စာဖတ်ပရိတ်သတ်များ ခင်ဗျား
စည်းလုံးခြင်းရဲ့ အင်အားမှ ပင်တိုင် ဆောင်းပါးရှင် ပြည်တွင်းက တပ်မတော် အရာရှိ ညီတိုးငြိမ်း ပေးပို့ လာတဲ့ အမေစု မွေးနေ့ မြင်ကွင်းအား စာဖတ် ပရိသတ်များ ဗဟုသုတ ရရှိစေရန် ဒီကနေ့ တင်ပြ ပေးလိုက် ပါတယ်။ ဒီကိုယ်တွေ့ကို ဖတ်ရူပြီး ကိုယ်တိုင် သွားရောက် နေရသလို ခံစား ရရင်း ယုံကြည်ချက် ခံယူချက် ပြင်းပြ စွာနဲ့ မကြောက် မရွံ့ လုပ်ကိုင် နေကြသော ပြည်တွင်းက ဒီမိုကရေစီ အင်အားစုများ အားလည်း လေးစားစွာ ဦးညွတ် ဂုဏ်ပြု လိုက်ပါတယ်။ ကိုညီတိုးငြိမ်း လိုလားတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံ သားအားလုံး ညီညွတ်ရေး၊ တိုးတက် ရေးနဲ့ ငြိမ်းချမ်းရေး တို့အတွက် စည်းလုံး ညီညွတ်စွာနဲ့ အားသွန် ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြ ပါစို့လို့ အမေစု မွေးနေ့မှာ သစ္စာပြု တိုက်တွန်း နှိုးဆော် လိုက်ပါတယ် ခင်ဗျား။
လူထုခေါင်းဆောင်၊ အမျိုးသားနိုင်ငံရေးနဲ့ အတ္တ၀ါဒီ တစ်စု
ဆောင်းပါးရှင် – ညီတိုးငြိမ်း (ပြည်တွင်းမှ တပ်မတော် အရာရှိ တစ်ဦး)
ညီတိုးငြိမ်း ယနေ့ အနောက် ရွှေဂုံတိုင်လမ်း NLD ဌာနချုပ် ရှိရာသို့ သွားခဲ့သည်။ သွားရခြင်း ရည်ရွယ်ချက်မှာ ညီညွတ်ရေး တိုးတက်ရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အတွက် ပြည်တွင်းမှ မူဝါဒမတူ သဘော ကွဲလွဲလျက် ရှိသော NLD အဖွဲ့နှင့် အာဏာပိုင် အဖွဲ့အစည်းတို့ အကြား တင်းမာမှု အခြေအနေ များကို ပြည်သူပြည်သား တစ်ယောက် အနေနှင့် သွားရောက် လေ့လာခြင်းလည်း ပြုလို၍ ဖြစ်သည်။ ထို့အပြင် ယနေ့ ကျရောက်သော မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အခမ်း အနားကို တက်ရောက် အားပေး လို၍လည်း ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရုံးချုပ်
မနက်ပိုင်း ၁၁ နာရီ ကျော်ခန့်မှာ ကျနော် ရောက်သွား၍ မွေးနေ့ အထိမ်းအမှတ် လှောင်အိမ်စံ ငှက်ငယ်များ ချိုးငှက်များ လွှတ်ခြင်း အစီအစဉ်များကို မမှီတော့။ သို့ဖြင့် ရုံးချုပ်ပြင်ပမှ ပါတီဝင် လူအုပ်ကြီးထဲ ၀င်ရပ်ကာ မွေးနေ့ အစီအစဉ် အဖြစ် အတွင်းမှ ပြောဟောနေသံများအား