စစ်မှုထမ်းဟောင်းတစ်ဦးနှင့် ဒီမိုကရေစီ
ဆောင်းပါးရှင် - သံကြိုး
စာဖတ်ပရိသတ်များခင်ဗျား
စစ်အာဏာရှင် တွေကို ရဲရဲ ၀ံ့ဝံ့ ဆန့်ကျင် ခဲ့တဲ့ စစ်မှု ထမ်းဟောင်း တစ်ဦးရဲ့ ကိုယ်တွေ့ ဖြစ်စဉ် ကလည်း ရင်နင့်စရာ ကောင်းလှ ပါတယ်။ ရှေ့တန်းမှာ စစ်တိုက်လို့ သေရ တာထက် တိုင်းပြည် အတွက် အခုလို စွန့်စားလို့ သေသွား ရင်လည်း ပိုပြီး မြင့်မြတ် ပါတယ်လို့ ဆိုလာပြီး တပ်ကြပ်ကြီး တစ်ဦးက ဆောင်းပါးရှင် သံကြိုး အမည်နဲ့ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်ကို ဆောင်းပါး ရေးသား ပေးပို့ လာတာ ဖြစ်ပါတယ်။ အခုလို ရေးသား ပေးပို့ လာတဲ့ ပင်တိုင် ဆောင်းပါးရှင် သံကြိုးအား လေးစား ဂုဏ်ယူ ပါကြောင်း ပြောကြားရင်း ကျွန်တော် ကိုဖိုးတရုတ်မှ မှတ်တမ်းတင် ဂုဏ်ပြု တင်ပြ အပ်ပါတယ် ခင်ဗျား။
ကျွန်တော်ဟာ တပ်မတော် သားဟောင်း တစ်ဦး ဖြစ်ပြီး ၂၀၀၃ ခုနှစ် မေလ (၁) ရက် မေဒေးနေ့မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်က NLD ဌာနချုပ် အနီးတွင် စစ်အစိုးရကို ဆန့်ကျင်တဲ့ စာတမ်းပါ ဆိုင်းဘုတ်ကို ကိုင်ကာ Democracy အော်ဟစ် တောင်းဆို ခဲ့ရာ ထောင် ကျခဲ့ပါတယ်။
ကျွန်တော် ကိုင်ပြီး ဆန္ဒပြ ခဲ့တဲ့ ဆိုင်းဘုတ် မှာက “တပ်မတော်သည် တိုင်းပြည် အတွက်၊ တိုင်းပြည်သည် တပ်မတော် အတွက် မဟုတ်၊ စည်းကမ်း မရှိတဲ့ စစ်တပ် ရှိနေမဲ့အစား အဲဒီစစ်တပ် မရှိတာဟာ တိုင်းပြည် အတွက် ပိုကောင်းတယ်” လို့ ပိတ်စ အနီမှာ ဆေးအဖြူနဲ့ ရေးထားတယ်။ အပေါ်မှာ ဗိုလ်ချုပ် အောင်ဆန်း ဓါတ်ပုံ ကပ်တယ်။ အောက်မှာ ဗိုလ်ချုပ် အောင်ဆန်း ဆိုပြီး ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ တာတွေကို အမှတ်ရကာ ပြန်လည်ဖော်ပြ ခဲ့တာပါ။
လက်ရှိအခြေအနေမှာလဲ တိုင်းပြည်ဟာ တပ်မတော်အတွက် ဖြစ်နေတယ်။ တပ်မတော်ဟာလဲ စစ်ဗိုလ်ချုပ်ကြီးတွေအတွက် ဖြစ်နေတယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို စစ်မှုထမ်းဟောင်း တစ်ယောက်အနေနဲ့ ပြည်သူ့ဘက်က ရပ်တည်သင့်တယ်လို့ ယုံကြည်ခဲ့တယ်။ ယုံကြည်ခဲ့တယ်ဆိုတာထက် ရပ်ကို ရပ်တည်ရမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်းဆွေးနွေးခဲ့ကြတဲ့အမျိုးသားညီလာခံ
