Related information payday loans 50 up to
ပင်မနေရာ သွေးစကား ဗိုလ်ချုပ်အောင်ဆန်း ကမ္ဘာ့အလားအလာ ဗမာ့အလားအလာနှင့် လူငယ့်တာဝန် - အပိုင်း (၁)

ပင်မနေရာ သွေးစကား ဗိုလ်ချုပ်အောင်ဆန်း ကမ္ဘာ့အလားအလာ ဗမာ့အလားအလာနှင့် လူငယ့်တာဝန် - အပိုင်း (၁)

ကမ္ဘာ့အလားအလာ ဗမာ့အလားအလာနှင့် လူငယ့်တာဝန် - အပိုင်း (၁)

Print PDF
User Rating: / 1
PoorBest 

စာဖတ် ပရိတ်သတ်များ ခင်ဗျား

ရန်ကုန် နေပြည်တော် အရှေ့ အာရှတိုက် လူငယ်များ အစည်း အရုံး ဌာနချုပ် တွင် ၁၃၀၆ ခုနှစ် နတ်တော် လဆန်း (၅) ရက်၊ ၁၈-၁၁-၁၉၄၄ ခုနှစ်က စစ်သေနာ ပတိနှင့် စစ်ဝန်ကြီး ဗိုလ်ချုပ် အောင်ဆန်း ဟောပြောတဲ့ မိန့်ခွန်းအား လေ့လာ သုံးသပ် နိုင်ဖို့ ကျွန်တော် ကိုဖိုးတရုတ်က တင်ပြ ပေးလိုက် ရပါတယ်။

ကမ္ဘာ့အလားအလာ ဗမာ့အလားအလာနှင့် လူငယ့်တာဝန်

ရှာဖွေတင်ပြသူ - မောင်ကျော်ရင်

ယနေ့ ကျွန်တော်ပြောမဲ့ ဘာသာရပ်က ကမ္ဘာ့အလားအလာ၊ ဗမာ့အလားအလာနှင့် လူငယ်များရဲ့ တာဝန်ဖြစ်ပါတယ်။ အဲဒီဘာသာရပ်ကို ပြောရခြင်းကတော့ ယခုအခါမှာ ကမ္ဘာ့အရေးတွေဟာ ဗမာ့အရေးတွေနဲ့ လာပြီးတော့ အဆက်အသွယ်ရှိတယ်။

တစ်ခုနဲ့တစ်ခုဟာ အဆက်အသွယ်ရှိတာကြီးဘဲ။ လောကကြီးမှာ ဖြစ်ပျက်နေတဲ့ တရားတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာကြီးဘဲ။ ဒါက ကျွန်တော်တို့ လောကမှာ ဖြစ်ပျက်နေတာတွေကို ပြောပြရမယ်ဆိုရင် လောကတစ်ခုလုံးမှာ ဖြစ်ပျက်နေတာတွေဟာ အကြောင်းမဲ့သက်သက် ဘာမှမဟုတ်တာကနေပြီး ပေါ်ပေါက်လာတာ မဟုတ်ဘူး။

အဲဒီတော့ကာ ဗမာပြည်ရဲ့အကြောင်း သေသေချာချာ နားလည်ချင်ရင် ကမ္ဘာရဲ့အကြောင်းကို နားလည်ရမယ်။ ကမ္ဘာရဲ့အကြောင်းကို နားမလည်ရင် ဗမာပြည်ရဲ့ အကြောင်းကို နားမလည်နိုင်ဘူး။ အဲဒီလို ကမ္ဘာနဲ့ဗမာ အဆက်အသွယ် ရှိတယ်ဆိုတာ ထင်ထင်ရှားရှား ပြောပြရမယ်ဆိုရင် ယခုဖြစ်နေတဲ့ စစ်ကြီးဟာ ကမ္ဘာ့စစ်ကြီးလို့ ခေါ်ရမယ်။ သို့သော်လည်း ဒီစစ်ကြီးစဖြစ်တုန်းက ဗမာပြည်နဲ့ ဘာမှမပတ်သက်ဘူး ဗမာပြည်မှာ နေတဲ့လူတွေဟာ ကမ္ဘာသူ ကမ္ဘာသားတွေနဲ့ ရန်ဖြစ်တာ မဟုတ်ဘဲနဲ့ နောက်ဆုံး စစ်သလင်းဖြစ်လာရပြီးတော့ ကျွဲနှစ်ကောင် ခတ်တဲ့ကြားက မြေဇာပင်လို ဖြစ်နေတယ်။