စပီကာ ဆောင်းဘောက်စ်မှ တဆင့် နားထောင်နေမိသည်။ ကျနော် ရောက်ချိန်တွင် ဒေါ်ခင်ဝင်းမြင့်မှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် အကြောင်းအရာ တို့ကို ဟောပြောနေသည်။ ခဏအကြာတွင် လူငယ် အမျိုးသမီး မတင်စန်းက ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း ကောက်နှုတ်ချက်များကို ဖတ်ကြား၏။
ကချင် အမျိုးသမီးလေး မတင်စန်းက စကားသံဝဲ၀ဲ လေးဖြင့် ဖတ်ကြားသွားသော မိန့်ခွန်း ကောက်နှုတ် ချက်များ အနက် ကနဦး ကြားရသည်မှာ လူထု ခေါင်းဆောင် ပြောကြား ခဲ့သော လွတ်လပ်ရေး ရယူခဲ့စဉ်က တိုင်းရင်းသား လူမျိုးစုများ အားလုံး ညီညီ ညွတ်ညွတ် ဖြင့် လွတ်လပ်ရေးကို ရယူခဲ့ပုံ။ ငါက ကရင်၊ ငါက ဗမာ၊ ငါက ကချင် ဆိုတဲ့ စိတ်ဓါတ်တွေ မထားဘဲ အားလုံး ညီညီညွတ်ညွတ် တစိတ်တ၀မ်းထဲ လုပ်ခဲ့လို့ တိုင်းပြည် လွတ်လပ်ရေး ရခဲ့တယ် ဆိုတဲ့ အကြောင်းများကို ဒေါမော ဟန်မာန်ပါပါ ဖြင့် ဖတ်ကြားသည်။ ပရိတ်သတ်တို့သည် တိတ်ဆိတ် ငြိမ်သက်စွာ နားထောင်နေကြသည်။
ရုံးအပြင်ဘက်သို့တိုင် လျှံထွက်လာသော အသံသည် ရုံးရှေ့ လမ်းတဘက်ခြမ်းတွင် စုဝေးနေသော စုံစမ်းရေး ထောက်လှမ်းရေး အဖွဲ့များ လုံခြုံရေး အဖွဲ့ဝင်များသို့ ထိတိုင် ပျံ့လွင့်နေသည်။ ကျနော် သတိထားပြီး လမ်းတဘက်မှ မှုန်ကုတ်ကုတ် လူများ ရှိရာကို အထူး အာရုံစိုက်ကြည့်မိသည်။ အချို့သည်သာ ကင်မရာ တဆဆ လက်ကိုင်ဖုန်း တပြောပြော။ စကားပြောစက် တတွီတွီနဲ့ အလုပ်ရှုပ်နေသော်လည်း အများစုမှာ ရုံးချုပ်အတွင်းမှ ပျံ့လွှင့် လာနေသော အသံတို့ကို အာရုံစိုက် နားထောင်နေကြသည်။ ပြန်လည် သတင်းပို့ရမည်မို့ မှတ်သားနေသည်လား။ သို့မဟုတ် ပြောကြားနေသော စကားလုံး အဓိပ္ပါယ်ကိုက ၀န်ထမ်းဖြစ်သော သူတို့ ဘ၀အတွက် ထိရောက်သော အကျိုးဖြစ်ဖွယ် မိန့်မှာချက်များ၊ အားတက်စဖွယ် အနာဂတ် ညွှန်ပြချက်တို့ ပါနေ၍များ နားစိုက်ထောင် နေသလား အဆိုပါ လုံခြုံရေး ၀န်ထမ်းတို့သာ သိပေလိမ့်မည်။
