ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း
ကျွန်တော်သည် မန္တလေးမြို့တော် စည်ပင်သာယာရေး ၀န်ထမ်းတစ်ဦးဖြစ်ပါသည်။ မန္တလေးမြို့တော်ဝန်၏ နိုင်ငံတော်နှင့် စည်ပင်ဝန်ထမ်းများအပေါ် လုပ်ရပ်များကို မန္တလေးတိုင်း ၀န်ကြီးချုပ်ထံသို့ အကြိမ်ကြိမ်တိုင် ကြားခဲ့ပြီးဖြစ်ပါသည်။ သို့ရာတွင် ၀န်ကြီးချုပ်ထံပေးပို့သော တိုင်စာများမှာ အကြောင်းကြောင်းကြောင့် မရောက် ရှိခြင်း၊ အချို့ရောက်ရှိသောစာများကိုလည်း ၀န်ကြီးချုပ်အနေဖြင့် အရေးယူဆောင်ရွက်ခြင်း မရှိသည့်အတွက် စည်ပင်ဝန်ထမ်းများနှင့် မြို့နေလူထုကိုယ်စား သိရှိစေရန် ပေးပို့လိုက်ရပါသည်။
ပြည်သူ့လွှတ်တော် ဥက္ကဌကြီးမှ ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ပြောကြားခဲ့တဲ့ အဆိုအရ လာဘ်စားမှုတွေကို တိုက်ဖျက်ဖို့အတွက် လာဘ်စားသူတွေကို ထိထိရောက်ရောက် အရေးယူ ရမယ်ဆိုတာကြောင့် ၀မ်းသာကြည်နူးမိပါသည်။ အမှန်တကယ်လည်း အရေးယူဆောင်ရွက်လိမ့်မည်ဆိုသည့် မျှော်လင့်ချက်ဖြင့် အလွန်ဆိုးရွား နာမည်ကြီးနေသူတစ်ဦးကို တိုင်ကြားလိုပါသည်။ ထိုသူ၏ လုပ်ဆောင်ချက်များကို အထောက်အထား၊ လူသက်သေ၊ ပစ္စည်းသက်သေများနှင့် ဖော်ပြတိုင်ကြားခဲ့ပါသော်လည်း ယနေ့အထိ ပြည်သူလူထုနှင့် လက်အောက် ၀န်ထမ်းများအပေါ် မောက်မာရိုင်းစိုင်းစွာဖြင့် ပြုမူဆက်ဆံနေသူ နိုင်ငံ့ဝန်ထမ်းတစ်ဦး ၏အခြေအနေမှန်ကို ဥက္ကဌကြီးသိစေချင်ပါသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မဟုတ်ဘဲ ဥက္ကဌကြီးပြောကြားသကဲ့သို့ မတရားသဖြင့် လောဘဇောတိုက်ပြီး ကိုယ်ကျိုးရှာ အကျင့်ပျက် ၀န်ထမ်းများကို အရေးယူ၍ စံနမူနာပြ ဆောင်ရွက်စေ လိုသည့် သဘောဖြင့် လူတကာသိသည့် အကြောင်းအရာများကို ထပ်မံပေးပို့ ဖော်ပြအပ်ပါ သည်။
မန္တလေးမြို့တော်ဝန် ဦးဖုန်းဇော်ဟန်သည် မြို့နေလူထုထံမှ လာဘ်စားခြင်း၊ တပည့်မွေးခြင်း ကိစ္စရပ်များ သည် လူတကာသိသောကိစ္စရပ်များဖြစ်ပါသည်။ မြို့တော်ဝန်၏ တဖက်စောင်းနင်း အရေးယူမှုကြောင့် ၀န်ထမ်းပေါင်း (၇၀)ဖြုတ်၊ ထုတ်၊ သတ်လုပ်ခဲ့သော်လည်း ၀င်ငွေရရှိနိုင်သောနေရာများတွင် သူ့တပည့် စစ်ဗိုလ်ဟောင်းများကို တာဝန်ပေးပြီး ကိုယ်ကျိုးစီးပွားရှာနေခြင်းမှာ အောက်ခြေ၀န်ထမ်းများအနေဖြင့် အလွန်အင်မတန် ဒုက္ခရောက် ကြရပါသည်။ တိုင်စာများအကြိမ်ကြိမ်ပေးပို့ခဲ့သော်လည်း အရေးယူခံရခြင်းမရှိသဖြင့် ၎င်း၏တရားမ၀င် ပိုင်ဆိုင်မှု များသည် တရားဝင်ရယူပိုင်ဆိုင်ခွင့် သဘောသက်ရောက်နေပြီး ၎င်း၏လုပ်ရပ်များမှာ လွန်မင်းစွာ ဆိုရွားလာ ပါသည်။

မြို့တော်ဝန် ဗိုလ်မှူးချုပ်ဟောင်း ဘုန်းဇော်ဟန်( ဦးမောင်အေးရဲ့ ဘယ်ဘက် ကပ်ရက် ဘောင်းဘီဝတ် လူ)
ဦးဖုန်းဇော်ဟန်သည် ၂၀၀၅ ခုနှစ်တွင် ဈေးချို ဟိုတယ် ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးသိန်းသန်းကို ကတ္တရာသွင်းရန်တွက် ကြိုတင်ငွေ သိန်း(၄၀၀၀) ထုတ်ပေးခဲ့ပါသည်။ ဦးသိန်းသန်းသည် ဗိုလ်မှူးဟောင်း တစ်ယောက် ဖြစ်သည်ဟုသိရပါသည်။ ပထမပိုင်းတွင် ဦးသိန်းသန်းကို ထုတ်ပေးခဲ့ပြီး နောက်ပိုင်းတွင် ကတ္တရာသွင်း သည့်လုပ်ငန်းကို မြို့တော်ဝန်၏ ယောက်ဖဖြစ်သူ ကိုဖြိုးနှင့်သာ လုပ်ကိုင်ခဲ့ပြီး ကြိုတင်ငွေ သိန်းပေါင်း(၃၅၀၀၀) ထုတ်ပေးခဲ့ပါသည်။ လုပ်ထုံးလုပ်နည်း အရဆိုပါက တင်ဒါခေါ်ရပါမည်။ တင်ဒါရသော ကုမ္ပဏီမှ ကုမ္ပဏီပိုင်ငွေဖြင့် နိုင်ငံခြားမှ ကတ္တရာတင်သွင်းရပါမည်။ မန္တလေးစည်ပင်ရောက်မှသာ ဖွင့်ဖောက်စစ်ဆေးရေးဘုတ်အဖွဲ့ဖြင့် စစ်ဆေးလက်ခံပြီးမှသာ ငွေပေးချေရသည့် စနစ်ဖြစ်ပါသည်။သို့ရာတွင် တင်ဒါမခေါ်ဘဲ စည်ပင်ပိုင်ငွေကို ယောက်ဖအား ကြိုတင်ပေးပြီး ထိုငွေဖြင့် ၀ယ်သောကတ္တရာများကို အမြတ်တင်၍ စည်ပင်သို့ပြန်သွင်းခဲ့ပါသည်။ သို့ဖြစ်၍ ကိုဖြိုးသည် အရင်းအနှီးမရှိ သော်လည်း သိန်းထောင်ပေါင်းများစွာ အမြတ် ရရှိခဲ့ပါသည်။
မန္တလေးမြို့တော်တွင် လမ်းများကောင်းမွန်လာသော်လည်း လမ်းများကောင်းမွန်လာရသည့်အကြောင်းကို ပြောပြလိုပါသည်။ မြို့တော်စည်ပင်ဝင်ငွေ၏ ၄၀%အား လမ်း၊တံတား ဌာနများအတွက် အသုံးပြုပါသည်။ မြန်မာ့ရွှေသီးနှံ၊ Mother Love၊ K-M-T ကုမ္ပဏီများသည် မြို့တော်ဝန်ပိုင်သော ကုမ္ပဏီများဖြစ်သောကြောင့် စည်ပင်က ဘာပစ္စည်းဝယ်ဝယ် ရွှေသီးနှံ ကုမ္ပဏီသို့ချပေးပြီး ကတ္တရာတင်သွင်းခွင့်ကဲ့သို့သော အမြတ်ကြီးမားသည့် ပါမစ်များကို ၎င်းကုမ္ပဏီ သုံးခုကသာ လုပ်ဆောင်ခွင့်ရရှိခဲ့ပါသည်။