အစတုန်းက ဖြစ်ပျက်တာတွေကို အခုဖြစ်ပျက်တာတွေနဲ့ လိုက်ကြည့်မယ်ဆိုရင် တစ်ခုနဲ့ တစ်ခု အဆက်အသွယ်ရှိတယ်။ အကယ်၍ ကမ္ဘာကြီးကို တိုးတက်ဖို့အရေးတွေက ကမ္ဘာမှာဆိုရင် ယခုဖြစ်ပျက်နေတဲ့ အခြေအနေတွေ ရှေးကဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ မျှော်တွေးကြည့်လိုက်ရင် အဲဒီအရေးတွေကို သေသေချာချာ နားလည်မယ်ဆိုရင် ရှေးက ဖြစ်ပျက်တဲ့အကြောင်း၊ ယခုဖြစ်ပျက်နေတဲ့အကြောင်းတွေနဲ့ နောင်ဖြစ်ပျက်မဲ့ အကြောင်း တွေကို မျှော်တွေးတတ်မယ်ဆိုပါက ကျွန်တော်တို့ ဗေဒင်၊ သိုက်၊ တဘောင်တွေ မေးနေစရာ မလိုဘူး။

သဘာဝထဲမှာ်ကြည့်ရင် ကျွန်တော်တို့ လောကဓါတ်ပညာ ထွန်းကားမှု အစနေပြီး တဆင့် ထက်တဆင့် တိုးတိုးပြီး ဖြစ်ပေါ်လာတယ်။ အဲဒီ ဖြစ်ပေါ်လာတာလဲ အကြောင်းမဲ့သက်သက် မဟုတ်ဘဲနဲ့ သူ့အကြောင်းနဲ့ သူ့အကြောင်း ဖြစ်ပေါ်လာတာဘဲ။ အဲဒီတော့ကာ သိတဲ့ အကြောင်းတွေဟာ ဘာနဲ့တူသလဲဆိုတော့ စုံစမ်းထောက်လှမ်းပြီးတော့ ကြည့်ရူဆင်ခြင် လုပ်ကိုင်တာနဲ့တူတယ်။ ယခုအခါမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံး အဆက်အသွယ်ရှိတယ်။ လေယာဉ်ပျံ၊ မီးသင်္ဘော အစရှိတဲ့ လူများသွားလာနိုင်ဘို့ နည်းလမ်းတွေ ပေါ်လာတယ်။ တစ်ခုနဲ့တစ်ခု ဆက်စပ်လာတယ်။ အ၀တ်အစားမှာလဲ အပူအအေး ကာကွယ်ဘို့ အ၀တ်လိုတယ်။ အဟာရ ဖြစ်အောင်က အစားနှင့်အအိပ် လိုတယ်။ အဲဒီလိုလုပ်ရင်းက တဖြည်းဖြည်း တိုးတက်လာကြတယ်။ အနောက်နိုင်ငံမှာ ရှိတဲ့လူတွေဟာ ကမ္ဘာကြီး အနှံ့အပြားမှ နေပြီးတော့ ကုန်ကူးသန်းရောင်းဝယ်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်း

ဒီလိုကူးသန်းရောင်းဝယ်နေရင်းက ကမ္ဘာအနှံ့အပြား လှည့်လည်နေရတော့ ကိုယ့်တိုင်းပြည် အကြောင်းတွေတွင် မကဘဲနဲ့ တခြားတိုင်းပြည် အကြောင်းတွေပါ သိတယ်။ ကိုယ့်တိုင်းပြည် ယဉ်ကျေးမှု ပညာကို မသင်ကြားဘဲနဲ့ အခြားတိုင်းပြည်က ယဉ်ကျေးမှုပညာတွေ ရတယ်။ ရောမတိုင်း၊ ခေါမတိုင်း အစရှိတဲ့နေရာတွေက ပညာတွေရလာတယ်။ အဲဒီအခါမှာ လူတွေ စဉ်းစားတတ်တဲ့စိတ်တွေ အသိဥာဏ်တွေ တိုးတက်လာတယ်။ ဒီလိုတိုးတက်လာပြီး ရရှိလာတဲ့ ပညာတွေနဲ့ စဉ်းစားဆင်ခြင် အလုပ်လုပ်ကြတော့ လောကဓါတ်အစရှိတဲ့ ပညာတွေ တိုးတက်လာတယ်။