“နိုင်ငံရေး လုပ်တယ် ဆိုတာ လမ်းပေါ်မှာ ထွက်ပြီး ဆန္ဒပြမှ နိုင်ငံရေး လုပ်တာ မဟုတ်ပါဘူး။ ကိုယ်လိုချင်တဲ့ အခြေအနေဖြစ်ဖို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်နိုင် ရမယ်´´ “ကျမတို့ လုပ်နေတယ်ဆိုတဲ့ နိုင်ငံရေးဟာ အမျိုးသား နိုင်ငံရေးပါ။ အမျိုးသား နိုင်ငံရေးဆိုတာ ဒီနိုင်ငံမှာ ရှိတဲ့ နိုင်ငံသူ နိုင်ငံသားများ အားလုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ဖြစ်ပါတယ်။ ဒါကြောင့် ကျမတို့ အားလုံး လက်တွဲပြီးတော့ ကျမတို့ နိုင်ငံသာယာ ၀ပြောရေး အတွက် အေးချမ်းရေးအတွက် အားလုံးတူညီ လုပ်ကြပါစို့´´ လို့ မိန့်ကြားခဲ့တဲ့ အကြောင်း ဖတ်ကြားပါသည်။
နောက်တခါ “ကျမ အမြဲတမ်း ပြောတယ် လူထုသာ ညီမယ် ဆိုရင် ဒီမိုကရေစီ မြန်မြန် ရမယ်။ လူထုသာ မညီဘူး ဆိုရင် ပိုပြီး ကြာမယ်´´ ဆိုတဲ့ အကြောင်း ပြောနေခိုက်မှာပဲ ရုံးရှေ့ အ၀င်ဝမှာ အနည်းငယ် ရုတ်ရုတ် သည်းသည်း ဖြစ်သွားသည်ကို တွေ့ရ၏။ ဖြစ်ပွားခြင်း အကြောင်း အသေးစိတ်ကို ကျနော် ကျောပေး ထား၍ မမြင်လိုက်ပေ။ ချက်ချင်း လှည့်ကြည့်လိုက်သော အခါ လမ်းတဖက်မှ ထောက်လှမ်းရေး လိုလို ဘာလိုလို ဘာမှန်း မသိရသော ညှင်းသိုးသိုး မျက်နှာပိုင်ရှင်တို့သည် လမ်းဤမှာဘက်ဆီရှိ ပါတီဝင် လူငယ်အဖွဲ့ဝင်များ လက်ချင်းချိတ် ၀န်းရံကြိုဆိုနေသော အ၀င်ဝရှိ လူတစ်ယောက်အား အသည်းသန် အလုအယက် ဓါတ်ပုံများ ၀ိုင်းရိုက်ပြီး လူမိုက်များ ဟန်ပန်ဖြင့် လမ်းမပေါ်တွင် ကန့်လန့်ရပ်ကာ ထင်သလို ပြုမူနေ သောကြောင့် လူတွေ ကားတွေ ပိတ်ဆို့ကာ ရုတ်ရုတ် သဲသဲ အနည်းငယ် ဖြစ်သွား၏။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ ရုံးချုပ်
ခနတွင်းချင်းပင် ပြန်ငြိမ်သက်သွားပြီး အခမ်းအနားမှ အသံများ ဆက်လက် ပျံလွင့်နေပြန်ပါသည်။ အပြင်ဘက် သစ်ပင်ရိပ်အောက်တွင် ပါတီအဖွဲ့ဝင်များ ပျားပန်း ခပ်မျှ တိုးဝှေ့နေသည်။ အချို့က အချင်းချင်း စကားပြော နေသည်။ အချို့က အ၀င်ဝ နံဘေး စားပွဲ နှစ်လုံးဖြင့် ခင်းကျင်း ရောင်းချ ပေးနေသော ဗိုလ်ချုပ် အောင်ဆန်းနှင့် ဒေါ်အောင်ဆန်းစုကြည် ဓါတ်ပုံပါ ရင်ထိုးလေးများကို အလုအယက် ၀ယ်ယူ နေကြသည်။ အချို့က အပြည်ပြည်ဆိုင်ရာ အမျိုးသမီး များနေ့ ကြေငြာ စာတမ်းကို ၀ယ်ယူ နေကြသည်။ အချို့ ဒေါ်အောင်ဆန်း စုကြည်၏ အတ္ထုပတ္တိပါ စာတမ်းငယ်ကို တိုးဝှေ့ ၀ယ်ယူနေကြသည်။ သမိုင်းတွင် ထင်ကျန် ရစ်မည့် စာတမ်းများ အမှတ်အသားများ ဖြစ်သောကြောင့် ခနချင်းပင် ကုန်သွားသည်။ ကျနော် သွားရောက်ချိန်တွင် မရှိတော့ပေ။