မြို့တော်ဝန် ဦးဖုန်းဇော်ဟန်အတွက် နန်းတော်တမျှ ခမ်းနားထည်ဝါစွာဆောက်လုပ်ပေးနေသည့် ဒေါ်ခင်မေဌေး ကို အခြားသူများထက် မျက်နှာသာပေးလျက်ရှိပါသည်။ လမ်း၊ တံတား တာဝန်ခံများ အားလုံး၏ Estimate အား လမ်း၊တံတားများ ဆောက်လုပ်မှုအတွက် အခြားကန်ထရိုက်များ၏ Estimateများကို ဖြတ်တောက် ခဲ့သော်လည်း ဒေါ်ခင်မေဌေး တင်ပြသော Estimate များကို လုံးဝဖြတ်တောက်ခြင်းမပြုဘဲ Percentage ရယူခဲ့သည်ကို စစ်ဆေးကြည့်ပါက သိရှိနိုင်ပါသည်။ မန္တလေးမြို့ပေါ်ရှိ လမ်းခင်းခြင်းလုပ်ငန်းများသည် မြို့တော်ဝန်၏ အဓိက စီးပွားရေး လုပ်ငန်းတစ်ရပ်သဖွယ် ဖြစ်နေပါသည်။ လမ်းအတွက်လိုအပ်သည့် ကတ္တရာများကို စည်ပင်ငွေဖြင့် ၀ယ်ယူပြီး အသားတင် အမြတ်တင်ဝယ်ယူသည့် နည်းလမ်းမှာ အလွန်ရိုးရှင်းလှပါသည်။ လမ်းအားလုံးအတွက် လိုအပ်သည့် ကျောက်သွင်းခြင်းများကိုလည်း ကော်မတီမှ ချုပ်ကိုင်ထားသော်လည်း နောက်ကွယ်က ကော်မတီကို ထပ်မံချုပ်ကိုင် ထားသူသည် မြို့တော်ဝန်သာ ဖြစ်သဖြင့် ကျောက်ကျင်းများကို ပေးချေရသော ငွေများအားလုံးသည် ချုပ်ကိုင်ထားသူ မြို့တော်ဝန်အတွက်သာ ဖြစ်နေပါသည်။
အမရပူရကားကြီးကွင်း အဆောက်အဦများကန်ထရိုက်ကို မြို့တော်ဝန်၏ ယောက်ဖတော်သူကို လုပ်ကိုင် ခွင့် ပေးထားပါသည်။ ကားကြီးဝင်းပွဲရုံတန်း ၆၇ လမ်းနှင့် ၆၈ လမ်းကြားတွင် ဦးဖုန်းဇော်ဟန်ပိုင် မြေကွက် ၂၁ ကွက်ရှိပါသည်။ ကာလပေါက်ဈေးမှာ တစ်ကွက်လျှင် သိန်း(၂၅၀၀)ကျော်တန်ဖိုးရှိပါသည်။ မန္တလေးစည်ပင်မှ ရောင်းချသည့် မြေကွက်၊ တိုက်ခန်းများတွင် သူ့အတွက် ရာခိုင်နှုံးတင်ပြီး ရောင်းချသလို တခြားက၀ယ်လျင် ဈေးကြီးပြ ၀ယ်လေ့ရှိသော ဦးဖုန်းဇော်ဟန်သည် မန္တလေးမြို့နေပြည်သူများ၏ အခွန်အခများပေါ်မှလည်း ဂုတ်သွေးစုပ် နေကြောင်းကို ထင်ထင်ရှားရှားကြီး မြင်တွေ့နေရပါသည်။ နိုင်ငံတော်သမ္မတကြီး၏ ကောင်းမွန်သော အစိုးရ ဖြစ်ရမည် ဆိုတာကိုလည်း မသိကျိုးကျွန်ပြု၍ ဥပဒေကို လက်တလုံးခြားလုပ်နေပါသည်။