စစ်သင်္ဘော၊ ကုန်သင်္ဘော ဒီပြင့်အခြားဟာတွေ ပေါ်လာတယ်။ တဖြည်းဖြည်း စက်မှုလုပ်ငန်းတွေ ပေါ်လာတယ်။ စက်မှုလုပ်ငန်းတွေနဲ့ဆိုတော့ ကုန်ပစ္စည်းတွေ ပိုထွက်လာတယ်။ ဒီကုန်တွေကို ကိုယ့်တိုင်းပြည်မှာ ရောင်းလို့မကုန်နိုင်တော့ အခြားတိုင်းပြည်တွေကို ရောင်းချတယ်။ အဲဒီလိုနေရင်းက စွန့်စားမှုတွေ ပေါ်လာတယ်။ စွန့်စားကြတယ်။ မြေကြော လေကြော ရှုံ့လာတယ်။ ကမ္ဘာကြီးတစ်ခုလုံးနဲ့ အဆက်အသွယ်တွေ ဖြစ်လာတယ်။ စက်မှုလက်မှု တိုးတက်နေတဲ့ တိုင်းပြည်တွေက ခေတ်ပညာတွေ ခေတ်မျက်စေ့တွေနဲ့ဖြစ်နေတော့ တိုင်းပြည်အသီးသီးတွေက အပြိုင်အဆိုင် ဖြစ်နေကြတယ်။ ဒီတိုင်းပြည်ကြီးတွေက စက်မှုလက်မှု တိုးတက်လာတဲ့အခါ ပစ္စည်းတွေကို တနေရာနှင့် တနေရာ သွားရောက် ရောင်းချကြတယ်။ တခြားတိုင်းပြည်နဲ့ အဆက်အသွယ် ပြုပြီး ကုန်ကူးသန်း ရောင်းဝယ်ကြရင်းက တကမ္ဘာလုံးရဲ့ ပညာတွေကို စုဆောင်းရလာတယ်။ စက်မှုလက်မှု ကိရိယာတွေ ပေါ်လာတယ်။ တိုင်းပြည် တိုးတက်ကြီးပွားလာတယ်။ နောက်ဆုံး ကမ္ဘာကြီးတစ်ခုလုံး ထိပ်တန်းကနေတဲ့ တိုင်းပြည်တွေက လက်ဝါးကြီးအုပ်တဲ့ အခြေအနေ ရောက်လာတယ်။

အဲဒါကို အခုခေတ် ခေါ်ကြတဲ့လူတွေက ဓနရှင်ခေတ်လို့ ခေါ်ကြတယ်။ ကမ္ဘာကြီး တစ်ခုလုံးနဲ့ အဆက်အသွယ်ဖြစ်အောင် လုပ်လာကြတယ်။ တကမ္ဘာလုံးရဲ့ ပညာတွေရအောင် လုပ်လာတယ်။ စက်မှုလက်မှုပညာ တိုးတက်လာအောင် လုပ်လာတယ်။ ဒါနောက်ဆုံး ဒီစနစ်ဟာ တိုးတက်လာတဲ့ စနစ်ကြီးလို့ ခေါ်ရတယ်။ တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည်တွေဟာလဲ တိုင်းပြည်အချင်းချင်း သူ့ထက်ငါ ကုန်ပစ္စည်းတွေ အပြိုင်ဖြစ်လာတော့ တစ်ယောက်ထက် တစ်ယောက်သာအောင် လုပ်ကြတယ်။ နောက်ဆုံး ဒီလိုကနေပြီး အနုနည်းနဲ့ မရတော့ အကြမ်းနည်းနဲ့ စစ်ဖြစ်ကြတယ်။ ပထမ စစ်ဖြစ်တာကတော့ တစ်ပြည်နဲ့ တစ်ပြည်ဖြစ်ကြတယ်။ အခုတော့ မဟုတ်တော့ဘူး။ ကမ္ဘာကြီး တစ်ခုလုံးက ဘယ်လိုဖြစ်လာသလဲဆိုတော့ မီးရထားတွေ၊ မီးသင်္ဘောတွေ၊ လေယာဉ်ပျံတွေနဲ့ လာတိုက်ကြတယ်။ လူတွေနဲ့ အဆက်အသွယ် မှီခိုနေတယ်။