လမ်းတဘက် မွေ့ယာ ဆိုဖါ ကူရှင် ဆိုင်ကြီးနံဘေးမှ ကျောက်ဆည် ဓမ္မာရုံဟူသော သစ်လွင်တောက်ပ လှသည့် အဆောက်အဦး ၀င်းခြံကြီးထဲတွင် သာသနာရေးနှင့် လုံးဝ အပ်စပ်ခြင်း မရှိသော အခြင်းအရာတို့ လှုပ်လှုပ်ရွရွ ဖြစ်နေသည်။ စစ်ကား အချို့လည်း ရပ်ထားပြီး ခြံစည်းရိုး တလျောက် အုတ်ဘောင်ပေါ်တွင် စွမ်းအားရှင် အဖွဲ့ဟု ထင်ရသည့် အရပ်ဝတ် ပေစုတ်စုတ်များ ၀တ်ထားသည့် လူများက လူမိုက်များ ဟန်ပန်ဖြင့် လမ်းတဘက်မှ အခမ်းအနားဘက်ဆီသို့ ကြည့်နေကြသည်။ ရှေ့ပြေး ပွိုင့်ရဲကား နှစ်စီး အနောက်ခန်း ပေါ်တွင် စစ်ဖိနပ်များဖြင့် ကားဘောင်ပေါ် ခြေတင်ထားသော မူးယစ်ရီဝေ နေဟန်ရှိသည့် ရဲများက ငိုက်မြည်းသော အကြည့်များဖြင့် မွေးနေ့ အခမ်းအနားဘက် ကြည့်နေကြသည်။ ယာဉ်ထိန်း ရဲအရာရှိများက အမြည်းထုပ်လား စားစရာလား ဘာလား မသိသည့် အထုပ်များကိုကိုင်ရင်း ဓမ္မာရုံအတွင်း ခြေသံပြင်းပြင်း ၀င်ထွက် အလုပ်ရှုပ်နေကြသည်။

ဘယ်လိုပဲပြောပြော သာသနာ ဝေယျာဝစ္စ ပြုလုပ်ရန် ခေါင်းစဉ်တပ် ဆောက်လုပ်ထားသော ဤအဆောက်အဦကို ယနေ့ကဲ့သို့ လူထုနှင့် ပါတီတစ်ရပ်ကို ခြိမ်းခြောက် အင်အားပြ စောင့်ကြည့်သည့် လုံခြုံရေး အခြေစိုက် အဆောက်အဦးသဖွယ် အသုံးပြုသည်ကတော့ မတင့်တယ်လှပေ။ ကျနော့် စိတ်ထဲ သာသနာနှင့် မအပ်စပ်သည် လုံခြုံရေး စစ်ဖိနပ်သံများကို နားထောင်ရင်း မဆီမဆိုင် သွားသတိရမိသည်က နတ်ရှင်နောင်ခေတ်က သံလျှင်ရောက် ပေါ်တူဂီ လူမျိုး နိုင်ငံခြားသား ငဇင်ကာ ဘုရား ကြေးသွန်း ခေါင်းလောင်းကို အမြောက် သွန်းလုပ်ပစ်သည့် သာလွန်မင်းလက်ထက်က သမိုင်းဖြစ်စဉ်ပင်။
ကျနော် ရုံးချုပ် အ၀င်ဝတွင် ချိတ်ဆွဲထားသော ဓါတ်ပုံ ဗီနိုင်းပုံကြီးများကို လိုက်ကြည့်ရင်း ကြက်သီးများပင် ထမိသည်။ တည်ကြည်ခန့်ညားသော မျက်နှာပေးနှင့် ခန့်ထည်စွာ ရှိသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပုံကို ကြည့်ရင်း အခန်းတွင်းမှ ပျံလွင့်လာသော မိန့်ခွန်းကောက်နှုတ်ချက် များကို