??????????????? ??????????
“တို့နိုင်ငံ တပ်မတော်ကြီး ကောင်းမြတ်စေဖို့”
ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း
စာဖတ် ပရိတ်သတ်များ ခင်ဗျား ......ပင်တိုင် ဆောင်းပါးရှင် တပ်မတော် အရာရှိ ဗိုလ်သိုးထိန်းက “တို့နိုင်ငံ တပ်မတော်ကြီး ကောင်းမြတ်စေဖို့” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ်ကို “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်သို့ ပေးပို့လာ ပါတယ်။ ဒီဆောင်းပါးမှာ တပ်မတော် အတွင်း စစ်သည်တွေ စိတ်ဓါတ် အင်အားနဲ့ ရုပ်ပိုင်းဆိုင်ရာ အင်အားများ ကျဆင်း နေမှုရဲ့ အဆိုးဝါးဆုံး လုပ်ရပ်က တစ်နေကုန် လုပ်အားပေး ခိုင်းစေခြင်းပင် ဖြစ်ကြောင်း၊
စစ်သည်များကို အချိန် အတိုင်းအတာ တစ်ခုဖြင့် အမြန်ဆုံး ပြီးစီးအောင် လုပ်စေနိုင်သည့် နည်းလမ်း တစ်ခု ရှိကြောင်း၊ အဲဒါက သတ်မှတ်လုပ်ကွက် ဧရိယာကို ပြီးစီးအောင် လုပ်ပြီးရင်
တန်းဖြုတ် အနားပေးမယ်လို့ ပြောလိုက်ရုံနှင့် အံ့သြဖွယ်ရာ ကောင်းမွန်အောင် လုပ်လိုက်ကြတာကို တွေ့ရှိရကြောင်း၊ စစ်အာဏာရှင်များက စကားလုံး လှလှဖြင့် တန်ဆာဆင်ထားသည်မှာ စစ်တိုက်ရန်မရှိက ပြည်သူ့အကျိုး ပြုဆိုပြီး တကယ်တမ်း ပြည်သူ့အတွက် မဟုတ်ဘဲ သူတို့နာမည်ရဖို့ စစ်သည်တွေကို အခမဲ့လုပ်အား ညှစ်ထုတ်ကာ အကျဉ်း သားများသဖွယ် ပြုမူခြင်းပင် ဖြစ်နေကြောင်း စတာတွေကို သုံးသပ်တင်ပြ ရေးသားထား ပါတယ်။ ယခုလို ပေးပို့ လာတဲ့အတွက် ဆောင်းပါးရှင် ဗိုလ်သိုးထိန်းအား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း “စည်းလုံးခြင်းရဲ့အင်အား” အဖွဲ့သားများ ကိုယ်စား ကျွန်တော် ကိုဖိုးတရုတ်က ဂုဏ်ပြုမှတ်တမ်းတင် ဖေါ်ပြအပ် ပါတယ်။
ယခုဆောင်းပါးသည် “ဘုံရန်သူကို ချေမှုန်းကြ” ဆောင်းပါးမှ ကျွန်တော် တင်ရှိခဲ့သော အကြွေးကို ပြန်ဆပ်ခြင်း ဖြစ်ပါသည်။ ကျွန်တော် ပေးဆပ် ရန်ရှိသော အကြွေးမှာ တပ်မတော်ကြီး ကောင်းစားအောင် ဘယ်လို လုပ်ရမည်ကို တတ်နိုင် သလောက် အကြံဥာဏ်ပေးမည် ဟူသော ကတိစကားပင် ဖြစ်ပါသည်။ ကျွန်တော်ပေးမည့် အကြံဥာဏ်များတွင် တပ်မတော်ကြီး ကောင်းစား/ ပြောင်ရောင်ရန်အတွက် စစ်အာဏာရှင် တစ်စုအား ဗုံးခွဲတိုက်ခိုက်မည် မဟုတ်သလို အမိန့် အာဏာအောက် လူးလွန့် လှုပ်ရှား နေရသော စစ်သည်များ ကိုလည်း အထက်သို့ (Anti) ကန်ခိုင်းမည် မဟုတ်ပါ။ အရှင်းဆိုရသော် ရှင်းလင်းပြတ်သားသော မဟာ ဗျူဟာများ မဟုတ်သည် ကတော့ သေချာ ပေသည်။
သို့သော် ကျွန်တော် ပေးမည့် အကြံဥာဏ် နည်းနာများမှာ စစ်သည်များ ကိုယ်ရည် ကိုယ်သွေး မြင့်မားပြီး ပြည်သူများ တပ်မတော်ကြီးကို ချစ်ခင် ရိုသေဖြစ်လာ စေရန် အဓိက ရည်ရွယ်ချက်ပင် ဖြစ်သည်။ ၎င်းနည်းနာများသည် ကျွန်တော် ကိုယ်တိုင် ကျင့်သုံးခဲ့သော နည်းနာများလည်း ဖြစ်ပါသည်။ ပြောရလျှင် ကျွန်တော့် အကြောင်းကို ရေးပြရမည်သာ ဖြစ်သည်။ ထို့ကြောင့် စာဖတ် ပရိတ်သတ်များကို ဦးစွာ မေတ္တာ ရပ်ခံလိုသည်မှာ ကျွန်တော့်အား ကိုယ်ရည် သွေးတတ်သူ အဖြစ် မမြင်စေ လိုပါ။ အဆုံးစွန်ထိ ဆိုရသော် ကျွန်တော် ဘာကောင်မှ မဟုတ်ကြောင်း ပထမဦးစွာ အသိပေး ပြောကြား ပါရစေ။