တိုင်းပြည်တစ်ပြည်ကို တိုင်းပြည်တစ်ပြည်က လာတိုက်ကြတယ်၊ ယခုလို လေယာဉ်ပျံ၊ မီးသင်္ဘောတွေနဲ့ဆိုတော့ သိပ်ပြီးစိုးရိမ်ရတယ်။ မိုင်ပေါင်း ၁၀၀၀ လောက်က ရန်သူတွေရောက်ရင်ဘဲ စိုးရိမ်ရတယ်။ တစ်ပြည်နဲ့တစ်ပြည် ဖြစ်ကြတဲ့ကိစ္စဟာ တဖြည်းဖြည်းကြာတော့ တခြားတိုင်းပြည်တွေကို ဆက်ဆက်သွားတယ်။ ယခင်စစ်ကြီးတုန်းက တိုက်ကြတဲ့စစ်ဟာလဲ အင်္ဂလိပ်နဲ့ ရုရှားက တဘက်၊ ဂျာမနီခေါင်းဆောင်တဲ့ တိုင်းပြည်တွေက တဘက်တိုက်ကြတယ်။ ကြားနေနိုင်ငံကလေးတွေကိုလည်း ကိုယ့်ဘက်သူ့ဘက် ဆွဲထည့်ကြတယ်။ အနုနည်းနဲ့ပြောရရင်ရ၊ မရရင် အကြမ်းနည်းနဲ့ အတင်းတိုက်ကြတယ်။ နောက်ပြီး ဒီတိုင်းပြည်တွေကို ဘာလို့တိုက်ကြတယ်ဆိုတာ အပြစ်ပြကြတယ်။ အဲဒီတော့ ကြားနေနိုင်ငံ တွေလဲ မနေနိုင်ဘဲ တခါထဲ ပါလာရတာဘဲ။ စစ်တစ်ခုဖြစ်ရင် ကျွန်တော်တို့ သတိထားမကြည့်မိလို့ ယခုကမ္ဘာစစ်ကြီးဟာ ယခင်ကမ္ဘာစစ်ကြီးရဲ့ နောက်ဆက်တွဲ၊ ယခင် ကမ္ဘာစစ်ကြီးဟာလဲ ဟိုယခင် စစ်ကြီးတွေရဲ့ နောက်ဆက်တွဲဖြစ်တယ်။

၁၉၂၉ ခုနှစ်က တကမ္ဘာလုံးစီးပွားရေး အခက်အခဲတွေ တွေ့တယ်။ အဲဒီလို စီးပွားရေး အခက်အခဲတွေ လိုက်ကြည့်မယ်ဆိုရင် လက်ရှိတိုင်းပြည် ၊ လက်မဲ့တိုင်းပြည် အကုန်လုံးမှာ စီးပွားရေး အခက်အခဲဖြစ်တာဘဲ၊ အဲဒီ စီးပွားရေး အခက်အခဲတွေဖြစ်လာတော့ ဓနရှင်စနစ် နယ်ချဲ့စနစ်တွေ ပေါ်လာတယ်။ ဒီပြဿနာကို ဒီလိုလုပ်လို့မရဘူး။ ဒီလိုလုပ်မှ ရမယ်ပြောဆိုပြီး ကိုယ့်စိတ်ကူးနဲ့ကိုယ် ဖြစ်ပေါ်လာကြတယ်။ နိုင်ငံအသီးသီးတွေမှာလည်း ၀ါဒအမျိုးမျိုး၊ စနစ်အမျိုးမျိုး၊ တော်လှန်မှုအမျိုးမျိုး ဖြစ်ပေါ်လာခဲ့ကြပါတယ်။

