပါလို့ တိုက်တွန်းချင်ပါတယ်။ ပြည်သူအများလိုလားတဲ့ ဒီမိုကရေစီစနစ် အမြန်ဆုံးရရှိနိုင်ပါစေ။”
ဗမာ့တပ်မတော်ကို စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးအပါအ၀င်ဖြစ်တဲ့ ဗိုလ်ချုပ်ကျော်ဇော ရဲ့ ပြောစကားတွေကို တင်ဆက်ပေးခဲ့တာပါ ခင်ဗျာ။ (၁၉၄၂) ခုနှစ် ဒီဇင်ဘာလ (၂၆) ရက်မှာ BIA (Burma Independence Army) ဗမာ့ လွတ်လပ်ရေးတပ်မတော်အဖြစ် စတင် ပေါက်ဖွားခဲ့ရာမှ ဆက်လက် တည်ရှိလာခဲ့တဲ့ ခေတ်သစ် မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေးဦးစီးချုပ် အဆက်ဆက်ထဲက (၁၉၇၄) ခုနှစ်ကနေ (၁၉၇၆) ခုနှစ်အထိ မြန်မာ့တပ်မတော်ရဲ့ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ ပြောစကားတွေကိုလည်း ဆက်ပြီးတော့ တင်ဆက်ပေးပါ ရစေခင်ဗျာ။ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးတင်ဦးက သူ တပ်သားကလေးအဖြစ် ဗမာ့ကာကွယ်ရေး တပ်မတော် (BDA - Burma Defense Army) ကို မ၀င်ရောက်မှီ နောက်ခံ သမိုင်းအကျဉ်းနဲ့ ဂျပန်ခေတ် မင်္ဂလာဒုံ ဗိုလ်သင်တန်းအပတ်စဉ် (၃) တက်ရောက်ခဲ့ပုံတွေကို စပြီး ပြောပြပါတယ်။
“ဗမာ့လွတ်လပ်ရေး တပ်မတော်ခေတ်ကို ကျနော် မမှီပါဘူး။ ၁၉၄၃ ခုနှစ် ကျနော်တို့ သြဂုတ်လ (၁) ရက်နေ့မှာ၊ မြန်မာနိုင်ငံတော်ကို ဂျပန်ကပေးတဲ့ လွတ်လပ်ရေးအတု ရတယ်ပေါ့ဗျာ၊ လွတ်လပ်ရေးအတု ရတဲ့အချိန်မှာ အရင်တုန်းက ဖွဲ့စည်းထားတဲ့ ဗမာ့တပ်မတော်ကို ပြန်လည်ပြီးတော့ ဗမာ့ကာကွယ်ရေးတပ်မတော် ဖွဲ့ပါတယ်။ အသက် (၁၆) နှစ်ပြည့်ပြီးတော့ (၁၇) နှစ်ထဲမှာပေါ့။ အဲဒီမှာ စပြီး ၀င်တာပဲလေ။ ကျနော်က တပ်ထဲကို ၀င်တာပေါ့ စစ်ထဲဝင်တဲ့အခါ ကျတော့လည်းပဲ မိခင်က ကျနော့်ကို ဆောင်းတွင်းကြီးပေါ့၊ အဲဒီတော့ ပုသိမ်ဘူတာကို လိုက်ပို့တယ်။ ပို့တော့၊ အဲဒီတော့ မိခင်က သူ့ကို ကျွန်တော် ကန်တော့တဲ့အခါကျတော့၊ ကန်တော့တော့ အမေပြောတဲ့ စကားလေးက ကနေ့ထိ ကျနော့်မှာ အသည်းစွဲနေတာက၊ ကျနော်က ကန်တော့တော့ ငိုတယ်။ မျက်ရည်တွေ ကျတာပေါ့။ အမေက မျက်ရည်မကျနဲ့နော်။ မင်းဟာ သေမြေကြီး ရှင်ရွှေထီး။ နောက်ပြီးတော့ စစ်သွားတိုက်တာကို၊ စစ်တိုက်ရမှာကို ကြောက်ပြီးတော့ ငါတို့အိမ်ကို ပြန်လာလို့ရှိရင် အမေ ရှက်တယ်။ အဲဒီလိုဟာမျိုး မိခင်က ပြောလိုက်တာ။ အဲဒါ စိတ်ထဲမှာ စွဲနေတယ်ဗျ။ စမ်းချောင်း ပဒုမ္မာကွင်းမှာရှိတဲ့ အဲ ကျနော်တို့ စစ်ဝန်ကြီးကင်းတပ်မှာ ကျနော်က ၀င်လိုက်တယ်ဗျ။ တပ်သားသစ်အဖြစ် ၀င်လိုက်တယ်ပေါ့ဗျာ။ တပ်သားသစ် မ၀င်ခင်မှာ ကျနော်က ပုသိမ်က လာစဉ်ကတည်းက ကျနော်တို့ တပ်မတော် တတိယပတ် ဗိုလ်သင်တန်းကျောင်း တက်ဖို့အတွက် လျှောက်လွှာလေးရေးပြီး တစ်စောင် ယူလာခဲ့တယ်ဗျ။ အဲဒီ စစ်ဝန်ကြီးရုံးမှာ ဟို ကျနော်တို့က ဒီက စာတိုက်ကနေ ပို့ထားတာရှိတယ်။ နောက်ပြီးတော့ ကျနော်တို့ လျှောက်ထားတဲ့ သူတွေကို ခေါ်ပြီးတော့ စာမေးပွဲဖြေခိုင်းတယ်။ နောက်ဆုံး စာမေးပွဲစစ်လို့ result က သူတို့ လူ (၃၀) ယူတာမှာ ကျနော်က position 31 ဗျ ။ ဆိုတော့ ကျနော် မပါဘူး။
အဲဒါနဲ့ အဲဒီမှာ (၁၀) တန်းအထိ သင်ခဲ့ဖူးတဲ့ သူတွေကို ကျနော်တို့ဗမာ့တပ်မတော် အချက်ပြ တပ်ရင်း Signal ပေါ့။ အဲဒါ ဖွဲ့တယ်။ အဲဒီဖွဲ့တာမှာ ကျနော်တို့ ပညာတတ်တဲ့ကလေး တွေကို ပို့မယ်ဆိုပြီးတော့ ကျနော်က အဲဒီမှာ ပါသွားပြီးတော့ ဆက်သွယ်ရေးတပ်ရင်းမှာ တာဝန် ထမ်းဆောင်ရတာပေါ့။ ဟို ပညာသင်ရတာပေါ့ဗျာ။ training ပေါ့။ ဆက်သွယ်ရေးပညာ သင်ရတာပေါ့။ အဲဒီတော့ ဂျပန် Morse (ဆက်သွယ်ရေး သင်္ကေတများ) တွေရော၊ ဗမာ Morse တွေရော သင်ရတယ်ဗျ။ အဲတော့ သင်နေတုန်းမှာပဲဗျာ၊ တပ်မတော်ဗိုလ်သင်တန်းကျောင်း တတိယပတ် လူနဲ့ပတ်သက်လို့ တချို့ လျော့သွားတာတွေ ရှိပါလိမ့်မယ်။ အဲတော့ ကျနော်က နံပတ် (၃၁) ဆိုတော့ ကျနော် အရွေးခံရတော့ တတိယပတ် ဗိုလ်သင်တန်းကျောင်း တက်ရတယ်ဗျ။ ဗိုလ်သင်တန်းကျောင်းက ရဲဘော်သုံးကျိပ်ပေါ့၊ ကျနော်တို့ ဗိုလ်မှူးလေးဇေယျ၊ အဲတော့ သူက ကျောင်းအုပ်ကြီး။ အဲတော့ သူ့ဆီမှာ တက်ရတယ်ဗျ။ သင်တန်းပြီးခါနီး တ၀က်လောက်ကျတော့၊ အဲဒီနေရာကို ဗိုလ်ရန်နိုင် ရောက်လာတယ်။ အဲတော့ ဗိုလ်ဇေယျက ပြန်သွားတယ်။ ဗိုလ်ရန်နိုင် ရောက်တယ်။ အဲတော့ ကျောင်းဆင်းတော့ ဗိုလ်ရန်နိုင်နဲ့ ဆင်းရတယ်။ ကျောင်းဆင်းပြီးတော့က ကျနော် အနောက်မြောက်တိုင်းကို ကျနော် ရောက်တယ်”