ကျွန်တော် ဒီလိုလုပ်လို့ တိုင်းပြည် ဒီမိုကရေစီစနစ် ပြောင်းလဲနိုင်၊ မနိုင်ဆိုတာထက် ညအချိန် ခန်းမကြီးတစ်ခုမှာ ဖရောင်းတိုင်တစ်တိုင်နဲ့ ထွန်းလို့ မလင်းနိုင်ရင် ဖရောင်းတိုင်တွေ အများကြီး ထွန်းရင် လင်းရမှာပေါ့။ ကျွန်တော်တို့ မြန်မာစကားပုံတစ်ခု ရှိတယ်။ နှမ်းတလုံးနဲ့ ဆီ မဖြစ်ဘူး ဆိုတာ နှမ်းတစ်လုံးချင်း တစ်လုံးချင်းက ဆီမဖြစ်ရင် နှမ်းတစ်တင်း တစ်တင်းခွဲကရော စုပေါင်းလိုက်ရင် ဆီဖြစ်တာပါဘဲ။
အဓိက ရည်ရွယ်ချက်ကတော့ (၉၀) ခု ရွေးကောက်ပွဲ အနိုင်ရပါတီက ဦးဆောင်ပြီး ရေးဆွဲရမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စစ်အစိုးရက ဦးဆောင်ပြီး ရေးဆွဲဖို့ အမျိုးသားညီလာခံကို ကျင်းပတယ်ဗျာ။ (၁၉၉၅) ခုလောက် ရောက်တော့ ရပ်ထားတယ်။ နိုင်ငံရေးအကျဉ်းသား တွေလဲ အမြောက်အများ ဖမ်းထားတယ်။ တိုင်းပြည်အခြေအနေက ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတယ်။ အတိုက်အခံ အင်အားစုတွေလဲ နေရိပ်ကို နေပူက စောင့်နေတယ်။ နေရိပ်ကို နေပူက ဘာလို့ စောင့်မလဲ။ နေရိပ်ရှိတဲ့နေရာကို လမ်းလျှောက်သွားမှ ရောက်မယ်။ နေရိပ်က ကိုယ့်ဆီ ဘယ်တော့မှ လာမှာမဟုတ်ဘူး။ ဒီလို လျှောက်ရင်းနဲ့ လမ်းမှာ ဆူးညှောင့်ခလုတ်တွေ ရှိချင် ရှိမယ်။ ကန္တာရတွေ ရှိချင် ရှိမယ်။ ဖြတ်ကျော်ရမှာပေါ့။ ကျွန်တော်ကတော့ ဖြတ်ကျော်သင့်တယ်လို့ ထင်တယ်။ စကားပုံကြောင့်လား စဉ်းစားရခက်တယ်ပေါ့ဗျာ။ ကျွန်တော်ကတော့ အဲဒီဆိုင်းဘုတ်ကိုင်ပြီး ဆန္ဒပြခဲ့လို့ ထောင် (၇)နှစ် ကျသွားတယ်။
ဒါပေမဲ့ နိုင်ငံရေးကို ဆက်လုပ်ရမှာဘဲ။ ဒီလို နှိပ်ကွပ်ခံရလို့ အားပျော့သွားလားလို့ မမေးပါနဲ့။ ၂၀၀၇ နိုဝင်ဘာမှာတုန်းက ကျွန်တော့်ကို လွတ်ငြိမ်းချမ်းသာခွင့် ဆိုပြီး ပုဒ်မ ၄၀၁ (၁) မှာ လက်မှတ်ထိုးခိုင်းတယ်။ ကတိဝန်ခံချက် ပေးရမယ်ပေါ့ဗျာ။ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကျိုး စီးပွားအတွက် ထောင်ကျတာမှ မဟုတ်တာ မထိုးနိုင်ဘူးလို့ ပြောခဲ့လို့ လွှတ်မပေးဘူး။ ၂၀၀၈ စက်တင်ဘာမှာ သဘောထား ထပ်လာမေးတယ်။ အပြောင်းအလဲ မရှိဘူးလို့ ကျွန်တော် ပြောလိုက်တယ်။ ဒါနဲ့ ၂၀၀၉ စက်တင်ဘာမှာ ကတိခံဝန်ချက် ထိုးထိုး မထိုးထိုး ထွက် ဆိုလို့ ကျွန်တော် ထွက်ရတော့တယ်။ ဒါတောင် လွတ်ရက်စေ့ဖို့ (၈) လ ဘဲ လိုတော့တယ်။