ဥပမာ အိုင်ယာလန်၊ ဂျာမန်၊ အီတလီ ၊ အိန္ဒိယ စသဖြင့် တချို့တိုင်းပြည်များ၌ တော်လှန်မှုများ ဖြစ်ပွားခဲ့ကြတယ်။ အဲဒီတော့ ယခင်ကမ္ဘာစစ်ကြီး ပြီးသည့်နောက်မှာ တကမ္ဘာလုံး စီးပွားရေး နိုင်ငံရေး လှုပ်ရှားခဲ့တယ်၊ ယခု စစ်ကြီးမှာလည်း ဘယ်တိုင်းပြည်မှာမဆို နိုင်ငံရေးအားဖြင့်လည်းကောင်း၊ စီးပွားရေးအားဖြင့်လည်းကောင်း၊ အမျိုးမျိုး ဖြစ်နိုင်မည်ကား မလွဲနိုင်ဘူး။ နောက်ပြီး အရှေ့ဘက်စစ်ဟာ အနောက်ဘက်စစ်ကို မှီပြီး ဖြစ်နေတယ်။ ဒီစစ်ကြီး ဖြစ်မဲ့အချိန်ကိုတော့ မည်သူမျှ မပြောနိုင်ဘူး၊ အဲဒီတော့ ဗမာပြည်ရဲ့ အခြေအနေဟာ ကမ္ဘာ့မျက်စိနဲ့ ကြည့်ရင် အရေးမကြီးတော့ပြီ။ ဗမာ့မျက်စိနှင့်ကြည့်လျှင် အတော်ကို အရေးကြီးပါတယ်။

ဗမာလူမျိုးတစ်မျိုးရဲ့ လွတ်လပ်ရေးအတွက် ပြည်တွင်းစည်းလုံးညီညွတ်မှု ခိုင်မြဲမှသာလျှင် ဗမာ့လွတ်လပ်ရေး တည်နိုင်တယ်။ ပထမဆုံး စစ်ကြီး စတင်ဖြစ်တာက အင်္ဂလိပ်နှင့် ပြင်သစ်က တဘက်၊ ဂျာမနီ အီတလီနဲ့တဘက် ဖြစ်ကြတယ်။ နောက်ဆုံး ဂျာမနီဟာ ဥရောပတိုက်သို့ စိုးမိုးသွားတယ်။ ယခု ကမ္ဘာစစ်ကြီးဖြစ်လာတာဟာ အစတုန်းက ဖြစ်ရင်းက တစ်ပြည်စီ တစ်ပြည်စီဖြစ်ရင်း အားလုံး တိုင်းပြည်တွေပါ ပါကုန်ကြတယ်။ ကမ္ဘာစစ်ကြီးဟာလဲ ဟိုကမ္ဘာစစ်ကြီးရဲ့ နောက်ဆက်တွဲပင် ဖြစ်တယ်။ စစ်ရှုံးတဲ့ တိုင်းပြည်တွေကိုလည်း စာချုပ်တွေနဲ့ ဖိနှိပ်ထားတယ်။ ချုပ်ချယ်ထားတဲ့ စစ်တပ်ဆိုရင် တသိန်းထက်ပိုမရှိရဘူး။ လေတပ်တွေ မရှိဘူး။ အဲဒီလို ဖိနှိပ်ချုပ်ချယ် ပြီးတော့ ထားတယ်။

