How do I apply payday loan Your Finances are your own Business
ပင်မနေရာ အထူးကဏ္ဍ အဂတိလိုက်စားမှု အိပ်ချင်ယောင် ဆောင်နေတဲ့သူ နှိုးရခက်တယ်

ပင်မနေရာ အထူးကဏ္ဍ အဂတိလိုက်စားမှု အိပ်ချင်ယောင် ဆောင်နေတဲ့သူ နှိုးရခက်တယ်

အိပ်ချင်ယောင် ဆောင်နေတဲ့သူ နှိုးရခက်တယ်

Print PDF
User Rating: / 9
PoorBest 

အိပ်ချင်ယောင် ဆောင်နေတဲ့သူ နှိုးရခက်တယ်

ဆောင်းပါးရှင် - ဗိုလ်နန္ဒ (လက်ရှိ တာဝန်ထမ်းဆောင် နေသော ခြေလျင်တပ်စုမှူး တစ်ဦး)

စာဖတ်ပရိတ်သတ်များခင်ဗျား

ပင်တိုင် ဆောင်းပါးရှင် တပ်မတော် အရာရှိ ဗိုလ်နန္ဒက ယခု တပ်မတော် ကာကွယ်ရေး ဝန်ကြီင်္းဌာန စစ်ဆင်ရေး အထူး အဖွဲ့မှူး ဒုတိယ ဗိုလ်ချုပ်ကြီး သာအေး အကြောင်း ရေးသားထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာ ပါတယ်။ ဒီဆောင်းပါးမှာ ဒုတိယဗိုလ်ချုပ်ကြီး သာအေးဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ - မုံရွာ) တိုင်းမှူး၊ ဗိုလ်ချုပ် ဘဝတုန်းက လုပ်ထုံး လုပ်နည်း အတိုင်း ဆင့်ကဲ ဆင့်ကဲ စုံစမ်း အရေး ယူခိုင်းခြင်း မပြုဘဲ ရွှေဘိုမြို့မှ ချဲဒိုင် ကြီးများကို ချဲထိုးမည့် အရပ်သားလို ရုပ်ဖျက်ကာ ကိုယ်တိုင်ဝင်ရောက် ဖမ်းဆီးခဲ့ပုံ၊ ရုပ်ဖျက်ကာ ကောလင်းမြို့ ပြည်သူ့ ဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီး၊ သူနာပြု ဆရာမများအား ကိုယ်တိုင် စစ်ဆေး ထုတ်ပစ်ခဲ့ပုံ၊ အာဏာပိုင် အဖွဲ့အစည်း အဆင့် ဆင့်က အဂတိ လိုက်စားမှု ပေါ်လွင်နေပုံ တို့ကို ရေးသား ဖေါ်ပြထား ပါတယ်။ ယခုလို ရေးသားပေးပို့ လာတဲ့အတွက် ပင်တိုင် ဆောင်းပါးရှင် ဗိုလ်နန္ဒ အား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြု ဖေါ်ပြအပ် ပါတယ်။

မြန်မာနိုင်ငံရှိ လူတချို့သည် ချဲထီ၊ နှစ်လုံးထီများကြောင့် တိုက်တာ အိမ်များ၊ အသုံး အဆောင်ပစ္စည်များ တက်တက်စင် အောင် ပြောင်သလင်း ခါသွားသူများ ရှိသည်ကို စာဖတ် ပရိတ်သတ်များ ကြားဘူး၊ မြင်ဘူး၊ တွေ့ဘူးကြမည် ထင်ပါသည်။ ချဲထီ၊ နှစ်လုံးထီများသည် အတော်အသင့် ချမ်းသာသော သူဋ္ဌေးများကိုပင် လုံးဝ ကုန်းကောက်စရာ မရှိအောင်၊ လူတော မတိုး လူရာ မဝင်အောင်အထိ လုပ်ဆောင်နိုင် ကြပါသည်။