အခုလို သက်ရှိထင်ရှားရှိနေဆဲ ဗမာ့တပ်မတော် ခေါင်းဆောင်ဟောင်းနှစ်ဦးရဲ့ ကိုယ်တိုင်ပြောစကားတွေကို တင်ဆက်ပြီးတဲ့အခါမှာ ခေါင်းဆောင်တွေရဲ့ အမြင်သဘောထား တွေကို တင်ပြ သွားမှာ ဖြစ်ပါတယ်။ အသက်အရွယ်အရ အငြိမ်းစားဗိုလ်မှူးချုပ်ကျော်ဇောနဲ့ အပြန်အလှန် ဆွေးနွေးမှုကို တင်ပြနိုင်ခြင်းမရှိတာ နားလည်ပေးဘို့ တောင်းပန်အပ်ပါတယ် ခင်ဗျာ။ ဆက်လက် ပြီးတော့ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးနဲ့ တပ်မတော်ရေးရာ ဆွေးနွေးတင်ပြချက်တွေကို ဆက်ပြီး တင်ဆက်ပေးပါရစေ။
မေး။ ။ အန်ကယ်ကိုယ်တိုင်လဲ မင်္ဂလာဒုံ ဗိုလ်သင်တန်းအပတ်စဉ် (၃) မှာ ဗိုလ်လောင်းအဖြစ်နဲ့ တပ်မတော်ထဲကို ၀င်တဲ့အခါမှာ၊ အဲအချိန်မှာ တပ်မတော် စစ်အရာရှိတစ်ယောက် ဖြစ်လာအောင် ကိုယ့်ကိုယ်ကို ဘယ်လိုမွေးမြူမယ်၊ ဒီအထဲကို ဘယ်လိုဝင်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိခဲ့ပါသလဲ ခင်ဗျ။
ဦးတင်ဦး။ ။ အဲ ကျနော်တို့ ငယ်ငယ်တုန်းကတော့ ဒီ ပုသိမ် ဗဟိုအမျိုးသား အထက်တန်းကျောင်းပေါ့။ အဲတော့ ကျောင်းဆရာကြီးတွေကလည်း သိတဲ့အတိုင်းဘဲ။ သူတို့ကလည်း လစာရတာ မဟုတ်ပဲနဲ့ တကယ့် National ကျောင်းမှာ အဲဒီတုန်းကလည်း ဟို ဦးဖိုးကျားတို့ စသည်ဖြင့်ပေါ့ဗျာ။ အမျိုးသားကျောင်းပညာဝန်တွေ ဘာတွေဖြစ်တော့ ဟို တော်တော်လေးပဲ ကျနော်တို့က အဲချိန်ခါက အမျိုးသားရေးနဲ့ ပတ်သက်လို့ တော်တော်လေး မျိုးချစ်စိတ်ထက်သန်ဘို့ စပြီးတော့ ဒီလို၊ ဟို ကျနော်တို့ စိတ်ဓါတ်တက်ကြွအောင် သင်ကြားပေးတဲ့ ကျောင်းပေါ့လေ။ အဲဒီမှာ ဘာတွေ ထူးခြားလာလည်းဆိုတော့ ကျောင်းမှာက ကျနော်တို့ ကျောင်းသားသမဂ္ဂရှိတယ်။ ပုသိမ်မြို့လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ ပေါ့လေ။ အဲဒီမှာ ကျောင်းသားကိစ္စတွေနဲ့ လှုပ်ရှားမှုတွေ ရှိကြတော့၊ အဲဒီမှာ လှုပ်ရှားမှုတွေထဲမှာပဲ ကျနော်တို့ ပါကြ ၀င်ကြ လုပ်ကြရတာပေါ့ဗျာ။ ဒီဟာတွေက စိတ်ဓါတ်တွေက တက်ကြွနေတဲ့ သဘောတွေရှိတယ် ဗျ။