ကျွန်တော် စစ်တက္ကသိုလ် ကျောင်းဆင်းပြီး မိခင်တပ်ရင်းရောက်ချိန်တွင် တပ်ရင်းက နောက်တန်း ပြန်နားတဲ့အချိန်၊ ရှေ့တန်း မထွက်ရသေး။ ရောက်ရောက်ချင်း အလုပ်မရှိ အကိုင်မရှိ ယောင်ပေပေနဲ့ပါ။ တစ်ပတ်လောက်အကြာ အဘ (တပ်ရင်းမှူး) က ကျွန်တော့် အရည်အချင်းနဲ့ သင့်တော်တဲ့ တာဝန်တစ်ခုကို တွေ့သွားသည်ထင်သည်။ သို့ပေမယ့် အဲ့ဒီတာဝန်သည် တပ်ရေးတာဝန်လည်းမဟုတ်၊ တပ်ထောက်လည်းမဟုတ် (တပ်ရင်းတွင် အရာရှိရှား၍ အချို့တပ်ခွဲများ တပ်ခွဲတပ်ကြပ်ကြီးနှင့် စခန်းသွားရသည်) IO လည်း မဟုတ်။ Fatigue In charge တဲ့။ ကျွန်တော် အတော် စိတ်ညစ်သွားသည်။ စစ်တက္ကသိုလ်ကတည်းက လုပ်လိုက်ရသည့် Fatigue အခုထိတောင် မပျက်သေးထင်။ ယခုလည်း Fatigue In charge။ နံနက် (၈း၀၀) နာရီဆိုလျှင် တပ်ရင်းတန်းစီကွင်းမှ Fatigue လုပ်မယ့် စစ်သည် (၂၀) ယောက်ကို ဦးဆောင်၍ သစ်ဆိမ့်စိုက်မယ့် မြေရိုင်းများ ရှိရာသို့ ချီတက်ရတော့သည်။ ကျွန်တော်တို့ ခေတ်က ကြက်ဆူခေတ်မဟုတ်။ သစ်ဆိမ့်မှ သစ်ဆိမ့်။
ဒီလိုနဲ့ Fatigue လုပ်၊ (၁၂) နာရီ တန်းဖြုတ်၊ ထမင်းစား၊ (၁) နာရီဆိုလျှင် လုပ်ငန်းခွင်သို့ ပြန်ဝင်နဲ့ ညနေ (၅) နာရီမှ တစ်နေ့တာအတွက် တန်းဖြုတ် လိုက်ရတော့သည်။ ဤအလုပ်ချိန် ဇယားသည် နေ့စဉ်ဖြစ်သည်။ တစ်ပတ်လျှင် တနင်္ဂနွေနေ့မှလွဲ၍ ကျန်ရက်များ ဤယန္တရားအတိုင်းပင် ဖြစ်သည်။
ကျွန်တော် တစ်ရက်ထက်တစ်ရက် ပိုမို စိတ်ညစ်လာသည်။ ကျွန်တော်လည်း Fatigue ပညာရပ်မှာ ခေသူမဟုတ်။ စစ်သက္ကသိုလ် ဂျူနီယာဘဝတွင်လည်း လုပ်လိုက်ရတဲ့ Fatigue။ စီနီယာဖြစ်တော့လည်း ခိုင်းလိုက်ရတဲ့ Fatigue။ လက်ညှိုးညွှန်ရာ ရေမဖြစ်ပေမယ်လို့ လက်ညှိုးညွှန်တဲ့ တောင်ကုန်းကတော့ “ကတုံး” ဖြစ်သွားစေနိုင်လောက်တဲ့ အထိကို Final Year မှာ အာဏာပြင်းထန်ခဲ့ဖူးပါသည်။ ရှိုင်းမယ်တော့ မစဉ်းစားနဲ့ အုပ်ပြီးသားလေ။
ခက်သည်က တပ်ရင်းမှ စစ်သည်များကို အုပ်လို့လည်းမရ။ ထန်းသီးလည်း ကျွေးမရနဲ့ ဘာဆို ဘာမှကို ခိုင်းလို့မရပါ။ တစ်နေ့တစ်နေ့ စစ်သည် (၂၀) ယောက်နဲ့ မြေရိုင်းရှင်းတာ ပေ (၂၀) လောက်ပင် မပြီးချင်။ အလိုက်သိမလားလို့ ကိုယ်တိုင်ထလုပ်ပြတော့ ကိုယ်လုပ်တုန်းသာ လိုက်လုပ်ကြသည်။ ကိုယ်နားလျှင် သူတို့က လိုက်နားကြသည်။ သူတို့သာ လူပြောင်း ပေါက်တူးပြောင်းနဲ့ ကိုယ့်မှာတော့ ပေါက်တူး ပေါင်ကြားညှပ်ပြီး ဓါးရမ်းနေရသည်။ ဒီကြားထဲ အဘက ဘယ်ရက်အပြီး ပျိုးပင်စိုက်ရမှာကွ၊ ဘယ်တော့ လူကြီး လာစစ်မှာကွနဲ့ အမျိုးမျိုး Pressure ခေါ်ပေးသေးသည်။ ဒီလိုပုံနဲ့ ရက်ဆက်လာသောအခါ ကျွန်တော်လည်း အတော်ကို ပင်ပန်းလှပြီ၊ စိတ်ဓါတ်ကျစလည်း ပြုလာရပါသည်။