လူတွေဟာ စစ်တိုက်ရတော့ လူပန်းစိတ်ပန်းဖြစ်တယ်။ ၀င်ကုန်တွေကလည်း မ၀င်နိုင်ဘူး။ လူတွေကလည်း အစားအသောက်တွေ သိပ်ငတ်တဲ့အခါကြတော့ ပြည်တွင်းတော်လှန်ရေးတွေ ပေါ်လာတယ်။ ရုရှားပြည်မှာလဲ တော်လှန်ရေးတွေ ပေါ်လာတယ်။ စစ်နိုင်နေတဲ့ တိုင်းပြည်တွေမှာလဲ တော်လှန်ရေးတွေ ပေါ်လာတယ်။ ပြင်သစ်ပြည်မှာ သူပုန်ထတယ်။ အင်္ဂလိပ်ပြည်မှာ သပိတ်မှောက်တယ်။ အဲဒီလိုဖြစ်ကြတယ်။ တရုတ်ပြည်မှာဆိုရင် တော်လှန်ရေးတွေ ဖြစ်လာတယ်။ အရှေ့ဘက်မှာ ဆိုရင်လဲ တမျိုး ကျဉ်းကျပ်လာတယ်။ ဗမာပြည်မှာဆိုရင်လဲ သာယာဝတီ သူပုန်တွေထတယ်၊ အဲဒါတွေက အကုန်လုံး အနှံ့အပြား ဖြစ်လာတယ်။

အဲဒီတော့ ဗမာပြည်ကို ရုတ်တရက် မ၀င်ရောက်နိုင်ဘူး။ သူတို့ ဖိဖိစီးစီးတိုက်မှာက ဥရောပမှာ အဓိကဖြစ်တယ်။ အဲဒီဘက်မှာ နိုင်တဲ့လူက “ဒီဘက် နိုင် နိုင်ဘို့ သေချာပေါက် များတယ်”။ ယခု ဆောင်းရာသီ ၃ - လ အတွင်းမှာ ဂျာမဏီကိုလဲ အလဲထိုးနိုင်မှ - အလဲမထိုးနိုင်ရင်၊ ဒီစစ်ကြီးဟာ ရှည်ဦးမှာဘဲ၊ ဂျာမဏီပြည်မှာလဲ စက်ရုံတွေက အများကြီးရှိတယ်၊ မြေအောက်ထဲမှာကို Under Ground တူးပြီး စက်ရုံတွေ လုပ်ထားတယ်။ လက်နက်ဆန်းတွေ ထွင်နေတယ်။ လေတပ်ဆိုရင်လဲ ပြုတ်ပြုတ်ပြုန်းပြုန်းလောက် မဖြစ်သေးဘူး။ အင်အားမှာလဲ ဆုတ်ယုတ်လောက်အောင် အခြေအနေ မဖြစ်သေးဘူး၊ “အဲဒီတော့၊ ဂျာမဏီကို အချိန်မပေး နိုင်ဘူး။ ဂျာမဏီကို အချိန်ပေးလို့ရှိရင် ပြန်ပြီး ဆိုးဝါးလာလိမ့်မယ်” ။ ဂျာမဏီကို စစ်အင်အားနဲ့ ဖိတိုက်မှ နိုင်မယ်လို့ ပြောကြတယ်။ စစ်တိုက်တဲ့ နေရာရယ်၊ မိန်းမပိုးတဲ့နေရာရယ်၊ မတရားတာ မရှိဘူး။ တရားတာကြီးဘဲ။ နိုင်တာ လိုရင်းဘဲ။ အဲဒီတော့ကာ ကျွန်တော်တို့ ဗမာပြည်မှာလဲ “ညီညွတ်ရေးဟာ သိပ်အရေးကြီးတယ်။ တတိုင်းပြည်လုံးမှာ ရှိတဲ့လူတွေက တို့ဗမာပြည်ရဲ့ လွတ်လပ်ရေးအတွက် တို့တိုက်မယ်၊ တို့ခိုက်မယ် ဆိုရင်၊ တို့တိုင်းပြည်ကလူတွေ ဘယ်နည်းနဲ့မှ မရှုံးနိုင်ဘူး”။ တိုင်းပြည်မှာရှိတဲ့ လူတွေက အားလုံး အသင့်ပြင်ဆင်ထားဘို့ သင့်တယ်။

