??????????? ????????????????????????????
ကျွန်တော် တပ်မတော်သား တစ်ယောက်ပါ။ ဒီဝက်ဘ်ဆိုဒ်မှာ လက်လှမ်းမှီသမျှ ပြည်တွင်းပြည်ပက တပ်မတော်သားတွေ ရေးသားနေကြတာဟာ တကယ့်လက်တွေ့ဘ၀မှာ တွေ့ကြုံ ခံစားနေရတာတွေ အမှန်ပါ။ ဘယ်ဟာဖြင့် မဟုတ်မှန်ပါဘူးလို့ ငြင်းနိုင်ရင် ငြင်းလိုက်ပါ။ ရှင်းနိုင်ရင် ရှင်းလိုက်ပါ။
တပ်မတော်သားတွေအားလုံး သစ္စာဆိုကြရပါတယ်။ ငါ့နိုင်ငံတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ပါသည်တဲ့။ နိုင်ငံတော်ကြီး တိုးတက်ဖို့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေပါတယ်ဆိုတဲ့ နိုင်ငံခေါင်းဆောင် တပ်မတော် အကြီးအကဲတွေ အနေနဲ့ ဘာဖြစ်လို့ ကိုယ့်ရဲဘော်ရဲဘက်တွေရဲ့ အမှန်တရား သစ္စာစကားကို ကြောက်လန့် ကာကွယ်နေရပါသလဲ။ ပြင်းပြင်းထန်ထန် အရေးယူ တားဆီးနေရပါသလဲ။ ကျွန်တော်တို့ နိုင်ငံတော်ကြီးအတွက် အသက်ကိုတောင် စွန့်လွှတ်ပါသည် ဆိုထားပြီးမှတော့ ကျွန်တော်တို့ မိခင်တပ်မတော် အတွက်ရော ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးဖို့ ကျွန်တော်တို့ ပိုတောင် အသက်စွန့် မလုပ်ဝံ့ပေဘူးလား။
တပ်မတော်ဆိုတာ နိုင်ငံတစ်ခုမှာ မရှိမဖြစ် ရှိကိုရှိရမဲ့ အင်မတန်မွန်မြတ် ကျက်သရေပြည့်ဝတဲ့ နိုင်ငံသားတွေရဲ့ အားကိုးအားထားပြုရာ အဖွဲ့အစည်း တစ်ခုပါ။ အခုဆိုရင် ကမ္ဘာ့အလယ်မှာ ကျွန်တော်တို့ ချစ်စနိုးခေါ်တဲ့ ဂျော်လီဆွေကြီး ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်ဘယ်လောက် မော်ကြွားနိုင်ပြီလဲ။ time မဂ္ဂဇင်းက တင်ပြထားတဲ့ ဆွဲဆောင်မှုအရှိဆုံး ပုဂ္ဂိုလ်တစ်ရာထဲမှာ ဦးသိန်းစိန်ဟာ အဆင့် ၆၇ ချိတ်ပါတယ်။ နိုင်ငံတကာက သမ္မတတွေနဲ့လည်း ရင်ဘောင်တန်းပြီး လေးစားအရေးပေး ခံနေရပါပြီ။ မြန်မာလူမျိုးဟာ ဒီလိုပါလို့ ကမ္ဘာမှာ ရင်ကော့ပြောနိုင်ဖို့ တကယ့်အစစ်အမှန် ပြုပြင်ပြောင်းလဲရေးတွေကို လုပ်ကိုလုပ်ရမယ်ဆိုတာ နိုင်ငံခေါင်းဆောင် ဖြစ်နေတဲ့ တပ်မတော်သားတွေ အသိနောက်မကျသေးခင် အနိမ့်ဆုံး တပ်မတော်အတွင်းမှာလည်း ပြုပြင်ပြောင်းလဲရေးတွေ လုပ်ပေးဖို့ လိုအပ်နေပါပြီ။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် အနေနဲ့လည်း အမှန်တရားကို ထုတ်ဖေါ်ရေးသားကြတဲ့ တပ်မတော်သားတွေကို နားလည်မှု ပေးစေချင်ပါတယ်။ ကျွန်တော်တို့ဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်တပ်မတော်ကို ပိုချစ်ကြပါတယ်။
ဒါကြောင့် ကိုယ့်တပ်မတော်အတွင်းမှာ ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း သိစေချင်တယ်။ အောက်ခြေက စလို့ ပြုပြင်ပြောင်းလဲစေချင်တယ်။ နိုင်ငံတကာက တပ်မတော်တွေရဲ့ စံနမူနာ ကျင့်ထုံးတွေကို ကိုယ့်နိုင်ငံနဲ့ လျှော်ညီအောင် ကောင်းနိုးရာရာ အတုယူ ကျင့်သုံးစေချင်တယ်။ စာရွက်ပေါ်မှာ လူကြီးလာတုန်းခဏ လိမ်လည်ပြရတာတွေ ကုန်ဆုံးစေချင်တယ်။ ပြန်တမ်းတွေ၊ အစီရင်ခံစာ Report တွေ၊ အစည်းအဝေးမှတ်တမ်းတွေ၊ ကြေးနန်းတွေကို ဆိုလိုတာပါ။ ဆရာမွေး၊ တပည့်မွေး၊ ဘာသာရေးခွဲခြား၊ အမျိုးတော်၊ အဖားတော်၊ မှန်ရင်ညောင်း၊ ကောင်းရင်ထောင်း၊ ညစ်ပတ်မှအရစ်ရ၊ မကောင်းကျောင်းပို့၊ ဘွဲ့ပါမှရာထူးတိုးပေး၊ ဒါတွေကို ပြောနေစရာ တပ်မတော်ကျင့်ထုံးပမာ မဖြစ်စေချင်တော့ဘူး။
ဗိုလ်ချူပ်အောင်ဆန်း စတင်တည်ထောင်ခဲ့တဲ့ တပ်မတော်ရဲ့ သမိုင်းကြောင်းကို ကောင်းမွန်အောင် ပြန်လည်လုပ်ဆောင်ဖို့ ယနေ့ တပ်မတော် ခေါင်းဆောင်ကြီးတွေ လုပ်ဆောင်နေတဲ့ အတိုင်းအတာ တစ်ခုအရ အမှန်တကယ် မွန်မြတ်တဲ့ စေတနာမှတ်ကျောက်ဆိုတာကို စံတင်ပြဖို့ လိုပါလိမ့်မယ်။ အဲဒါကတော့ အမှန်တရားကို အင်တာနက်စာမျက်နှာမှာ တင်ပြနေတဲ့ လေတပ်အရာရှိ သုံးဦးကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးဖို့ ဖြစ်ပါတယ်။ ဒါမှ နိုင်ငံတော် ခေါင်းဆောင်ကြီးတွေရဲ့ ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖေါ်ဆောင်ရေး လမ်းကြောင်းဟာ ယုံကြည် စိတ်ချရပါလိမ့်မယ် ဆိုတာ စာဖတ်ပရိသတ်များ သိရှိအောင် ပြည်တွင်းမှ ရေးသားပေးပို့လိုက်ရပါတယ်။
| < Prev | Next > |
|---|