ချဲထီ၊ နှစ်လုံးထီများ အလွန်အင်မတန် ခေတ်စားသောင်းကျန်းသောကာလ ၂၀၀၁ - ၂၀၀၂ ခုနှစ်ဝန်းကျင် ကာလရွှေဘိုမြို့ရှိ အဖွားကြီးတစ်ယောက် ရောင်းသော လမ်းဘေး မုန့်ဟင်းခါးဆိုင်လေးတစ်ဆိုင်….. မုန့်ဟင်းခါးဆိုင်လေးသို့ ပုဆိုး၊ ဖျင်အင်္ကျီဝတ်ပြီး လွယ်အိတ်လွယ်ထားသော အသက် (၄၅)၊ (၅၀) ဝန်းကျင်ခန့် လူလတ်ပိုင်းတစ်ယောက် ရောက်လာကာ မုန့်ဟင်းခါး လာစားပါသည်။ ၎င်းသည် မုန့်ဟင်းခါးစားရင်း ဆိုင်ရှင် အဖွားကြီးအား -

“အဒေါ် ဒီနားမှာ ချဲဒိုင်ကြီးကြီး ဘယ်မှာရှိလဲ သိလား” ဟု မေးလိုက်ပါသည်။

ထိုအခါ ဆိုင်ရှင် အဖွားကြီးမှ - “ဟဲ့….. သူငယ် တိုးတိုးပြောဟဲ့… ဟို မသာကောင် သာအေး ဒီလောက် လိုက်ဖမ်းနေတာကို ကြားရလို့ နင်မို့ မကြောက်မလန့်အေ” ဟု ပြန်ပြော လိုက်ပါသည်။

ထိုအခါ လူရွယ်မှ - “ဘာမှမဖြစ်ပါဘူး အဒေါ်ရာ”

“ကျွန်တော် အပီကွက် ရထားတယ်၊ ဒါကြောင့် အချီကြီး အောမလို့ ချဲဒိုင်ကြီးကြီး အဒေါ်သိရင် ကျွန်တော့်ကို ပြောပြပါ။ ကျွန်တော်ပေါက်ခဲ့ရင် အဒေါ့်ကို မုန့်ဖိုးပေးပါမယ်”

“ဒီလွယ်အိတ်ထဲကဟာ အကုန်ထိုးမှာဗျ” လို့ လွယ်အိတ်ကို ပုတ်ပြပြီး ပြောလိုက်ပါသည်။

ဆိုင်ရှင် အဖွားကြီးလည်း ချဲဒိုင်ရှိသော နေရာအား လူရွယ်ကို ညွှန်ပြပေးလိုက်ပါသည်။ လူရွယ်သည် ချဲဒိုင်ရှိသော အိမ်ထဲသို့ ဝင်သွားပါသည်။ ချဲဒိုင်အိမ်မှ ရောင်းနေသော လူများက လူရွယ်ဝင်လာသည်ကို မြင်သောအခါ လူစိမ်းဖြစ်နေသဖြင့် -

“ဘာ အလိုရှိလည်း မသိဘူး” ဟု မေးလိုက်ပါသည်။ လူရွယ်မှ - “ကျွန်တော် ချဲထိုးမလို့ပါ ရလားမသိဘူး” ဟုမေးလိုက်ပါသည်။ “ရတော့ ရတယ်၊ ဒါပေမယ့် ဒီမှာက ဒိုင်ကြီးဖြစ်တဲ့အတွက် နဲနဲတော့ ထိုးလို့မရဘူး၊ များများထိုးမှ ရမယ်” ဟု ပြောလိုက်ပါသည်။

ထိုအခါ လူရွယ်မှ - “ကျွန်တော် ဒီအိတ်ထဲက ပိုက်ဆံအကုန်ထိုးရင် ခင်ဗျားတို့ လျော်နိုင်လား” ဟု လွယ်ထားသော လွယ်အိတ်ကို ပုတ်ပြီး ပြောလိုက်ပါသည်။

ချဲဒိုင်မှ လူကလည်း လူရွယ်ကို ကြည့်ကာ အချဉ်တွေ့သည့် ပုံစံဖြင့် - “လျော်နိုင်တာပေါ့ ကျုပ်တို့ဒိုင်က နာမည်တစ်လုံးနဲ့နေတာ၊ ဒီမြို့မှာ စုံစမ်းနိုင်တယ်၊ လက်ငင်းထိုးဖို့ လိုသလို လျော်ရင်လည်း နေ့ည မရွေ့ဘူး၊ ဒီမြို့က အာဏာပိုင်တွေကို မေးကြည့်၊ နာမည်တစ်လုံးနဲ့ နေတာ” ဟု ပြန်ပြောလိုက်ပါသည်။