အာရုံစိုက်မိသည်။ “ကျမတို့ နိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေအားလုံး ညီညွတ်ဖို့ ဆိုရာမှာ အရေးအကြီးဆုံး လိုအပ်တာတစ်ခုက သဘောထားကြီးခြင်းပါပဲ။ သဘောထားကြီးရမယ်။ နားလည်မှု ရှိရမယ် သဘောထား မကြီးရင် ဘယ်လိုမှ နားလည်မှု မရှိနိုင်ပါဘူး။ ကျမတို့ အချင်းချင်း နားလည်မှု ရှိမှသာ ညီညွတ်မှု ရနိုင်မယ်´´ ထိုအချိန် လမ်းတဖက်မှ လူအုပ်သည် ငြိမ်သက်နေသယောင် ထင်ရသည်။ သူတို့လည်း သဘောထားကြီးခြင်းနှင့် နားလည်မှု ဆိုသည့် စကားလုံးတို့ အဓိပ္ပါယ်ကို အခိုက်တန့်မျှ စဉ်းစားနေခြင်းကြောင့် ဖြစ်မည် ထင်သည်။
သူတို့လည်း လူတွေ ဖြစ်ပါသည်။ သို့ပါသော်လည်း ကျနော် ကြည့်နေမိသလောက် လမ်းတဖက်ရှိ စည်းခြားနေဟန်ရှိသော လူအုပ်ထဲတွင် လူစိတ်လူပုံပေါ်သူ အနည်းငယ်သာ တွေ့ရပြီး အများစုမှာ လူစိတ်ပျောက် နေသည့်ဟန်။ လောဘဇော၊ ဒေါသဇောနှင့် မောဟ လွှမ်းနေသည့် ဟန်တို့ကိုသာ တွေ့ရသည်။ ခါးတွင် လက်နက် တစ်ခုခု ထည့်ထားဟန်ရှိသည့် လွယ်အိတ်ကိုယ်စီနှင့် လက်တွင် ဟမ်းဖုန်း ကိုယ်စီ ကိုင်ထားကြသည့် သူတို့သည် လုံခြုံရေး အဖွဲ့အစည်းက ဖြစ်သည် ဆိုသည့် ဟန်ပန်ကို လူသိထင်ရှား ဖြစ်စေလိုသည့် ပုံစံများ ဆောင်ထားကြသည်။
သို့သော်ငြား မျက်နှာကို လူမြင်သူမြင် မခံဝံ့သည့်နှယ် သူတို့ အများစုမှာ ဦးထုပ်များကို ခပ်ငိုက်ငိုက် ဆောင်းထားကြပြီး အဝေးမှသာ ပိုင်စိုးပိုင်နင်း ဟန်ပန်များဖြင့် စောင့်ကြည့်နေကြသည်။ သူတို့ ရှေ့တွင် ဆိုင်ကယ်များက ဖြစ်သလို ရပ်ထားသည်။ ရန်ကုန်မြို့တွင် ဆိုင်ကယ်စီးနင်း ခွင့်ရှိသူသည် အာဏာပိုင် အသိုင်းအ၀ိုင်းသာ ဖြစ်ချေသည်။ သေချာသည့် တစ်ခုမှာ သူတို့ အားလုံးသည် လူသတ်လက်နက်ကို ကိုင်စွဲထားသည့် မြန်မာ့တပ်မတော်၏ ကျောထောက်နောက်ခံ အမာခံ ချုပ်ထိန်းမှုအောက်တွင် ရှိနေသည့် လူထု အနီးကပ် စောင့်ကြည့် ထိန်းချုပ်ရေး တာဝန်ယူထားရသူ လုံခြုံရေး အဖွဲ့ဝင်များ ဖြစ်သည် ဆိုခြင်းပင်။ ကျနော်သည် အတွေးတစ်ခု ဖြတ်ကနဲ တွေးမိသည်။ သူတို့ မျက်နှာ သူတို့ ဒေါသ သူတို့ မာန တို့သည် သူတို့ ကိုင်ဆောင် ထားသော အဖျက်အားပြင်းသည့် လူသတ် လက်နက် သေနတ်များကြောင့် ဖြစ်နိုင်သည် ဟူသော အတွေးပင်။