ဘာကြောင့် ဒီလို ဖြစ်နေရသလဲဟု ပြန်စဉ်းစားတော့မှ ရဲဘော်များရဲ့ ခံစားချက်ကို သွားတွေ့ရသည်။ အကြောင်းက ရဲဘော်များအနေနဲ့ Fatigue အလုပ်ကို နေ့စားပုံစံ ခံယူနေခြင်းဖြစ်သည်။ ၎င်းတို့ မည်မျှ ကြိုးစားပမ်းစားလုပ်လုပ် မနက် ၈ နာရီ စလုပ်၍ ညနေ (၅) နာရီမှ အိမ်ပြန်ရမည်ကို သိထားကြ သောကြောင့် ၎င်းတို့အတွက် အချိန်တွေ မြန်မြန်ကုန်ပါစေဟု အရိပ်ထဲမှာထိုင်ပြီး ဆုတောင်းနေသကဲ့သို့ ဖြစ်နေကြသည်။ ၎င်းတို့ ဒီလို ခံစားမယ်ဆိုလည်း ခံစားချင်စရာ။ တစ်ရက်မှ နားရက်မရှိ။ တနင်္ဂနွေတစ်ရက်သာ နားရသည်။ ကြာလာတော့ “ထုံ”လာပုံရသည်။ ထို့ကြောင့် Fatigue ခိုင်းခြင်း အလုပ်ကို နည်းစနစ် ပြောင်းကြည့် လိုက်သည်။ လုပ်ရမည့် Fatigue AREA ပြီးရင် ဘယ်အချိန်ဖြစ်ဖြစ် တန်းဖြုတ်ပေးမည်ဖြစ်ကြောင်း ပြောလိုက်ရာ ဓါးကိုင် ပေါက်တူးကိုင်နှင့် ဘီလူး သရဲစီးသလို ထလုပ်လိုက်ကြသည်မှာ ပေ (၅၀) လောက်ကို (၂) နာရီအတွင်းမှာ ရှင်းပြီးသွားသည်။ ကျွန်တော်လည်း တော်တော်ကို အံ့သြသွားသည်။ ခါတိုင်း ပေ (၂၀) ကိုပင် တစ်ရက်လုံးမပြီး။
ထို့ကြောင့် ကျွန်တော်လည်း ကတိအတိုင်း တန်းဖြုတ်ပေးလိုက်သည်။ ရဲဘော်များ တနေ့ခင်းလုံး အားလပ်ချိန် ရလိုက်ရသောကြောင့် ပျော်နေသော အပျော်များက သူတို့မျက်နှာတွင် အတိုင်းသား မြင်နေရသည်။ ကျွန်တော့်ရဲ့ နည်းစနစ် (စစ်တက္ကသိုလ်နည်း) အောင်မြင်သွားသောကြောင့် ဝမ်းသာလိုက်သည်မှာလည်း ပြောစရာမရှိ။ နောက်နေ့ နောက်နေ့များတွင်လည်း ထိုနည်းကိုပင် သုံးကာ ခိုင်းသည်။ အဘယ်မျှ အောင်မြင်သနည်းဆိုလျှင် ကျွန်တော် တပ်ရင်းမရောက်ခင် (၃) လလောက် လုပ်ခဲ့သော Fatigue area ပမာဏကို (၁) လအတွင်းမှာ ကျွန်တော် လုပ်ပြနိုင်ခဲ့သည်။
စစ်သည်များ Fatigue လုပ်နေကြပုံ
(ရဲဘော်များလည်း ကျွန်တော့်ကို ချစ်လိုက်ကြသည်မှာ မပြောနှင့်တော့၊ ဘယ်လောက်များလဲဆိုရင် သူတို့ရှေ့မှာ ကျွန်တော်က “ပိန္နဲသီး သိပ်ကြိုက်တာလို့” အမှုမဲ့ အမှတ်မဲ့ ပြောကြည့်၊ ညနေ ကျွန်တော့်အခန်းကို ပိန္နဲသီးတွေ လာပို့လိုက်တာ ဘယ်သူမှ တိုင်ပင်မထားကြဘဲ ပိန္နဲသီး (၄/၅) လုံး လာဆုံနေတတ်သည်။ ရဲဘော်များ အဲဒီလို သိပ်ကို ချစ်ဖို့ကောင်းလှသည်။ သူတို့ချစ်သော အရာရှိတစ်ယောက်အတွက် အသက်ပင်ကို စွန့်ဖို့ပင် ဝန်မလေးကြသူများ ဖြစ်သည်။ သူတို့ကို ကျွန်တော် တကယ်ပင် လွမ်းရသည်)