ကျွန်တော်တို့ဟာ ဂျပန်ရဲ့ စိတ်ဓါတ်ကို အတုယူရမယ်။ အင်္ဂလိပ်ရဲ့ ဓလေ့စရိုက်၊ အလေ့အလာကို အတုယူရမယ်။ ကျွန်တော်တို့ သေသေချာချာ တတ်စွမ်းတဲ့ အရည်အချင်းနှင့် ပြည့်စုံအောင် လုပ်ကြရမယ်။ အဲဒီတော့ ကျွန်တော်တို့ လူငယ်တွေ အားကိုးရမယ်။ လူငယ်တွေ ဘယ်မလဲ၊ လူငယ်တွေ ထိပ်က ထွက်စမ်းပါ။ တောကြိုတောင်ကြားတွေထဲ သွားရမယ်။ တိုင်းပြည်တော့ အမှန်ကောင်းစားမှာဘဲ၊ ဘယ်သူစွန့်စားရဲတဲ့ သူတွေရှိသလဲ၊ ခေါင်းဆောင် တွေ အများကြီးလိုတယ်၊ အရည်အချင်း ရှိရမယ်။ စိတ်ဓာတ် ခိုင်ရမယ်။ အလှမ်းကျော်တဲ့ အလုပ်တွေ မလုပ်ဘဲနဲ့ လှမ်းတဲ့ခြေလှမ်း နှေးချင်နှေးပါစေ။ အလှမ်းကျယ်ကျယ် လှမ်းပါ။ လှမ်းကျော်တဲ့ အလုပ်တွေ မလုပ်ပါနဲ့၊ တစ်နှစ်ကျော်ကျော်လောက် စာမတတ်သူ ပပျောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်ကြားရတယ်၊ ဒါဟာ အင်မတန် ခက်ခဲနက်နဲတဲ့ ပြဿနာဘဲ၊ တောမှာရော မြို့မှာရော ပညာမသင်ရတဲ့ လူတွေအများကြီးရှိတယ်၊ ကျန်းမာရေး မှာလဲ အများကြီးလိုတယ်၊ ဒီလူတွေကို ခင်ဗျားတို့က ကျန်းမာရေးလုပ်ငန်းတွေ လုပ်ပေးပါ၊ ကျန်းမာရေးဟာ တဖြည်းဖြည်း ဆိုးလာတယ်။ ဒီကျန်းမာရေးကို မလုပ်ရင် ရောဂါကပ်တွေ ဆိုက်ရောက်နေမယ်။ အဲဒါတွေ လုပ်စမ်းပါ။

ဒါမှ ဒီစစ်ကြီးမှာ ဗမာပြည်က ဗမာ့လွတ်လပ်ရေးဟာ ခိုင်ခိုင်မာမာရတဲ့ လွတ်လပ်ရေး ဖြစ်နိုင်တယ်။ အနာခံမှ အသာစံရမယ်၊ လူငယ်တွေ လုပ်ကြစမ်းပါ၊ လူကြီးတွေကတော့ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ လူငယ်တွေက၊ ကချင်နယ်တွေ၊ ချင်းနယ်တွေ၊ ရှမ်းနယ်တွေ သွားရောက်ပြီး လူမျိုးရေး၊ ယဉ်ကျေးမှုတွေအတွက် အနစ်နာခံပြီး ပြုပြင်ပေးကြပါ။ သူတို့လိုထိုင်၊ သူတို့လိုနေ၊ သူတို့လို ပြောတတ်အောင် လုပ်ကြပါ။ ဒီဘက်က သေသေချာချာ ခိုင်မာအောင် လုပ်ကြစမ်းပါ။ ဒီလိုဆိုရင် ကျွန်တော်တို့ သေသေချာချာ ဒီစစ်ကြီးမှာ နိုင်မှာဘဲ၊ အချိန်ဟာ မရှိဘူးဆိုပေမဲ့ ရှိသင့်သလောက် ရှိပါသေးတယ်။ အချိန်ရှိသလောက် လုပ်နိုင်သမျှ လုပ်ကြစမ်းပါ၊ အခြေစိုက် လုပ်ငန်းများ လုပ်မှ အခြေခိုင်မှာ၊ လူငယ့်လုပ်ငန်းအနေနဲ့ အဲဒီလို အခြေစိုက်လုပ်ငန်းတွေကို အနစ်နာခံပြီး လုပ်ကြပါတော့လို့ ကျွန်တော်နောက်ဆုံး ပြောကြားရင်း နိဂုံးချုပ်ခဲ့ပါတယ်။

Last Updated ( Tuesday, 14 August 2012 21:25 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