ထိုသေနတ်များသည် လတ်တလောအားဖြင့် သူတို့ကို ဆန့်ကျင်နေသော လမ်းတဘက်မှ လူများအတွက် ခြိမ်းခြောက် ဖမ်းဆီးနှိမ်နှင်းရာတွင် သုံးရန် ကိုင်ဆောင်ထားသည် မှန်သော်လည်း တစ်နေ့သော တချိန်ကျလျှင် အတ္တစွဲကြီးသူ အချင်းချင်း မာန ပြိုင်သူ အချင်းချင်း၊ ဤ လူသတ် လက်နက်ကိုင်သူ အချင်းချင်း ပါဝါ တန်ခိုးများ ပြိုင်ဆိုင်လာကြမည် ဆိုလျင်လည်း ဤလက်နက်ဖြင့်ပင် သူတို့ အချင်းချင်းပစ်ခတ် ခြိမ်းခြောက် သတ်ဖြတ် လာနိုင်သည်ဟု ဆက်စပ်တွေးမိ လိုက်ခြင်းဖြစ်သည်။ အရပ်ဝတ် ရဲများ၊ စရဖများ၊ စသုံးလုံးများနှင့် စွမ်းအားရှင်များ အရောရော အနှောနှော ရှုပ်ထွေးနေသည့် လမ်းတဖက်ခြမ်းသည် သီးသန့် ကမ္ဘာမှ လူသားများနှယ် ဖြစ်ပြီး သူတို့ဘက်တွင် ထင်ရှားနေသည်က လက်နက်ကိုင် အဖွဲ့များ။ သိသာအောင် ပြထားသော သေနတ်များ။ နံပါတ်ဒုတ်များ၊ ဒေါသကြီးသော မျက်နှာများနှင့် အတ္တလွန်ကဲသော မျက်လုံးများ တို့ပင် ဖြစ်သည်။
ကျွန်တော် ရပ်နေရာဘက် အာရုံဝင်စားမိသော အခါ ရုံးတွင်းမှ မိန့်ခွန်းပြောနေသံများနှင့် အပြိုင် စကားဖေါင်ဖွဲ့နေကြသော ပါတီဝင် ကြီးငယ် လူလတ်တို့ အသံများဆီ အာရုံရောက်သွားသည်။ သူတို့ မျက်ဝန်းများဆီ ဂရုစိုက် ကြည့်မိသည်။ ဤမှာဘက်ခြမ်း အခမ်းအနားသို့ တက်ရောက်လာသူ အများစုမှာ နွမ်းပါး ဆင်းရဲဟန်ရှိကြသော်လည်း ဟိုလူ့ကို ဖါး၊ ဒီလူ့ကို ထီးမိုး၊ ဒီလူကြီးမို့ ပျာယာပျာယာ လုပ်ပြရခြင်းမျိုးများ အလျင်းမရှိပဲ သက်ကြီး ၊ သက်လတ်၊ သက်ငယ် အားလုံးသည် သူ့စည်းသူ့ကမ်းဖြင့် သူ့အလုပ် သူလုပ်နေကြသည်၊ လုံခြုံရေး လက်ပတ် ပတ်ထားသူ လူငယ်တို့က အ၀င်အထွက်တိုင်းကို ပျူငှာစွာဖြင့် စောင့်ကြည့်သည်။ ဟိန်းခြင်း ဟောက်ခြင်း ခြိမ်းခြောက်ခြင်းမျိုး လုံးဝ မရှိ။
သူတို့ မျက်လုံးတိုင်းကို သေချာ လိုက်ကြည့်နေသော ကျနော် သတိပြုမိသည့် တစ်ချက် ရှိသည်။ ပါတီဝင် အများစု၏ မျက်လုံးများမှာ ကြည်လဲ့ ငြိမ်းချမ်းခြင်းနှင့် စူးရှ တောက်ပခြင်း နှစ်ခုတွဲကို မြင်ရခြင်းပင်။ သူတို့သည် စကားများကို လွတ်လပ်စွာ ပြောဆိုဆွေးနွေးနေကြသည်။ ကျနော်တို့ အရပ်ထဲတွင် ကြားရခဲသော