မေး။ ။ ဟုတ်ကဲ့ အန်ကယ်၊ ဟုတ်ကဲ့၊ အဲတော့ အကုန်လုံးကို ခြုံငုံပြီး ကြည့်လိုက်မယ်ဆိုရင် ဗိုလ်သင်တန်းကျောင်းကို အန်ကယ် အခုလိုမျိုး တက်ဖြစ်သွားတဲ့ အဓိက စေ့ဆော်ချက်က ကိုယ်ကြီးပွါးဘို့လား၊ ကိုယ်စစ်ဗိုလ်ဖြစ်ရင် နေရာကောင်းရမယ်/ရာထူးရမယ် အဲဒီလို ရည်ရွယ်ချက်နဲ့လား။ ဦးတင်ဦး။ ။ ဟာ…. ဘယ် အဲဒါမျိုးတွေ ဘယ်တော့မှ ခေါင်းထဲ မရောက်ဘူးဗျ။ ဘယ်တော့မှ ခေါင်းထဲ မရောက်ဘူး။ ဒီ ကျနော်တို့ တပ်ထဲဝင်မယ်။ နောက်ပြီးတော့ ကျနော်တို့ တပ်မတော်မှာ တာဝန်ထမ်းဆောင်မယ်။ နောက်ပြီးတော့ အမိဗမာနိုင်ငံအတွက် လုပ်မယ်၊ ဒီလိုနဲ့ ကျောင်းသားတွေ စိတ်ဓါတ်နဲ့ ပါတာဘဲ။ နောက်ပြီးတော့ ဟို ကျောင်း ရောက်တော့ ဗိုလ်သင်တန်း ကျောင်းရောက်တော့လည်းဘဲ ဥပမာဆိုလို့ရှိရင် ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ကလည်း၊ ကျနော်တို့ စစ်သေနာပတိအနေနဲ့ ကျောင်းကိုလာလာ ပြီးတော့ စိတ်ဓါတ်ရေးရာနဲ့ ပတ်သက်လို့ ဟောတယ်၊ ပြောတယ်ဗျ။ ဟောတဲ့ ပြောတဲ့ထဲမှာ သူပြောနေတာ အမြဲတမ်း ပြောတာက ငါပေးနိုင်တာက မင်းတို့ကို (ဟုတ်လား) စားဖို့ သောက်ဖို့ ဆိုရင်ပေါ့။ ငါ့အနေနဲ့ ခု ကျောက်ခဲသလဲပဲ ပေးနိုင်မယ်ပေါ့။ ဒါမျိုးတွေပေါ့လေ။ နောက်တစ်ခုက ဒီ တပ်မတော်ထဲမှာ ကျနော်တို့ ဒီ စစ်သည်ကောင်းဖြစ်ဖို့ဆိုတဲ့ ဟာတွေနဲ့ ပတ်သက်ပြီးတော့ရယ်၊ နောက် နိုင်ငံတော်နဲ့ပတ်သက်တဲ့ ရှေ့ ကျနော်တို့တည်ဆောက်ရမယ့် ကိစ္စအပိုင်းတွေမှာ လွတ်လပ်ရေးရပြီးရင် ဘယ်လိုတည်ဆောက်မယ် စသည်ဖြင့် ဒါတွေကို ဟောတဲ့ပြောတဲ့အခါမှာ အင်မတန် တက်ကြွတယ်။ နောက်ပြီးတော့ သင်တန်းဆရာတွေ ကိုယ်တိုင်ကလည်းပဲ ကျနော်တို့ ဒီ ကျနော်တို့ တပ်စုမှူးတွေ ဘာတွေက ပြီးခဲ့တဲ့သင်တန်းပတ် ပထမပတ်၊ ဒုတိယပတ် ဆင်းတဲ့သူတွေ။ အဲဒီလို စိတ်ဓာတ်တွေနဲ့ပြော ဟောနေတာတွေက နေ့တိုင်းလိုဘဲ။ ပင်ပန်းတာကတော့ တကယ် ပင်ပန်းတယ်ဗျ။ ကျနော့် အသက်အရွယ်နဲ့ ကျနော် အဲဒီတုံးက (၁၆) နှစ်ပြည့်ပြီးခါစ (၁၇) နှစ် ထဲမှာဆိုတော့ အရမ်းပင်ပန်းတယ်။ နောက်ပြီးတော့ သူတို့ လက်နက်ကြီးတွေ စက်သေနတ်ကြီးတွေ ဘာတွေနဲ့။ ဒါပေမယ့်လို့ ပျော်တယ်ဗျ။ ပျော်တာကိုက အမိဗမာနိုင်ငံအတွက် ရည်မှန်းချက်ကြီးက ရှိနေလို့ ပျော်တယ်ဗျ။ သိပ်ပျော်တာပဲ။
