မြန်မာ့တပ်မတော်တွင်းကဆရာများရဲ့ အခန်းကဏ္ဍ အပိုင်း - (၁)
ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (မဇ္ဈိမ ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)
ဒီဆောင်းပါးမှာတော့ တပ်တွင်းအောက်ခြေက ဆရာလို့ အခေါ်ခံရတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ်နဲ့ တပ်ကြပ်ကြီးတွေ အကြောင်းကို စုံစုံလင်လင် တင်ပြသွားပါမယ်။ ရဲဘော်တွေအထက် တဆင့်မြင့်သူတွေဟာ ဒုတပ်ကြပ်နဲ့ တပ်ကြပ်တွေ ဖြစ်ကြပြီး သူတို့ကို တပ်မတော်ရဲ့ အငယ်ဆုံး တပ်မှူးငယ်တွေ၊ တပ်စိတ်မှူးတွေလို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ သူတို့ဟာ ထမင်းဟင်းချက်ရတဲ့ ဘဝက ကင်းလွတ်သွားပြီး ဆရာလို့ အခေါ်ခံရတဲ့ ဝိသေသ ဂုဏ်ထူးနဲ့အတူ တန်းစီနေရာပေးရင် တောင်မှ ရဲဘော်တွေထက် အခွင့်အရေး အနည်းငယ် ပိုရလာပြီ ဖြစ်ပါတယ်။
ဆရာဖြစ်လာပြီ ဆိုကတည်းက ပေါ့ပါးတဲ့ သေနတ်ကို ကိုင်ရတာကအစ ကွာခြားသွားပြီး ကင်းဇယားတွေ ကြီးကြပ် ရေးဆွဲရကာ ကင်းစောင့်ရင်တောင် စိတ်ကြိုက်ရွေးချယ်ခွင့် ရသွားကြပါတယ်။ ရှေ့တန်းတိုက်ပွဲတွေမှာ ဘယ်လောက်ပဲ အင်အားထုထည် ကြီးမားစွာဖြင့် တိုက်ခိုက်ပါစေ၊ နောက်ဆုံး တိုက်ပွဲရဲ့ အဆုံးအဖြတ်ကို ပေးတာကတော့ တပ်စိတ်ကသာ ဖြစ်ပြီး အဓိက အရေးပါတာကလည်း တပ်စိတ်မှူး ဆရာတွေ ဖြစ်ကြတဲ့ ဒုတပ်ကြပ်၊ တပ်ကြပ် (Corporal) တွေပဲ ဖြစ်ကြ ပါတယ်။