ထိုအခါ လူရွယ်လည်း သူထိုးမည့် ချဲဂဏန်းများကို ဒိုင်ထံပြပြီး ထိုးလိုက်ပါသည်။ ထို့နောက် ချဲဒိုင်အား ကျသင့်ငွေကို ရှင်းပေးပြီး ချဲဘောက်ချာ တောင်းလိုက်ပါသည်။ လူရွယ်လည်း ချဲဘောက်ချာစာရွက်ကို ကျကျနနခေါက်ကာ အင်္ကျီအိတ်ကပ်ထဲ ထည့်ပြီး ချဲဒိုင်အိမ်မှ ပြန်ထွက်လာပါသည်။ လူရွယ်သည် ထွက်သွားပြီးနောက် လမ်းတနေရာတွင် သူ့လွယ်အိတ် ထဲမှ ဟမ်းဖုန်းကို ထုတ်ကာ ဖုန်းဆက်စကားပြော နေပါသည်။ လူရွယ် ဖုန်းဆက် စကားပြောခဲ့သည်မှာ အခြားမဟုတ်၊ စစ်တပ်နှင့် ရဲစခန်းကို ဖြစ်ပါသည်။

မိနစ် (၂၀) ခန့် အကြာတွင် ချဲဒိုင်အိမ်သို့ စစ်တပ်မှ ကားများနှင့် ရဲကားများ ဆိုက်ရောက်လာပြီး ချဲဒိုင်ပိုင်ရှင်နှင့် အပေါင်းအပါများအား သူကိုယ်တိုင် ဝင်ရောက် ဖမ်းဆီးသွား ပါသည်။ မုန့်ဟင်းခါးဆိုင်သို့ ရောက်လာကာ ဆိုင်ရှင်အဖွားကြီးအား ချဲဒိုင်နေရာမေးခဲ့သော ထိုသူမှာ သာမန်ပုဂ္ဂိုလ် မဟုတ်၊ ချဲဒိုင်တွင် ချဲထိုးသွားသောသူ၊ ချဲဒိုင်များကို ဖမ်းဆီးရန် စစ်တပ်မှ ကားပေါ်တွင် မိန့်မိန့်ကြီး လိုက်ပါလာသော ထိုသူသည်ကား အရပ်သားအသွင် ရုပ်ဖျက်၍ လာရောက်စုံစမ်းခဲ့သော တိုင်းမှူး ဗိုလ်ချုပ်သာအေး (အများအခေါ် - စာမပေးတဲ့ သာအေး) ဖြစ်ပါတော့သည်။ ကောလင်းမြို့ ပြည်သူ့ဆေးရုံကြီး….. ဆေးရုံကြီးဝန်းထဲသို့ ဆိုက္ကားစီးပြီး ပုဆိုး၊ အင်္ကျီစုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်ထားသော အသက် (၄၅)၊ (၅၀) ဝန်းကျင်ခန့် လူတစ်ဦး ရောက်ရှိလာပါသည်။ ၎င်းလူသည် ဆိုက္ကားပေါ်မှ ဆင်းကာ ဆေးရုံအဆောက် အဦး အတွင်းသို့ ဝင်သွားပါသည်။

ဆေးရုံကြီးထဲတွင် ဆရာဝန်များ၊ သူနာပြုဆရာမများ ဟိုသွား ဒီင်္လာ ကူးချည်သန်းချည်ဖြင့် အရှုပ်လုပ်နေကြ … အဲ့ မှားသွား လို့ အလုပ်ရှုပ်နေကြသဖြင့် ထိုနုံချာချာလူကို သတိမထားနိုင်ကြပါ။

၎င်းစုတ်ပြတ်စွာ ဝတ်လာသော ကိုနုံချာသည် ဆေးရုံထဲ လမ်းလျှောက်ရင်း သူ့အနား ရောက်လာသော သူနာပြုဆရာမ အား- “ဆရာမ ကျွန်တော့်အမျိုး အသည်းအသန်ဖြစ်နေလို့ အရေးပေါ်ဌာနရောက်နေတာ ကြာပါပြီ ဘယ်သူမှလည်း အခုထိ လာမကြည့်သေးလို့ ဆရာမ တစ်ချက်လောက် လိုက်ကြည့်ပေးပါ ခင်ဗျာ” ဟု ရိုရိုကျိုးကျိုး တောင်းပန်သည့် လေသံဖြင့် ခခ ယယ ပြောလိုက်ပါသည်။ သူနာပြုဆရာမလည်း နုံချာစုတ်ပြတ်နေသော ကိုနုံချာကို စိတ်ပျက်စွာ ကြည့်ပြီး-