မြို့တော်ဝန်ဖြစ်စက ပြည်သူ့ထံမှ လာဘ်မစားဘူး ဟု ကြွေးကြော်ခဲ့သော ဦးဖုန်းဇော်ဟန်သည် ယခုအခါ ပြည်သူထံမှ လာဘ်စားယုံမက ၊နိုင်ငံတော်ပိုင်ငွေကြေးများကိုလည်း အလွဲသုံးစားပြုလုပ်နေပါသည်။ မြို့တော်ဝန် သည် ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ချမ်းအေးသာဇံမြို့နယ် အမတ်တစ်ဦးဖြစ်သဖြင့် ၎င်း၏ ပြည်သူလူထုအပေါ် ဆိုးရွားစွာ ပြုမူဆောင်ရွက်ချက်သည် ပါတီ၏ ဂုဏ်သိက္ခာအား ထိခိုက်လျက်ရှိပါသည်။ တိုင်းကြံခိုင်ရေးပါတီ အနေဖြင့်လည်း ပါတီအမတ်လောင်းနိုင်ဖို့အတွက် အစွမ်းကုန်ဆောင်ရွက်ပေးခဲ့သော်လည်း ပါတီအကျိုးကို မကြည့်ဘဲ ကိုယ်ကျိုးစီးပွားတစ်ခုတည်းသာ ကြည့်ခဲ့ပါသည်။ ဦးဖုန်းဇော်ဟန်၏ လုပ်ရပ်များကြောင့် ပါတ်ီဝင်များ လည်း ဂုဏ်သိက္ခာများစွာကျဆင်းလျက်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲ စည်းရုံးရေးလုပ်ငန်းများတွင် ထိခိုက်လျက် ရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မန္တလေးလာရောက်ခဲ့ပါက ဦးဖုန်းဇော်ဟန်၏လုပ်ရပ်များကိုထောက်ပြ၍ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအပေါ် နိုင်ငံရေး တိုက်ကွက်တစ်ခုအနေနဲ့ တိုက်လာမှာစိုးရိမ်ရပါသည်။ ကြံခိုင်ရေးပါတီက ပြည်သူ့ ဆက်ဆံရေး တာဝန်ယူထားရတဲ့ သူတွေကလည်း ဦးဖုန်းဇော်ဟန်ရဲ့လုပ်ရပ်တွေကို ဖုံးဖုံးဖိဖိတင်ပြနေရ သဖြင့် ပါတီခေါင်းဆောင် ကြီးများမှ အဖြစ်မှန်မသိဟု ယူဆပါသည်။ မန္တလေးမြို့တော်ရှိ သံဃာတော်တွေအပါအ၀င် ပြည်သူတွေကိုယ်တိုင် ကလည်း လိုလိုလားလား မရှိခြင်း၊ ဌာနတွင်းမှာလည်း မကြိုက်ရင် မကြိုက်သလို ဖြုတ်တာ တွေ ၊ထုတ်တာတွေ ရှိလာခြင်းများအတွက် ဘယ်သူ့အားကိုးနဲ့ မိုက်မှန်းမသိအောင် မိုက်နေသည်ကို နားမလည် အောင်ဖြစ်ရပါသည်။
မြို့တော်ဝန်သည် ယခုတင်ပြခဲ့သောကိစ္စများထက် အလွန်ဆိုးရွားသည့် ကိစ္စများရှိနေပါသေးသည်။ စုံစမ်း စစ်ဆေးကြည့်ပါက မြို့တော်ဝန်ပိုင်ဆိုင်မှုသည် စစ်တပ်မှ အရေးယူခံရသော တိုင်းမှူးဟောင်း ဗိုလ်ချုပ်တင်ငွေ၏ ပိုင်ဆိုင်မှုထက် အဆ(၂၀)ခန့်သာလွန်မည်ဖြစ်ပါသည်။ ၀န်ကြီးချုပ်နှင့် နိုင်ငံတော် အကြီးအကဲများထံ အဖြစ်မှန်နှင့် ပြည်သူများခံစားနေရမှုများကို စာဖြင့်ရေးသား တင်ပြတိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာ စုံစမ်းစိစစ်ခြင်းမရှိသဖြင့် ပြည်သူ့လွှတ်တော်သို့ အိတ်ဖွင့်ပေးစာ ထပ်မံပေးပို့ရခြင်းဖြစ်ပါသည်။
စည်ပင်ဝန်ထမ်းတစ်ဦး
| < Prev | Next > |
|---|

