?????????????????????? ???? ?????????????? ??????? ??????? ???????
ဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော် (ခေတ်လူငယ်များ၏ မှတ်စု ဂျာနယ်မှ ကူးယူဖေါ်ပြပါသည်)
ဗိုလ်ချုပ်သည် ဘယ်ကိုမျှ မကြည့်ဘဲ စားပွဲပေါ်တွင် စာရွက်တွေတထွေးကြီးခင်းကာ စာကုန်းရေးနေသည်ကို တွေ့လိုက်ကြသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အဝတ်အစားမှာ ဗိုလ်ချုပ်နှင့် ထိုက်သင့်သော စစ်ဝတ်စုံအဟုတ်ပေ။ အစိမ်းရင့်ရောင် ရှပ်လက်တိုကို မြင်းစီးဘောင်းဘီရှည်နှင့် စစ်ဖိနပ်တစ်ရံကို စီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။
စားပွဲထောင့် တစ်နေရာတွင် မြန်မာ့လွတ်လပ်ရေး တပ်မတော်ခေတ်တစ်လျှောက်လုံး ဆောင်းလာသည့် ဂျပန်အရာရှိများ ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကို တွေ့ရသည်။ အခန်းထောင့်တွင် ဂျပန်ဓားရှည် တစ်လက်ကို ထောင်ထားသည်။ ဗိုလ်ချုပ်၏ ဆံပင်မှာ ဆီနှင့်ကင်းဝေးနေပြီး ဖြီးလိမ်းခြင်း မပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ ဗိုလ်ချုပ်၏ စစ်ဝတ်စုံမှာလည်း ရာသီဥတုဒဏ်ကြောင့် အဖြူရောင် ရောနှောကာ ဟောင်းနွမ်းနေပြီလေ။
ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့် သူတို့နှစ်ဦးလည်း အနှောင့်အယှက် မပေးလိုသဖြင့် ပြောလက်စ စကားကို ဆက်မပြောတော့ပေ။
သို့သော် အပြင်တွင် ပစ္စည်းသေတ္တာများကို သယ်ချနေသော ရုံးတာဝန်ခံ၊ ပစ္စည်းထိန်းဌာန အရာရှိများ၊ အကြပ်တပ်သားများသည် စည်းလွတ်ဝါးလွတ်ပြောချင်ရာ စကားများကို ကျယ်ကျယ်လောင်လောင် ပြောနေကြသည်။ သူတို့ လူစုသည် ဗိုလ်ချုပ်ရုံးပြန်တက်ပြီး သူ့အခန်းအတွင်း အလုပ်လုပ် နေသည်ကို လုံးဝသိပုံမရပေ။ သတိပြုမိပုံလဲမရပေ။
“ဒီလောက်ကြမ်းတဲ့ အဝတ်တွေဝတ်ရတာ ကျောယားလိုက်ပါဘိကွာ။ အိမ်မှာတုန်းက တစ်ခါမှတောင် စိတ်မကူးခဲ့တဲ့ ယူနီဖောင်းတွေ၊ လက်တောင်မသုတ်ခဲ့တဲ့ အဝတ်ကြမ်းတွေကွာ”
ရဲဘော် တစ်ယေက်က ကျယ်ကျယ်လောင်လောင်နှင့် ရယ်မောကာ ပြောလိုက်သည်။ ဗိုလ်ချုပ်သည် စာရေးနေရာမှာ ရုတ်တရက် ရပ်လိုက်ပြီး မျက်တောင်မခတ်တမ်း တစ်ဖက်အခန်းမှ စစ်ဝတ်စုံအကြောင်းပြောဆိုနေကြသည်ကို နားစိုက်ထောင်နေသည်။
“ချီးမှပဲ တို့မျှော်လင့်ခဲ့သလို စမတ်ကျကျမဟုတ်ဘဲ လူရယ်စရာ အဝတ်ကြမ်း၊ ဖျင်ကြမ်းကြီးတွေနဲ့ လာတိုးနေပြီ။ ကောင်းတယ်ကွာ သိပ်ကောင်း။ ကူလီဝတ်တဲ့ အဝတ်မျိုးတွေကွ”