အကြောင်းအရာများကို အာဘောင် အာရင်း သန်သန်နှင့် ပြောဆိုနေကြသည်။ သူတို့ ခေါင်းဆောင် မကြာခင် လွတ်မြောက်လာမည် ဖြစ်ကြောင်း အမှန်တရားနှင့် အများအကျိုးဆောင်သူကို ဘယ်လို လူမျိုးကမှ ရာသက်ပန် ထိန်းချုပ်ဖမ်းဆီးထားလို့ မရကြောင်း၊ ယခုဆိုလျှင် နိုင်ငံတကာ အခင်းအကျင်းသည် မြန်မာပြည် အနာဂတ် အလားအလာ တိုးတက်ဖို့ ဖြစ်လာနေကြောင်းများ ကျယ်လောင်စွာ ပြောဆိုနေကြသည်။ လမ်းတဖက်က လူတွေ ကြားနိုင်လောက်သည်။
ကျနော် ဟိုဟိုသည်သည် လျောက်ကြည့်ရင်း ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံလွာ အကြီးကြီးများကို သတိထား ကြည့်မိသည်။ ရုံးချုပ်အ၀င် နှဖူးစည်းတွင် ချိတ်ဆွဲထားသည့် မွေးနေ့အခမ်းအနား ပိုစတာ ကြီးတွင် ဒေါ်အောင်ဆန်းစုကြည်က တည်ခန့်လှသော မျက်နှာပေးဖြင့် လက်ပိုက်ကာ ကြည့်နေပုံကို ပုံနှိပ်ထားသည်။ ထိုပုံနံဘေးတွင် ရေးထားသော စာသားလေး တချို့ကို ကျနော် စူးစိုက် ကြည့်ရင်း အတွေးတွေ အတော်နက်ရှိုင်း ကျယ်ပြန့်သွားသည်။ စာသားလေးသည် တိုပင် တိုငြားသော်လည်း အဓိပ္ပါယ် လေးနက်လွန်းလှသည်။
ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့ဖူးသော မိန့်ခွန်းများ အနက်မှ ကောက်နှုတ်ချက် ဖြစ်သည့် ထိုစာသားလေးကို ကျနော် မှတ်မိသလောက် ဖေါ်ပြပါမည်။ There will be chance because all the military have are guns ဆိုသော စာသားလေးသည် အထူးပင်လေးနက်သော ဖွင့်ဆိုချက် တစ်ခုကို ဆိုနေသလို ခံစားရသည်။ အဘယ်ကြောင့် ဆိုသော် ကျနော်ကိုယ်တိုင်သည်ပင်လျှင် လက်နက်ကို ကိုင်စွဲကာ ပြည်သူ့ကာကွယ်ရေး တာဝန် ယူပါမည် ထမ်းပါမည်ဟု တပ်မတော်တွင်း တာဝန်ထမ်းခဲ့ဖူးပြီး တပ်တွင်းမှ ကိုယ်ကျိုးရှာ အကျင့်ပျက် အရွယ်လွန် စစ်ဗိုလ်ချုပ်များကို ရွံရှာ မုန်းတီးသောကြောင့် စစ်တပ်မှ ထွက်လာသူ တစ်ဦးဖြစ်နေသော ကြောင့်ပင်။