ဆက်ပြောရရင် ၂၀၀၈ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ကျွန်တော် လုံးဝ လက်မခံနိုင်ပါဘူးဗျာ။ အမှန်က ဒီမိုကရေစီ ဆိုတာ ပန်းတိုင် မဟုတ်ပါဘူး။ လမ်းစဉ်ဝါဒပါ။ ကျင့်သုံးရမဲ့ စနစ်တစ်ခုပါ။ အကြောင်းတရားပေါ့၊ အကျိုးတရား မဟုတ်ပါဘူး။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်ရမယ်ဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ။ ဒီမိုကရေစီ နည်းကျကျ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေက ရေးဆွဲမယ်ဆိုရင်တော့ လက်ခံနိုင်တယ်။ ကျွန်တော်တို့ မြန်မာစကားပုံတစ်ခု ရှိပါသေးတယ်။ “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုသလို ကျွန်တော်တွေးမိတာက ပြည်သူတွေ အူမတောင့်မဲ့ လုပ်ငန်းတွေကို သီလစောင့်တဲ့ သူတွေ ဦးဆောင်ပါမှ စစ်မှန်တဲ့ အောင်မြင်မှုကို ရတော့မှာပေါ့။
ကျွန်တော် အဖမ်းခံရတုံးက ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက် တော့ဘူး။ ထောက်လှမ်းရေးတွေ အများအပြား ရှိတဲ့ နေရာဆိုတော့ လူတွေက တအုံ တမကြီး လာဖမ်းကြတာ၊ မော်တော်ကားကလည်း ဖင်ထိုးပြီးရပ်တယ်။ ကားပေါ်ကို ဆွဲတင်ဖို့ လုပ်တယ်။ တင်မရဘူး ဖြစ်နေတယ်။ ဒီလိုပါ… ကျွန်တော်က ဆန္ဒပြပွဲ စပြီး မလုပ်ခင်ကတည်းက ကျွန်တော့်မှာ လက်ထိပ် တစ်စုံ (၃) ပေလောက် ရှည်တဲ့ သံကြိုးတစ်ချောင်း တပါတည်း ယူလာခဲ့တယ်၊ သံကြိုးကို ဓါတ်တိုင်မှာ အရင်ပတ်၊ သံကြိုး အဖျား တဖက်မှာ လက်ထိပ်တစ်ကွင်း ခတ်လိုက်တယ်။ ကျွန်တော့်လက်တစ်ဘက်ကိုလည်း လက်ထိပ်တဘက်နဲ့ ခတ်တယ်။ ပြီးမှ ဆိုင်းဘုတ်ထောင်ကာ အစိုးရနဲ့ NLD တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆို တာပါ။ တောင်းဆို ဆန္ဒပြချိန်ကို ကြာရှည်အောင်နဲ့ ရုတ်တရက် သူတို့ ဖမ်းသွားလို့ မရအောင် လုပ်ခဲ့တာပါ။