တစ်ယောက်ကဝင်ပြီး ပြောလိုက်သည်။ ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက် တင်းမာခက်ထန်သွားလေသည်။ မျက်လုံးနှစ်လုံးကလည်း အရောင်တွေဝင်းဝင်းတောက် ဒေါသထွက်နေသည်။
“ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့ စစ်ဝတ်စုံဝတ်ပြီး မြို့ထဲသွားရင် ဂျပန်တပ်က ခိုင်းတဲ့ဟေးတိုး တပ်သားတွေထင်ပြီး ဂျပန်တပ်က တန်းခိုင်းမှာ သေချာတယ်။ မင်းတို့သာ ကြည့်ပြောပြပေတော့။ ဘယ်လိုအဝတ်အစားတွေ မှန်းမသိပါဘူးကွာ”။
ဗိုလ်ချုပ်အောင်ဆန်း
တစ်ဖက်အခန်းမှ အသံများကလဲ မလျှော့တမ်း ဟာသ စွက်ကာ ပြက်လုံးထုတ်လိုက်ပြန်သေးသည်။ ဗိုလ်ချုပ်သည် တွေဝေပြီး မျက်လုံးစုံမှိတ်ကာ စဉ်စားနေသည်။ ဒေါသဖြစ်နေရာမှ ဗြုန်းခနဲလုပ်ပြီး “ဟေ့…တာရာ ဟိုဘက်က စကားပြောနေတဲ့ အကောင်တွေအားလုံး ငါ့ဆီ အမြန်ဆုံးခေါ်ခဲ့စမ်း၊ မြန်မြန်ကွ”
အော်ငေါက်ကာဗိုလ်တာရာအား လှမ်းပြီး အမိန့်ပေးသည်။ ပါးစပ်သရမ်းနေကြသော ရဲဘော်များသည် သူတို့ခေါင်းမီးလောင်တော့မည့် အခြေအနေကို လုံးဝမရိမ်မိဘဲ စစ်ဝတ်စုံများ၏ အခြေအနေကို ဝေဖန်ရင်း ပြက်လုံး ထုတ်နေကြသည်။
ဗိုလ်တာရာလည်း တစ်ချိုးထဲသွားရောက်ကာ အခန်းတွင်း သေတ္တာကြီးများကို ဖွင့်ကာ ဝတ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့်ဗိုလ်၊ အကြပ်တပ်သားအားလုံးကို ဗိုလ်ချုပ်၏အမိန့်အရ ဗိုလ်ချုပ်အခန်းထဲသို့ တစုတရုံးတည်း ခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်း စစ်ထုံးစံအတိုင်း ဗိုလ်ချုပ်ကို အလေးပြုကာ အမိန့်အတိုင်း ခေါ်ဆောင်လာပြီးဖြစ်ကြောင်း သတင်းပို့ကာ အလေးပြုနေစဉ်ပင် “မင်းတို့ ဘာကောင်တွေတုန်းကွ၊ ဟေ့…. ငါမေးနေတာမကြားဘူးလား” စူးစူးဝါးဝါးမေးမြန်းလိုက်သည်။
ဗိုလ်ချုပ်၏ အသံသည် စစ်ဌာနချုပ် တစ်ခုလုံးလွှမ်းမိုးသွားသည်။ သူတို့သည် ကြောက်နေကြပြီး မှင်သက်မိသူများပမာ တစ်စုံတစ်ရာကို မပြောဝံ့ကြပေ။ သတိအနေဖြင့် ငြိမ်သက်စွာ ရပ်နေကြသည်။ “ပြောကြစမ်း၊ မင်းတို့ ဘာကောင်တွေတုန်း။ ငါမေးနေတာ မင်းတို့မကြာင်းဘူးလား။ ခုတင်က မင်းတို့ရယ်လားမောလားနဲ့ ပြောနေကြတာတွေလေ” ဗိုလ်ချုပ်သည် နောက်တစ်ကြိမ် စူးစူးဝါးဝါးအော်ဟစ်ကာ မေးလိုက်ပြန်သည်။ အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေနှင့် အနည်းငယ် တုန်လှုပ်နေကြသည်။
| < Prev | Next > |
|---|