သို့သော် ကျွန်တော်၏ အပျော်များ တာရှည်မခံခဲ့။ တစ်နေ့ အဘ လာစစ်တော့ Fatigue area မှာ တစ်ယောက်မှမရှိ။ အားလုံး တန်းဖြုတ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် အဘ (တပ်ရင်းမှူး) က ကျွန်တော့်အား သူ့ရုံးခန်းသို့ ခေါ်၍ ဆူပါတော့သည်။ ကျွန်တော်လည်း အကြောင်းစုံရှင်းပြ၍ “အဘ အရေးကြီးတာ လုပ်ငန်းအောင်မြင် ပြီးမြောက်ဖို့ဘဲ ကျွန်တော်ထင်ပါတယ်” လို့ ပြောတော့ အဘက “မင်း ဘာနားလည်လို့လဲ၊ ရဲဘော်တွေကို အားချိန်များများပေးရင် ပြဿနာရှာတတ်တဲ့ အမျိုးကွ၊ ဒါကြောင့် သူတို့မှာ အချိန်ပိုဆိုတာ မရှိအောင်ကို တမင်ခိုင်းထားတာ၊ အဲ့ဒါ တပ်မ ညွှန်ကြားချက်” လို့ ပြောပါသည်။
ကျွန်တော့်စိတ်ထဲမှာ တော်တော်ကို ဘဝင်မကျ ဖြစ်သွားပါသည်။ ရဲဘော်လည်း “လူ” သာလျှင် ဖြစ်ပါသည်။ သူတို့မှာလည်း သူတို့ရဲ့ ကိုယ်ပိုင် အချိန်လေးတွေကို ရယူသုံးစွဲချင်တဲ့ ဆန္ဒရှိမှာပင်။ အဲ့ဒီ ကိုယ်ပိုင် အချိန်လေးတွေကိုမှ သူတို့အတွက် အကျိုးရှိစေမယ့် ကိစ္စတွေကို လေ့လာဆည်းပူးစေပြီး ယုတ်စွအဆုံး ဘာလေ့လာမှုမှ မလုပ်ဘဲ အရပ်တကာ လှည့်လည်နေဦးတော့ ပြည်သူလူထုတွေနဲ့ အထိအတွေ့များပြီး ကြာရင် ပြည်သူ့ စစ်သားစစ်စစ်တွေ ဖြစ်လာနိုင်သည် မဟုတ်ပါလား။
ဒါကို အကျဉ်းသားတွေ အုပ်ချုပ်သလိုမျိုး အုပ်ချုပ်နေတော့ စစ်သားများခမျာ ရန်သူနဲ့ တပ်ရင်းကြားမှာ နပမ်းလုံးနေကြရပြီး ကြာလာတော့လည်း အရိုင်းအစိုင်းများသဖွယ် ဖြစ်လာရတော့သည်။ ဒါတွေဟာ ကိုယ်တွေ့အရ ကျွန်တော့် စိတ်ထဲကကောက်ချက်ချမှု များသာလျှင် ဖြစ်ပါသည်။ ဒီကိစ္စတွေကို အဘနဲ့ အပြန်အလှန် ဆွေးနွေးငြင်းခုန် ရလောက်အောင် ကျွန်တော်လည်း ဘာကောင်မှ မဟုတ်ခဲ့ပါ။ ဒါကြောင့် ကျွန်တော် ဘာတခွန်းမှ မပြောဘဲ လှည့်ပြန်ခဲ့တော့သည်။ ညနေရောက်သည့်အခါ တပ်ရေးဗိုလ်ကြီးကို ကျွန်တော် Fatigue In charge မလုပ်ချင်တော့ကြောင်း၊ တခြားတာဝန်ကို လွှဲပြောင်းပေးပါလို့ တောင်းဆိုတော့ (၂) ရက်၊ (၃) ရက် အကြာမှာ ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတပ်ခွဲမှူးဟူသော တာဝန်နဲ့ တပ်ပြင်ပမှာ စခန်းချ တာဝန် ထမ်းဆောင်ခွင့် ရခဲ့ပါတော့သည်။
တစ်ရက် Fatigue area ဘက် ရောက်သွားသည့်အခါ ရဲဘော်များ ထိုင်သူထိုင်၊ ဓါးကို စိတ်မပါ လက်မပါနဲ့ ဟိုခုတ်၊ ဒီခုတ် လုပ်နေသူများကိုသာ မြင်လိုက်ရသည်။ ကျွန်တော် တာဝန်ယူ ရှင်းခဲ့သော မြေရိုင်း၏ ဟိုဘက် (၁၀) ပေပင် မပြီးတတ်သေးချေ။ သိပ်မကြာခင် တပ်ရင်းမှူးကြီး လက်လျှော့၍ ကျွန်တော်၏ နည်းစနစ်များအတိုင်း ရဲဘော်များကို ခိုင်းစေရတော့သည်။ မခိုင်း၍ မရ၊ သစ်ဆိမ့် စီမံကိန်းသည် တပ်ချုပ်ကြီး၏ စိတ်ကူးယဉ်များထဲမှ ဆင်းသက်လာသော ညွှန်ကြားချက်များ ဖြစ်ပြီး မသိချင်ယောင်ဆောင်နေ၍ မရတော့ချေ။
ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေးတပ်ခွဲမှူး ဖြစ်လာတော့ ကျွန်တော့်လက်အောက်တွင် စစ်သည် (၁၆) ယောက်၊ ရဲ (၄) ယောက်၊ ပြည်သူ့စစ် (၄) ယောက်၊ စုစုပေါင်း (၂၄) ယောက်ကို ဦးစီး အုပ်ချုပ်ရသည်။ စခန်းတစ်ခုကို (၆) ယောက်နှုံးဖြင့် စုစုပေါင်း စခန်း (၄) ခုကို တာဝန်ယူ ကိုင်တွယ်ရသည်။ ကျွန်တော် ဓါတ်ငွေ့ပိုက်လိုင်း လုံခြုံရေး ဖြစ်လာတော့ရော ငြိမ်နေမည် ထင်ပါသလား၊ လုံးဝ မငြိမ်ပါ။ အဘယ်မျှ ဆိုးသနည်းဆိုလျှင် စခန်းတစ်ခုလျှင် စစ်သည်/ရဲ တစ်ဦးစီကို ကျွန်တော့်သဘောနှင့် ကျွန်တော် ခွင့်ပေးလိုက်သည်။ တစ်ပတ်ပြည့်လျှင် နောက်တစ်ယောက်။
ရဲဘော်များအား အိမ်သို့ ခွင့်ပြန်လိုသူများ စာရင်းပေးနိုင်ကြောင်း၊ ကြေညာလိုက်တော့ ကြားကြားချင်း သူတို့ မယုံနိုင် ဖြစ်သွားသည်ထင်။ သူတို့ဘဝတွင် ခွင့်ဆိုသည်မှာ (၃/၄) နှစ်တွင်ပင် တစ်ခါမရနိုင်သော အခွင့်အရေး ဖြစ်နေသည်ကိုး။ (၂) ရက်လောက် ဘယ်သူမှ “ခွင့်”လာမတောင်းရဲကြပါ။ (သူတို့အချင်းချင်းမှာ နောက်နေသည်ထင်၍ မလာရဲကြကြောင်း နောက်မှ သိရသည်) ဒါနဲ့ ကျွန်တော်နဲ့ အနီးကပ်နေထိုင်သည့် ရဲဘော်များကို ခွင့် စတင်ပေးလိုက်တော့မှ ခွင့် ပြန်ချင်ကြသည့် စာရင်း တက်လာတော့သည်။ ၎င်းစာရင်းတွင် အိမ်ထောင်သည် ဆရာကြီးများမှလွဲ၍ ကျန်သူအားလုံး စာရင်းတက်လာသည်ကို တွေ့လိုက်ရသည်။
ကျွန်တော် ထိုကဲ့သို့ လျှောက်လုပ်နေသည်မှာ ကိုယ့်အန္တရာယ် ကိုယ်မသိ၍ မဟုတ်။ အကုန်သိပါသည်။ အလွန်တရာ အန္တရာယ်ကြီးလှသည်။ မတော်၍များ ကျွန်တော့် သဘောနှင့် ကျွန်တော် ခွင့်ပေးလိုက်သော ရဲဘော်များ ပြန်မလာခဲ့သည်ရှိသော်၊ ပြဿနာ တစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် ကျွန်တော့်ဘဝ မတွေးရဲစရာပင်။ သို့ပေမယ့် ကျွန်တော် တကယ် ဂရုမစိုက်ခဲ့ပါ။ ထိုစဉ်က ကျွန်တော့်ပုခုံးပေါ်မှ တစ်ပွင့်သည် ကိုယ့်ဘဝကို ငဲ့ကွက်ရလောက်အောင်ထိ မလေးလံခဲ့ပါ။ ကျွန်တော် ဒီလိုတွေ လျှောက်လုပ်နေလို့ ကျွန်တော်က မဟာလူစွမ်းကောင်းကြီးလား၊ စစ်သည်တွေ အကျိုးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်နေသူလား။ ထိုသို့လည်း မဟုတ်။ ထိုစဉ်က ကျွန်တော့်ခေါင်းထဲတွင် ဘာမှ မရှိပါ။ နောက်ဆုံး နအဖကြီး ကောင်းသလား၊ ဆိုးသလားကိုပင် မစဉ်းစားအားခဲ့ပါ။ ကျွန်တော် ရိုးရိုးလေး တွေးခဲ့ခြင်းသာ ဖြစ်ပါသည်။
စစ်သားများသည် ရှေ့တန်းတွင်လည်း အသက်စွန့် တိုက်ပွဲဝင်ရသည်။ ရှေ့တန်းမှ ပြန်နားသော်လည်း မည်သည့် အခွင့်အရေးမှ မရ။ အကျဉ်းသားများသို့သာ ဘဝကို ဖြတ်သန်းနေရသည်။ တပ်ရင်းများမှာ စိုက်ထူထားသည့် ဆိုင်းဘုတ်များကို ကြည့်လေ -
- “စစ်သား - စစ်တိုက်ရန်
- စစ်တိုက်ရန်မရှိက လေ့ကျင့်ရန်
- စစ်တိုက်ရန်နှင့် လေ့ကျင့်ရန် မရှိက ပြည်သူ့အကျိုးပြု လုပ်ရန်” တဲ့။ (ပြည်သူ့အကျိုးပြု = Fatigue)
ဘယ်မှာလဲ စစ်သားတစ်ယောက်အတွက် အားလပ်ချိန်၊ တမင်သက်သက် နား၊ မျက်စိ ဖွင့်ချိန်မရှိအောင် နှိပ်ကွပ်ထားတာ စစ်သားတွေမသိ။ သူတို့က ဒီလောက် နင်းကန်ခိုင်းနေရအောင် ဘယ်လောက်များ ထောက်ပံ့ ထားသတုန်း။ (တောင်းပန်ပါသည် ခင်ဗျား၊ ကျွန်တော့်ရင်ထဲက ပေါက်ကွဲမှုပါ၊ ဆောင်းပါးနှင့် မဆိုင်ပါ)