ကျွန်တော့်ကို ကားပေါ်ဆွဲတင်လို့ မရဖြစ်တော့မှ သေချာကြည့်ပြီး လက်ထိပ်သော့ တောင်းတယ်။ ကျွန်တော်က မပါ လာကြောင်း ပြောလိုက်တယ်။ ဘယ်က ဘယ်လို ရှာလာမှန်း မသိတဲ့ ဓါးမတစ်ချောင်းနဲ့ ပလက်ဖောင်းပေါ်မှာ သံကြိုးကို ခုတ်ဖြတ်တယ်။ ဓါးမပဲ့သွားပြီး သံကြိုးလဲ ပြတ်သွားတယ်။ အဲဒီတော့မှ ကျွန်တော့်ကို ကားပေါ် ဆွဲတင်တယ်။ ကျွန်တော်နဲ့ ပါလာတဲ့ အိတ်နဲ့ဘဲ ကျွန်တော့်ခေါင်းကို စွပ်ပြီး ခေါ်သွားကြတယ်။ နောက် ကားရပ်တယ်။ တွဲခေါ်သွားကြတယ်။ ကျွန်တော့် ကို အခန်းတစ်ခန်းထဲ ထည့်တယ်။ သံကြိုးနဲ့ တွဲနေတဲ့ လက်ထိပ်တဖက် ဖြုတ်ပြီး ညာလက်မှာ နောက်ပြန်ခတ်ထား လိုက်တယ်။
ပြီးတော့ ထိုင်ဖို့ ဆွဲချတယ်။ “မင်းကို ဘယ်သူခိုင်းတာလဲ” လို့ မေးတယ်။ ကျွန်တော် မပြောဘူး။ ထပ်မေးတယ်၊ မပြောဘူး၊ ဒီမှာတင် မျက်နှာကို ဖြတ်ရိုက်တာ ခံလိုက်ရတယ်။ ရင်ဘတ်ကို ကန်တယ်။ ကျွန်တော် လဲကျသွားတော့ အပေါ်ကနေ တက်နင်းတယ်။ မျက်နှာလဲ ထပ်ကန်ခံရတယ်။ လောကကြီးကို ဘယ်လောက်ကြာကြာမေ့သွားလဲ မသိဘူး။ သတိရတော့ ခေါင်းစွပ်လည်း မရှိတော့ဘူး။ လက်ထိပ်လည်း ဖြုတ်ထားတယ်။ တကိုယ်လုံးလည်း အ၀တ်အစား မရှိတော့ဘူး။ အခန်း ထောင့်မှာ မိလ္လာသွားနိုင်ဖို့ ဒန်ဇလုံ တစ်လုံး ချထားတာတွေ့တယ်။
အဲဒီနောက် အခန်းတံခါးဖွင့်သံကြားပြီး အခန်းထဲကို အရပ်ဝတ်နဲ့ လူသုံးယောက် ၀င်လာတယ်။ ကျွန်တော့်ကို တွဲခေါ်ပြီး အခြားအခန်းတစ်ခုကို ပြန်ခေါ်သွားတယ်။ အဲဒီအခန်းထဲက စားပွဲတစ်လုံးနောက်မှာ လူတစ်ယောက်ထိုင်ပြီး ကျွန်တော့်ကို စိုက်ကြည့်နေတာ တွေ့တယ်။ ကိုယ်လုံးတီး အချွတ်ခံထားရတဲ့ လူတစ်ယောက်ကို လူအများက ၀ိုင်းကြည့်တာ ခံရတဲ့ အချိန်မျိုး ကျွန်တော် ဘယ်လိုခံစားရတယ်ဆိုတာ ခံစားရတဲ့ ကျွန်တော် ရှင်းမပြတတ်ဘူး။
ကုလားထိုင်တစ်လုံးပေါ် ထိုင်ခိုင်းတယ်။ လက်နှစ်ဖက်ကို နောက်ပြန် လက်ထိပ်ခတ်တယ်။ စားပွဲပေါ်မှာ ဖိုင်တချို့တွေ့တယ်။ အင်္ဂလိပ်စာလုံး အတိုကောက်တွေ တစ်ခုချင်း မေးတယ်။ မသိဘူးဘဲ ဖြေနေလို့ နောက်က တစ်ယောက်က နောက်စေ့ကို ဖြတ်ရိုက်တယ်။ ကျွန်တော်လည်း စိတ်မရှည်တော့လို့ ခင်ဗျားမေးတာတွေ ကျုပ်တစ်ခုမှ မသိဘူး။ ကျုပ်စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်တယ်လို့ ပြောလိုက်တော့မှ ကျွန်တော့်ရဲ့ ကိုယ်ရေးရာဇ၀င်ကို စစစ်တယ်။ ကျွန်တော်လည်း အမှန်အတိုင်း အကုန်ပြောပြရတယ်။ မပြောလို့ မဖြစ်ဘူး။ ကျွန်တော့်မှတ်တမ်းက ရှာတွေ့မှာ ဖြစ်လို့ပါ။