“အို… ဒီမှာ အလုပ်ရှုပ်နေရတဲ့အထဲ မအားဘူး သွား…” ဟု ငေါက်ကာ ပြောလိုက်ပါသည်။

ကိုနုံချာသည် သူ့အား မောင်း ထုတ်လိုက်သည့် သူနာပြုဆရာမ၏ ရင်ဘတ် (Name Plate) နံပါတ်ပြားကို တချက်ရှိုးကြည့်ပြီး ဘော့ပင် (Pen) နှင့် စာအုပ် (Note Book) ထုတ်ကာ ရေးမှတ်လိုက်ပါသည်။ ကိုနုံချာသည် ထွက်မသွားသေးဘဲ ဆေးရုံထဲ ဆက်လျှောက်သွားရင်း သူ့အနားရောက်လာသော သူနာပြုဆရာမ (၂) ဦးကို အထက်က သူနာပြုဆရာမအား ပြောခဲ့သည့် အတိုင်း တောင်းပန်တိုးလျှိုးသည့် ပုံစံဖြင့် ပြောခဲ့ပြန်ပါသည်။ ထိုသူနာပြုဆရာမ (၂) ဦးသည်လည်း ပထမ သူနာပြုဆရာမ နည်းတူ ကိုနုံချာအား မောင်းထုတ် ခဲ့ကြပါသည်။ ၎င်းသူနာပြုဆရာမ (၂) ဦး၏ အမည်ကိုလည်း ကိုနုံချာသည် သူ၏စာအုပ် ထဲတွင် ရေးမှတ်ထားလိုက်ပါသည်။

ကိုနုံချာသည် ဆေးရုံထဲတွင် ဆက်မသွားတော့ဘဲ ပြန်ထွက်လာပြီး ဆိုက္ကားဖြင့် ပြန်သွားခဲ့ပါသည်။ လမ်းရောက်သောအခါ ဆိုက္ကားသမားအား ရပ်ခိုင်းပြီး ဆိုက္ကားခ ကျသင့်ငွေ ရှင်းပေးလိုက်ပါသည်။ ထို့နောက် တနေရာမှ စောင့်နေသော ကားကိုချိတ်ဆက်ကာ ထွက်ခွါသွားခဲ့ပါသည်။

ကိုနုံချာ ထွက်သွားပြီး မိနစ် (၂၀)၊ (၃၀) ခန့် အကြာတွင် ကောလင်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ အနောက်မြောက်တိုင်း (နမခ) တိုင်းမှူးကားနှင့် သူ့လက်အောက်မှ ကားများ၊ ကောလင်းမြို့မှ ရဲကားများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများမှ ကားများ အသီးသီး ဆိုက်ရောက်လာပါသည်။ ဆေးရုံကြီးတစ်ခုလုံး တိုင်းမှူး ဗိုလ်ချုပ်သာအေး ရုတ်တရက် ဝင်ရောက်လာသဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားပါတော့သည်။

ထို့နောက် ဆေးရုံအုပ်ကြီးနှင့် ဆရာဝန်များ၊ သူနာပြုဆရာမများအား အစည်းအဝေးခန်းတွင် စုဝေးစေပြီး တိုင်းမှူးမှ ဆေးရုံအုပ်ကြီးနှင့် သူနာပြုဆရာမ (၃) ဦးကို အမည်ဖတ်ပြကာ အလုပ်မှ ထုတ်ပယ်ကြောင်း ပြောလိုက်ပါသည်။ အလုပ်ထုတ်ခံရသော ဆရာဝန်ကြီးနှင့် သူနာပြုဆရာမ (၃) ဦး အပါအဝင် ကျန်သောသူများပါ ကြောင်အမ်းအမ်း ဖြစ်ကုန်ကြ ပါသည်။ ဆရာဝန်ကြီးနှင့် သူနာပြုဆရာမ (၃) ဦးမှာ မည်သည့်အတွက်ကြောင့် အလုပ်ဖြုတ်ခံရသည်ကို မသိရသဖြင့် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အံ့အားသင့် နေကြပါသည်။