မေး။ ။ အန်ကယ်တို့ ဒီ တပ်မတော်ထဲကို ၀င်တဲ့သူအပိုင်းမှာရော၊ နောက် အန်ကယ်တို့ကို လေ့ကျင့်ပျိုးထောင်ပေးတဲ့ ဗိုလ်သင်တန်းကျောင်းကရော ရည်ရွယ်ချက်က ကိုယ်ကျိုး မဘက် တိုင်းပြည်အတွက် လုပ်ဖို့သက်သက်ဘဲ။ ဒါပေမယ့် ဟုတ်ကဲ့၊ ဟုတ်ကဲ့။
ဦးတင်ဦး။ ။ သေချာတယ်၊ သေချာတယ်။ ဒါ ရာခိုင်နှုန်းအပြည့်။ ရာခိုင်နှုန်းအပြည့်၊ အဲ့ဒီ စိတ်ဓါတ်က… အဲ့ဒီ စိတ်ဓါတ်က… အဲ့ဒီ စိတ်ဓါတ်က ဒီဘက်အထိ ပါလာတာဗျ။ ကျနော်တို့က။
မေး။ ။ ဟုတ်ကဲ့၊ အန်ကယ် ကျနော်ထပ်သိချင်တာက (၁၉၅၇) ခုနှစ်မှာ အန်ကယ်ကိုယ်တိုင် ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ဖြစ်တယ်။ အဲဒီတုံးက အန်ကယ် အသက် (၃၀) ပဲ ရှိသေးတယ်။ အဲဒီတော့ အန်ကယ်ကိုယ်တိုင် ဒုဗိုလ်မှူးကြီးအနေနဲ့ ဒီ ဗိုလ်သင်တန်းကျောင်းအုပ်ကြီး ဖြစ်တဲ့အချိန်မှာ အန်ကယ် မွေးထုတ်မယ်ဆိုတဲ့ ဒီ ဗိုလ်သင်တန်းအပတ်စဉ်တွေ အပေါ်မှာရော အန်ကယ် ဘယ်လို စေတနာမျိုး၊ ဘယ်လို တိုင်းပြည်အတွက် ရည်ရွယ်ချက်မျိုး အန်ကယ် ထားရှိခဲ့ပါသလဲ။
ဦးတင်ဦး။ ။ ဟို ကျနော်တို့ အရာရှိတွေဟာ သူတို့ရဲ့ မူလတာဝန်ဖြစ်တဲ့ ဒီ ကျနော်တို့ စစ်ပညာကို ကောင်းစွာ သင်ပြီးတဲ့နောက်ပေါ့လေ၊ ကျနော်တို့ရဲ့ အမိနိုင်ငံတော်ကြီးရဲ့ အန္တရာယ် ရန်စွယ် မှန်သမျှကို ၀န်ထမ်းကောင်းပီပီ တစ်ယောက်အနေနဲ့ တခါထဲ တာဝန်ကျေပွန်အောင် ကျနော်တို့ စစ်မြေပြင်မှာဖြစ်ဖြစ် စစ်မြေပြင်မဟုတ်တဲ့ နေရာမှာဖြစ်ဖြစ် ပေါ့လေ ပြည်သူလူထုရဲ့ ကြည်ညိုမှုရအောင်၊ နောက်ပြီးတော့ ပြည်သူနဲ့ ဆက်ဆံတဲ့ အခါမှာ တသားတည်းဖြစ်အောင် အဲဒါတွေကို ကျနော်တို့တတ်နိုင်သမျှ ပြောဟောပြီးတော့ ပို့ချတာပဲဗျ။