ရွှေဝါရောင် သံဃာ့အရေးအခင်းကာလအတွင်း စစ်သားများနှင့် ရဲများ လုံခြုံရေး ယူနေကြပုံ
ထိုသို့ ဖြစ်နေရခြင်းကို ဖြေရှင်းရန် အလို့ငှာ ကျွန်တော် လုပ်နေခဲ့ခြင်းသာ ဖြစ်သည်။ ထိုသို့ ကျွန်တော် ခွင့်ပေးနေခြင်းကို (၁) လ လောက် အကြာမှာ တပ်ရင်းသို့ သတင်း ပေါက်ကြား သွားလေတော့သည်။ သတင်း ပေါက်ကြားပုံမှာ အနည်းငယ် ထူးဆန်းလှသည်။ တပ်ရေးဗိုလ်ကြီး၏ ရုံးခန်းထဲတွင် ခွင့်တင်စာများ ပလူပျံ သွားသည်။ ပါးစပ်နှင့် ခွင့်တောင်းသူများကလည်း ဒုနဲ့ဒေး။ အကြောင်းက ရှင်းသည်။ ဗိုလ်သိုးထိန်းဦးစီး ဓါတ်ငွေ့ ပိုက်လိုင်း လုံခြုံရေးမှ စစ်သည်များ ခွင့်တွေရနေသောကြောင့်ပင်။
ထုံးစံအတိုင်း ဗိုလ်သိုးထိန်း တပ်ရင်းမှူးထံ သတင်းပို့ပေါ့။ ကျွန်တော်ထင်သည် ဒီတစ်ခါတော့ ကောင်းကောင်း နာချေပြီ။ သို့ပေမယ့် အထင်နဲ့အမြင် တက်တက်စင်အောင် လွဲလေတော့သည်။ အဘ ကျွန်တော့်ကို တွေ့တော့ ဘာမှ ချက်ချင်း မပြောနိုင်။ အထူးအဆန်း သတ္တဝါတစ်ကောင်လို တွေတွေကြီး စိုက်ကြည့်နေတော့သည်။ သူ့စိတ်ထဲမှာ ထင်နေလိမ့်မည်။ ဒီ မလောက်လေး မလောက်စားရှိတဲ့ ကောင်က ရှေ့မကြည့် နောက်မကြည့် လိုက်လုပ်နေပါလားပေါ့။
တော်တော်လည်း စိတ်ပျက်နေပုံရသည်။ နောက်ဆုံး “မင်းကွာ ရဲဘော်တွေကို ခွင့်ပေးချင်ရင် တပ်ရေး ဗိုလ်ကြီးကို လာပြောပေါ့ကွ၊ မင်းထင်တာတွေ စွတ်လုပ်မနေနဲ့၊ မင်းလွှတ်လိုက်တဲ့ ကောင်တွေ တစ်ခုခုဖြစ်ရင် မင်းကနောက်၊ ငါက အရင် ဒုက္ခရောက်မှာကွ နားလည်လား” လို့ ပြောပြီး ပြန်လွှတ်လိုက်တော့သည်။ ဒီ့ထက်ပြောလည်း ကျွဲပါးဆောင်းတီး ဖြစ်နေမှာကို သိနေပုံပေါ်သည်။ ကျွန်တော်တို့တပ်ရင်း ကျွန်တော့်ကြောင့် ဤသို့ဤနှယ် အုံးအုံးကျွတ်ကျွတ်။
ကျွန်တော်သည် ဤသို့ ဤပုံ တပ်ရင်းမှာ ပြဿနာရှာခဲ့သူ ဖြစ်သည်။ ရဲဘော်တွေကို ဒီလို အခွင့်အရေးတွေ ပေးပေမယ့် စည်းကမ်းပိုင်းဆိုင်ရာမှာတော့ လုံးဝ တင်းကျပ်ထားသည်။ ရဲဘော်များကိုလည်း သူငယ်ချင်းပေါင်း မပေါင်းပါ။ တစ်ရက် တပ်ရင်းမှာ တာဝန်မှူးကျသည်။ ထုံးစံအတိုင်း တာဝန်ကြပ်ကြီးက လျော့တိလျော့ရဲ၊ ည (၁) နာရီလောက်မှာ ကျွန်တော် ဆက်သားနဲ့ ဂိတ်ဝက ကင်းသမားများ၏ သေနတ်ကို ဝင်ဆွဲသည်။ (၄) လက် ရလိုက်သည်။ ဘယ်ကင်းသမားမှ မနိုး။ နောက်နေ့ တန်းစီတော့ ညက ဆွဲလာသည့် သေနတ်များကို တပ်ရင်းမှူးစကားပြောမည့် နေရာမှာ ပုံပေးထားလိုက်သည်။
ကင်းသမားများရသည့် အပြစ်ကတော့ ညက ကင်းတွဲတစ်ခုလုံး (တန်းမအပ်ခိုင်းပါ) အချုပ်ထဲ ရောက်သွား တော့သည်။ စည်းကမ်းပိုင်းဆိုင်ရာတွင်လည်း ကျွန်တော်က ဤကဲ့သို့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခဲ့ပါသည်။ နောက်ပိုင်းတွင် ကင်းသမားများ အိပ်ပါက ကျွန်တော့်နာမည် တပ်ပြီး နောက်ပြောင်သည်အထိ ပြောစမှတ် ဖြစ်သွားခဲ့သည်။