“ခင်ဗျားက စစ်မှုထမ်းဟောင်း တစ်ယောက်ဖြစ်ရဲ့သားနဲ့ ဘာဖြစ်လို့ တပ်မတော်ကို သစ္စာဖောက်တာလဲ”
“ကျွန်တော် တပ်မတော်အပေါ် သစ္စာဖောက်တာ မဟုတ်ဘူး။ ကျွန်တော် unit တစ်ခုကိုဘဲ ပြောတာ”
“ဒီဆိုင်းဘုတ် ဘယ်သူရေးပေးတာလဲ”
“ကိုယ်တိုင်ပဲ ရေးတယ်။”
“ဘာရည်ရွယ်ချက်နဲ့ အဲဒီလိုရေးပြီး မီဒီယာကနေ ပြောခိုင်းတာလဲ”
“ဒါ လက်ရှိ လိုအပ်ချက်လို့ ယူဆတယ်” ပြောရုံရှိသေး စားပွဲကို လက်ဝါးနဲ့ ရိုက်ပြီး သူ့လူတွေကို အချက်ပြလိုက်တယ်။ မျက်နှာကို ဘေးကနေ တည့်တည့်ရိုက်လိုက်တယ်။
“ဒီမယ် ကောင်းကောင်းမေးမယ်။ ခင်ဗျားကို ဘယ်သူခိုင်းတာလဲ”
“ဘယ်သူမှ မခိုင်းဘူး၊ ကျွန်တော့်သဘောနဲ့ ကျွန်တော်လုပ်တယ်”
“ခင်ဗျား ဘယ်ကနေ လာခဲ့တာလဲ”
“မိုင်းရှုးက လာတယ်”
“တစ်ယောက်တည်းလား”
“တစ်ယောက်တည်းပဲ”
“လက်ထိပ်ဘယ်ကရလဲ”
“SSA ဆီက ၀ယ်တာ”
“SSA က ပေးလိုက်တာလား”
“မဟုတ်ဘူး၊ သူတို့အထဲက မူးကြောင်ကြောင်တစ်ယောက် အရက်ဖိုးလိုလို့ ခဏပေါင်တာ၊ နောက် ပြန်မရွေးတော့လို့ သိမ်းထားတာ”
လက်ပတ်နာရီကြည့်ပြီး ထပြန်ဖို့ လုပ်တယ်။ နောက်က လက်ထိပ်ဖြုတ်ပေးတယ်။ အရင်နေခဲ့တဲ့ အခန်းကို ပြန်ခေါ်သွားပြီး အထဲသွင်း တံခါးပိတ်ထားလိုက်တယ်။
ရေငတ်တာက ကိုယ်ခန္ဓာ နာကျင်တာ ထက် ပိုဆိုးတယ်။ အိပ်ငိုက်မယ် လုပ် တဖွဲ့ ၀င်လာလိုက် မေးမြန်းလိုက်၊ ကန်လိုက်။
ဒီလိုနဲ့ ဘယ်နှစ်ဖွဲ့ ဘယ်နှစ်ခါမှန်း မသိတော့ဘူး။ လာတိုင်း ရေသောက်ပြတယ်၊ ဘူးခွံကို အခန်းဒေါင့် ပစ်ခဲ့တယ်။ တဖက်သားကို တိုက်ဖို့ မဟုတ်တာထက် တမင်သက်သက် ညှင်းပမ်းတာ၊ လုပ်ပြနေတာ သိသာတယ်။ ဘယ်လောက် ကြာတယ်၊ ဘယ်အချိန်လဲ၊ နေ့လား၊ ညလား ကျွန်တော် ဘာဆိုဘာမှ မသိတော့ဘူး ဖြစ်နေပြီ။