မေး။ ။ အန်ကယ် ခု ရှင်းပြတဲ့အတိုင်း ကျနော် နားလည်သဘောပေါက်တာက၊ အန်ကယ်တို့ အဲ့တုန်းကဆို ကျနော်တို့ တပ်မတော်အရာရှိ စစ်သားအားလုံးက ဒါပြည်သူလူထုကို ဦးထိပ်ထား တယ်ဆိုတဲ့ဟာကို ညွှန်ပြနေတာပေါ့နော်။ (ဒီ သဘောဘဲ၊ ဟုတ်တယ်) အန်ကယ့် ပြောချက်အရ။ ဒီတပ်မတော် ဗိုလ်သင်တန်းကျောင်းတွေက မွေးထုတ်လိုက်တဲ့ အရာရှိတွေကျတော့ သူတို့မှာက၊ ခုနတုံးက သူတို့ကို ဒီလိုမျိုး စစ်ဗိုလ်ဖြစ်လာအောင်က ဒီ အပေါ်က အာဏာရှင်စနစ်က လုပ်ပေးတာဆိုတော့ ဒီစနစ်ကိုပဲ သူတို့က ဒီ သစ္စာရှိ ရမယ်ဆိုတဲ့ ဟာကလည်း သူတို့မှာ ရိုက်သွင်းခံနေရတယ်။ နောက်တစ်ခုက (ဒါက ဒီလိုကိုးဗျ) ကျနော် အန်ကယ်တို့ခေတ်က ဗိုလ်သင်တန်းကျောင်းကဆင်းတဲ့ အရာရှိကြီး တွေဆီက ကျနော် ကြားဖူးတာရှိတယ်။ အန်ကယ်တို့ ဒီမိုကရေစီအရေးကို ကာကွယ်စောင့်ရှောက်ရမယ် ဆိုတာလည်းဘဲ ဒီ ဗိုလ်သင်တန်းကျောင်းတွေမှာ ကျနော့်ကိုပြော တာတော့ စစ်တက္ကသိုလ်အပတ်စဉ် (၁) က ဗိုလ်ကြီးဟောင်း ခင်မောင်ညွန့်က ပြောတာ။ သူတို့မှာ အဲဒါ ရှိခဲ့တယ်တဲ့။ အဲဒါက ကွာတာပေါ့နော်။ အန်ကယ်ကိုယ်တိုင် ဗိုလ်သင်တန်း ကျောင်းအုပ်ကြီး ဖြစ်ခဲ့တော့ အဲဒါလေး ကျနော် သိချင်ပါတယ်။
ဦးတင်ဦး။ ။ ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ ဟို ခုနပြောသလို ဗိုလ်မှူးခင်မောင်ညွှန့်တို့ ခေတ်တုံးကလည်း ဟုတ်တယ်။ အဲဒါ သင်ကြားပို့ချနေတဲ့ အချိန်မှာလည်းဘဲ ကျနော်တို့ တိုင်းပြည်အတွက် အရာရှိဖြစ်ခဲ့လို့ရှိရင် ဒီအရာရှိဟာ တပ်မှူးကောင်းတစ်ယောက်အနေနဲ့ ဒါကို ကျနော်တို့ တိုင်းပြည်ကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ ဟာကိုဘဲ အာရုံထည့်ပြီး သင်ပေးတာ။ နောက်တစ်ခုက ဒီ Slogan ကိုက ပြောင်းသွားတယ်လေ။ Slogan က၊ ဒီကြွေးကြော်သံက သူတို့က၊ ဟို “တပ်မတော်သည် အမိ၊ တပ်မတော်သည် အဖ” ဆိုပြီး လုပ်တာကိုးဗျ။ အမှန်ကတော့ “ပြည်သူ သည် အမိ၊ ပြည်သူသည် အဖ” ဘဲဟာ။ ဟို ပြည်သူလူထုရဲ့ အခန်းက သိပ်ကြီးမားတယ်ဗျ။
နောက်တစ်ပတ်မှာ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးတင်ဦးရဲ့ “ပြည်သူသာ အမိ ၊ ပြည်သူသာ အဖ” ဆိုတဲ့ ပြည်သူကို ဦးထိပ်ထားခဲ့တဲ့ ဗမာ့တပ်မတော် ခေတ်အကြောင်း ပြောစကားတွေကို ဆက်ပြီး တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ စောင့်မျှော်ကြပါ ခင်ဗျား။
| Next > |
|---|