ထိုအခါ တိုင်းမှူး ဗိုလ်ချုပ်သာအေးက လွန်ခဲ့သော နာရီဝက်ခန့်က စုတ်စုတ်ပြတ်ပြတ်နှင့် လူတစ်ယောက် ဆေးရုံထဲ လာပြီး သူနာပြုဆရာမ (၃) ဦးထံ လာရောက်အကူအညီ တောင်းခံသည်ကို ရင့်ရင့်သီးသီး ပြောဆိုမောင်းထုတ်ခဲ့ပုံတို့အား ပြန်ပြောပြလိုက်ပါသည်။ တိုင်းမှူးမှ ၎င်းလူမှာ အခြားလူ မဟုတ်ကြောင်း သူပင်ဖြစ်ကြောင်း ပြောလိုက်သောအခါ သူနာပြုဆရာမ (၃) ဦးလည်း မျက်စိမျက်နှာ ပျက်သွားပါတော့သည်။

တိုင်းမှူးမှ ဆရာဝန်ကြီးအား လက်အောက်ဝန်ထမ်းများကို နိုင်နင်းစွာ သေချာ မကြီးကြပ် နိုင်သဖြင့် အလုပ်မှ ထုတ်ပစ်ကြောင်း၊ သူနာပြုဆရာမ (၃) ဦးမှာ လာရောက်ပင့်ခေါ်သည့် လူနာရှင်ကို ပျူငှာစွာ ဆက်ဆံပြောဆိုရမည့်အစား မောင်းထုတ်သဖြင့် အလုပ်မှ ထုတ်ပစ်ကြောင်း ပြောလိုက်ပါသည်။ ထို့နောက် တိုင်းမှူးသည် ဆေးရုံရှိ ဝန်ထမ်းများအား ဆူပူ ကြိမ်းမောင်းပြောဆိုပြီး ပြန်လည် ထွက်ခွာသွားပါတော့သည်။

အထက်ပါ ရွှေဘိုမြို့နှင့် ကောလင်းမြို့နယ်များတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး သုံးသပ်ရလျှင် ဗိုလ်ချုပ်သာအေးသည် လူဆိုး ဖမ်းဆီးသည့် ရဲအလုပ်ကို မတန်မရာ အောက်ခြေအဆင့်ထိ ဆင်းလုပ်ခဲ့ရာ အမှန်တကယ် မြို့နယ်၊ ခရိုင်၊ တိုင်းအဆင့်ဆင့် အာဏာပိုင် အဖွဲ့အစည်းများ၏ အဂတိလိုက်စားမှုနှင့် လာဒ်ပေးလာဒ်ယူ ကြီးစိုးနေမှုတို့ကို ထိရောက်စွာ အရေးယူမှု မပြုလုပ်နိုင်ခဲ့ပါ။ ဆေးရုံများတွင် ဘတ်ဂျက် အခက်အခဲကြောင့် ဆေးဝါးမပြည့်စုံမှု၊ သက်သာချောင်ချိရေး မလုပ်ပေးနိုင်မှုတို့အပေါ် တိုင်းမှူးမှ လက် တွေ့သိရှိပြီး ကျန်းမာရေး ဝန်ကြီးဌာနသို့ ဖိအားပေး ဖြည့်ဆည်းပေးရန်လည်း လိုအပ်ပါသည်။ ချဲဒိုင်ရှင်ကို လူထုပျက်စီးရသည့် အကြောင်းရင်းအတွက် တရားခံအဖြစ် ပစ်မှတ် ထားကာ လျှို့ဝှက်စွာ ဖေါ်ထုတ်ရင်း အသည်းအသန် လုပ်နေသည်ထက် အမှန်စင်စစ် ပြည်သူလူထု၏ စားဝတ်နေရေး ကြပ်တည်းမှု၊ အလုပ်အကိုင် ရှားပါးမှုတို့ကြောင့် အလွယ် ရသည့်ငွေအား ရှာဖွေနေရသည်ကို တိုင်းမှူး ဗိုလ်ချုပ်သာအေးတစ်ယောက် သိရှိနားလည်ရင်း အိပ်ချင်ယောင်ဆောင်နေရာမှ အမြန်ဆုံး နိုးထရင်း ပြည်သူလူထု ကောင်းကျိုးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပါစေရန် တင်ပြလိုက်ရပါသည်။

Last Updated ( Friday, 24 August 2012 23:42 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