ပြည်သူများနှင့် ထိတွေ့ခွင့်ရခဲ့သည့် အတွေ့အကြုံကို ပြောပြပါဦးမည်။ ကျွန်တော်တို့ ကျောင်းဆင်းတော့ သက်ဆိုင်ရာ တိုင်း/တပ်မကို ဦးစွာ သတင်းပို့ရသည်။ ကျောင်းဆင်းအရာရှိများကို တိုင်းမှူးမှ စကားပြောမည်။ သို့သော် တိုင်းမှူးအလုပ်မအား၍ စကား မပြောဖြစ်ခဲ့။ ကျောင်းဆင်းအရာရှိ အားလုံးကို ခွင့် (၁၀) ရက်စီ ပေးလိုက်တော့သည်။ ဝရမ်းက ရထားဝရမ်း၊ ကျောင်းဆင်းအရာရှိ အားလုံးနီနီးက ရန်ကုန်မှ မြစ်ဖျားခံ၍ မိမိတို့ နေထိုင်ရာ မြို့များသို့ ဆက်လက် ထွက်ခွာရမည် ဖြစ်သည်။ ထို့ကြောင့် မုတ္တမမှ ရန်ကုန်သို့ ရထားစီး ရတော့သည်။ ရထားတစ်တွဲလုံး နီးပါးက အရာရှိများဖြစ်သည်။ ခုံတန်း လေး/ငါးတန်းလောက်မှာတော့ အရပ်သားများ လိုက်ပါစီးနင်းလာကြသည်။
ထုံးစံအတိုင်း ခွင့်ရလာသော အရာရှိများ၏ ရထားတွဲမှာ ကြက်ကြော်၊ ငှက်ကြော်၊ အရက်ရောင်းသည့် ဈေးသည် များသာ ပလူပျံနေတော့သည်။ ညလုံးပေါက် သောက်ကြ၊ စားကြနှင့် အိပ်သူ မရှိသလောက်ပင်။ အရာရှိ ဘဝ ပထမဆုံးရသည့် ခွင့်ကိုး။ ဒီလိုနဲ့ မနက်မိုးလင်း ပဲခူးရောက်တော့ ထမင်းသည်များ အလျှိုလျှိုတက်လာ တော့သည်။ ညက ဘာမှ မစားရသေးသူများ ထမင်းကို အလုအယက် ဝယ်စားကြတော့သည်။
ကျွန်တော်လည်း ဝယ်စားသည်။ ထမင်းတစ်ထုပ်မှ (၂၀၀) ကျပ်သာ။ ထူးခြားသည်က အရပ်သားများဘက်မှ မည်သူမျှ ဝယ်မစားကြ။ ထမင်းထုပ်သည်များကလည်း ကျွန်တော်တို့ အရာရှိများဘက်တွင်သာ တဝဲလည်လည်။ ဘာကြောင့် အရပ်သားများ ဝယ်မစားကြသနည်း။ ညကလည်း အရက်ရောင်းသူမှလွဲ၍ မည်သူမျှ ရထားတွဲပေါ် တက်မလာ။ မစားဘဲနဲ့တော့ နေကြမည် မဟုတ်။
ဒါနဲ့ ထမင်းထုပ်သည်ကို ခေါ်၍ ထမင်းထုပ်များကို ရေကြည့်ခိုင်းရာ (၁၅) ထုပ် ကျော်ကျော်လောက်ရှိမည်။ ကျွန်တော်လည်း ရှိသမျှ ထမင်းထုပ်အကုန် ဝယ်လိုက်ကာ အရပ်သားများကို ဝေပေးလိုက်သည်။ ထိုအခါမှပင် ထမင်းထုပ်များကို အားလုံး စားလိုက်ကြတာ တကယ့်ကို အားကျစရာပင်။ အဘွားကြီးတစ်ယောက်ဆို သူရရှိတဲ့ ထမင်းထုပ်ကို ဖွင့်ကာ ခုံအောက်တွင် ဝင်အိပ်နေသော မြေးမလေးအား “မြေးလေး ထထ ဒီမှာ ထမင်း” ဆိုပြီး ကျွေးချင်ဇောနဲ့ နှိုးကျွေးနေတဲ့ အသံဟာ ယနေ့တိုင် ကျွန်တော့်နားထဲမှ မထွက်သေးပါ။ သူတို့အတွက် (၂၀၀) တန် ထမင်းထုပ်က အလွန်ကို တန်ဖိုးကြီးနေသည်လေ။ ကျွန်တော့်မှာ ထိုစဉ်ကတည်းက ပြည်သူလူထုကို ချစ်ခင်သနားမိတဲ့စိတ် တကယ်ကို ရှိခဲ့သည်။
ထိုအရပ်သားများ၏ စိတ်တွင် မည်သို့ ဖြစ်သွားနိုင်သလဲ။ ကျွန်တော်၏ လုပ်ရပ်ကြောင့် “စစ်သားထဲမှာလည်း ကောင်းတဲ့ စစ်သားတွေ ရှိနေပါသေးလား။ မကောင်းတဲ့သူက မကောင်းတာပါပဲလား” ဆိုတဲ့အတွေး သေချာပေါက်ကို တွေးမိသွားစေနိုင်သည်။ ဒါ ကျွန်တော်ရလိုက်သော အမြတ်၊ နောက်ဆုံး ကျွန်တော် ယခု သေရမည်ဆိုပါစို့၊ နောက်ဘဝအတွက် ပြုခဲ့ဖူးသော ကုသိုလ်ကောင်းမှု တစ်ခုခုကို စဉ်းစားပါဆိုလျှင် ကျွန်တော် ကျွေးခဲ့သော ထိုထမင်းထုပ် (၁၅) ထုပ်ကို နောက်ဆုံးတွေးမိမှာ သေချာပါသည်။ ယနေ့အချိန်ထိ ပြန်စဉ်းစားမိတိုင်း ပီတိဖြစ်ရပါသည်။