လူထုပရိတ်သတ်ကြီးသည် စကားများကို ပွင့်လင်းစွာ ပြောဆိုနေဆဲပင်။ အားရကျေနပ်သည့် ဟန်ပန်များ၊ ထောင်ကျ မကြောက်၊ အဖမ်းဆီး မကြောက်၊ ရဲရဲတောက် အမေအိုများ၏ နိုင်ငံရေး အတွေ့အကြုံများ ကို အာဘောင်အာရင်း သန်သန်ဖြင့် ပြောဆိုနေသည်။ နားထောင်သော လူငယ်လူရွယ်များကလည်း တက်ကြွသော ဟန်ပန်များ အထူး စိတ်ဝင်စားသော မျက်ဝန်းများဖြင့် နားစွင့်နေသည်။ မလှမ်းမကမ်း လမ်းတဘက်မှာတော့ လက်နက်ကိုင်ထားသည့် ယူနီဖေါင်းဝတ်များသည် အိပ်သူအိပ် ငိုက်သူငိုက်။ ပြူးကြောင်ကြောင်ဖြင့် တာဝန်အရ သဘောမျိုး ကြည့်သူကြည့် ဖရိုဖရဲ။ စွမ်းအားရှင် ဆိုသည့် အဖွဲ့များကို ကြည့်ရသည်မှာ ယခင် တွေ့ဖူးနေကျ စွမ်းအားရှင်များကဲ့သို့ ဖြတ်လတ် တက်ကြွသည့် ပုံစံမျိုးမတွေ့ရဘဲ အားလုံးသည် မှုန်မှိုင်း လေးတွဲ့နေကြသည်။ ထိုအချိန် ကျနော့် ဘေးမှ အဖွားအို တစ်ယောက်က ပြောသည်။ စစ်ဘက်တွေ ရဲတွေ ထိတ်လန့် နေလောက်ပြီပေါ့။ မနေ့ည ဆယ်နာရီ ခွဲ လောက်တုန်းက ရွှေတိဂုံ ဘုရားကြီး အထက် မိုးကောင်းကင်မှာ ဘုရားပုံတော် အရိပ်တွေ ထင်လာတယ်လေ။ ဘုရားတန်ခိုးပြလာပြီပေါ့။ ကျုပ်တို့တွေ ၀မ်းသာအားရ ဖူးတွေ့လိုက်ရတယ်။ ထူးဆန်း လိုက်တာအေ။ ဘုရားပုံတော်ကို ကောင်းကင် တိမ်ကင်းစင်နေတဲ့အခိုက် ထင်ထင်ရှားရှားကြီးကို ဖူးလိုက်ရတာ။ တလောက စစ်ဗိုလ်တွေ တည်တဲ့ ဓနုတ်စေတီလည်း ပြို၊ ဘုရား ဓါတ်လှေခါးလည်း ပြုတ်ကျ။ နိုင်ငံတကာကလည်း ဖိအားတွေ ပေး။ သူတို့ သခင် စစ်ဗိုလ်ချုပ်တွေ ကံဇာတာ ခေချိန် ရောက်ပြီဆိုတာ သူတို့ သိလာပြီလေ။
ထိုအချိန် ရုံးချုပ်ခန်းမ အတွင်းမှ သံပြိုင် သီဆိုနေသော တေးသီချင်းသံများ ပျံလွင့်လာသည် “တစ်နေ့တော့ လွတ်လာမှာပါ…. တစ်နေ့တော့ လွတ်လာမှာပါ´´ ထိုအချိန် မျက်စေ့ရှင်သော စစ်သားကျနော် လှမ်းမြင်လိုက်ရသည်မှာ ကျောက်ဆည် ဓမ္မာရုံအတွင်း အုတ်ဘောင်ပေါ် ထိုင်ကာ ဤဘက်ကို လှမ်းကြည့်နေသော ယူနီဖေါင်းဝတ်များ အနက်မှ ရဲအရာရှိ တချို့ ဦးခေါင်းများ အောက်စိုက်ပြီး တစုံတခုကို တွေးတောနေကြသည့် မြင်ကွင်းသာ ဖြစ်သည်။ မြန်မာပြည်ကြီး ညီညွတ်စေချင်ပါသည်။ တိုးတက်စေချင်ပါသည်။ ငြိမ်းချမ်းစေချင်ပါသည်။ ထို့ကြောင့် ညီတိုးငြိမ်း ဘ၀နှင့် ရင်းရပေ့စေ စစ်သားဟောင်း တစ်ဦးတာဝန်အတိုင်း တိုင်းပြည်ပေါ် သစ္စာစောင့်သိစွာဖြင့် တနိုင်တပိုင် နိုင်ငံ့ တာဝန်ကို ထမ်းရွက်နေအုံးပါမည်။
လူထုခေါင်းဆောင် အမြန်ဆုံး လွတ်မြောက်ပါစေ…
| < Prev | Next > |
|---|