ယခုဆိုလျှင် တပ်မတော်ကြီး ကောင်းစားဖို့၊ ပြည်သူတွေ ချစ်ခင်ရိုသေဖို့ ဘာတွေ လုပ်သင့်သည်ကို တစ်ချက်ချင်း ရှင်းပြစရာ မလိုတော့ဟု ထင်ပါသည်။ အဝေးကြီး တွေးရင်တော့ ခြေတစ်လှမ်းက လေးလံနေပါမည်။ လွယ်တာလေးတွေကိုဘဲ တွေးပြီး မှန်တာလေးတွေကို ကိုယ်စီဆုပ်ကိုင်ထားရင် တပ်မတော်ကြီး တကယ့်ကို ပြောင်ရောင်လာမှာ အမှန်ဖြစ်ပါသည်။
တပ်မတော်ကြီး ပြောင်ရောင်ဖို့ လူအင်အား မရှိမဖြစ် မဟုတ်ပါ။ လူတိုင်းမှာ (စစ်သားတိုင်း) လုပ်နိုင်တဲ့ အရည်အချင်း ရှိပြီးသားပါ။ လုပ်သင့်လုပ်ထိုက်သည်များကို ကိုယ်စီ လုပ်လိုက်ကြဖို့သာ အဓိက ဖြစ်ပါသည်။
ဒီလိုပြောလို့ တပ်မတော်ကြီးက ချို့ယွင်းချက်တွေ အတော်များနေပြီ။ ကျုပ်တစ်ယောက်တည်း ထလုပ်လို့ ဘာများ ထူးခြားလာမှာလဲလို့ ပြောလာလျှင် ကျွန်တော်က ဆရာဖေမြင့်ရဲ့ စာအုပ်ထဲက စကားစု တစ်ခုကို ထုတ်ပြပါမည်။ ကျွန်တော် မှတ်မိသလောက် ပြန်ရေးပြပါမည်။
“တခါက လူနှစ်ဦး ကမ်းခြေတစ်ခုမှာ လမ်းလျှောက်နေသတဲ့၊ ဦးပြူးနဲ့ ဦးမဲ ဆိုပါစို့။ ကမ်းခြေမှာက ရေလှိုင်းနဲ့အတူ ပါလာတဲ့ ခရုလေးတွေ အများအပြားပါ။ သူတို့က လှိုင်းနဲ့ အတူပါလာပေမယ့် လှိုင်းပြန်ကျသွားတဲ့အခါ သောင်ပေါ်မှာ တင်ကျန်ခဲ့ပြီး နေအပူဒဏ်ကြောင့် အသက်တွေ သေကြရသည်။ ဒါကို လမ်းလျှောက်လာတဲ့ထဲက ဦးပြူးက စကားလေး ပြောလိုက်၊ သောင်ပြင်က ခရုတစ်ကောင်ကို ကောက်လိုက် ပင်လယ်ထဲ ပစ်ချလိုက်နဲ့ လမ်းလျှောက်လာပါသည်။ ဒါကို ဦးမဲက “ခင်ဗျား ဘာလို့များ ဒီခရုတွေကို ရေထဲ လှမ်းလှမ်း ပစ်နေရတာလဲ” လို့ မေးလိုက်တော့ ဦးဖြူက “သူတို့လေးတွေ နေပူဒဏ်ခံရပြီး မကြာမီ သေတော့မှာဗျ။ အဲ့ဒါကြောင့် သူတို့ အသက်ကို ကယ်တဲ့အနေနဲ့ ရေထဲ ပြန်ပစ်ချပေးနေတာပါ” လို့ ပြန်ဖြေသတဲ့။
ဒါကို ဦးမဲက “ခင်ဗျား ဗျာ ကမ်းခြေမှာ ခရုတွေ ဒီလောက်များတာ ခင်ဗျား တစ်ကောင်တလေ ပစ်ချတော့ရော ဘာများ အဓိပ္ပါယ်ရှိလာမှာလဲ” လို့ ပြန်မေးသတဲ့။ အဲ့ဒီအခါမှာ ဦးဖြူက သောင်ပြင်ပေါ်က ခရုလေးတွေကို ကောက်ပြီး ဘာပြန်ပြောလိုက်သလဲဆိုတော့ “ဟောဒီ အကောင်လေးအတွက်ကတော့ သိပ်ကို အဓိပ္ပါယ် ရှိသွားတာပေါ့ဗျာ” လို့ ပြောပြီး သူ့လက်ထဲက ခရုလေးကို ရေထဲ ပစ်ချလိုက်တော့တယ်” အဲ့ဒါ ဆရာဖေမြင့်ရဲ့ စကားစုလေးပါ။
ဒီလိုပါဘဲ ငါ တစ်ယောက်တည်း လုပ်လို့ ဘာများထူးလာမှာလဲလို့တော့ မတွေးကြပါနဲ့။ လုပ်မှာသာ လုပ်လိုက်ပါ။ တကယ့်ကို တစ်ခုခုကတော့ ထူးခြားလာမှာ အမှန်ပါ။ ကဲ… သင့်ကို သင် ယုံကြည်လိုက်ပါ။ တပ်မတော်ကြီး ကောင်းဖို့ သင်တစ်ခုခု လုပ်နိုင်တယ်လို့ လုံးဝ မှတ်လိုက်ပါတော့။
သိုးထိန်း
| < Prev | Next > |
|---|