အဲဒီနေ့တနေ့ကတော့ ဘယ်နေ့ရောက်ပြီလဲဆိုတာ မသိပေမဲ့ အခြေအနေတွေ ပြောင်းလဲသွားပြီ ဆိုတာတော့ သိလိုက် တယ်။ အချိုရည်ပုလင်း၊ ရေပုလင်း၊ ထမင်းဟင်းတွေ လာပို့တယ်။ အချိုရည်ကတော့ သောက်လို့ရတယ်၊ ထမင်းက မျိုချ မရဘူး ဖြစ်နေပြီ။ နောက် အ၀တ်အစားတွေယူလာပြီး ရေချိုးခန်းကိုပို့ပေး၊ ဆပ်ပြာတွေ ဘာတွေနဲ့ ရေချိုးခိုင်းတယ်။ အခန်း သန့်သန့်တစ်ခုမှာ အနားယူဖို့ပါပြောပြီး နေစေတယ်။ တခါးသော့ခတ်သံလည်း မကြားဘူး။ အပြင်မှာတော့ ကင်းသမား ရှိပုံရတယ်။ သိပ်မကြာပါဘူး တံခါးဖွင့်ပြီး လိုက်ခဲ့ဖို့ ပြောရင်း ခေါ်သွားလိုက်တာ ရုံးခန်းလို့ထင်ရတဲ့ အခန်းတစ်ခန်းရှေ့ သတင်းပို့သံကြားတယ်။ ၀င်ခဲ့ဖို့ အထဲက အမိန့်သံနဲ့ ပြောတာ ကြားလိုက်ရတယ်။
ဝင်လိုက်တော့ အခန်းထဲမှာ ရုံးစားပွဲ၊ အဲဒီရုံးစားပွဲနောက်မှာ ဗိုလ်ကြီးတစ်ယောက် ထိုင်ပြီး စောင့်နေတယ်။ အခြေအနေတွေ အေးအေးဆေးဆေး ဖြစ်ပြီ သိလိုက်တာပေါ့။ စကားကိုလဲ အေးအေးဆေးဆေး ပြောပြီး မေးမြန်းတယ်။ ခင်ဗျားကို ဘယ်သူ ခိုင်းတာလဲ၊ ပိုက်ဆံ ဘယ်လောက်ရလဲ၊ ဒီလူ ဒီလူတွေကို သိလား ဆိုပြီး ဓါတ်ပုံတွေကို ထုတ်ပြတယ်။ သိတဲ့သူ တချို့ပါ တယ်။ တချို့လည်း ထောင်ထဲရောက်မှ သိတာ။ ကျွန်တော့်အဖြေကတော့ ဘယ်သူမှ မခိုင်းကြောင်း၊ ဓါတ်ပုံထဲက လူတွေလဲ တစ်ယောက်မှ မသိကြောင်း ဒါဘဲ ဖြေတယ်။ နောက်ဆုံး လက်ရှိ တပ်မတော်အစိုးရအပေါ် ထားတဲ့ သဘောထား ဘယ်လို ရှိလဲ ဆိုမှ ကျွန်တော်ပြောပြတယ်။
လက်ရှိ တပ်မတော်အပေါ်မှာ ကျွန်တော့်သဘောထားက ဘယ်လိုမှ မဖြစ်ပေမဲ့ တပ်မတော်အစိုးရအပေါ်မှာ လက်ခံနိုင်မှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော့်အသက် (၁၈) နှစ်သား ကတည်းက စစ်တပ်ထဲဝင်တယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ထင်ပြီး တိုက်ပွဲ အလီလီ တိုက်ခဲ့တယ်။ ကျဆုံးခဲ့သူတွေလည်း အမြောက်အများ ရှိတယ်။ ဒါပေမဲ့ တိုင်းပြည်နဲ့ လူမျိုးအတွက် မဖြစ်ဘဲ ဘယ်သူတွေအတွက် ဖြစ်နေတယ်ဆိုတာ မသေလို့ ကျန်တဲ့ ကျွန်တော်တို့ သိတယ်လို့ ပြောပြလိုက်တယ်။ အဲဒီလို ပြောလိုက်တော့ ဗိုလ်ကြီးလည်း တစ်ချက်ငိုင်သွားတယ်။
“ဒီဆိုင်းဘုတ်နဲ့ ဒီစာတွေက ဘယ်သူရေးတာလဲ” လို့ ထပ်မေးတယ်။
ကျွန်တော်က “ကျွန်တော်ကိုယ်တိုင် ရေးတယ်” လို့ ထပ်ပြောတယ်။
ဗိုလ်ကြီးက “ခင်ဗျား ပြန်ပြီး ဆိုင်းဘုတ်နဲ့ စာတွေကို ရေးပြနိုင်ရင်တော့ ခင်ဗျား သက်သာမှာဘဲ” လို့ ပြောပြီး ထွက်သွားလိုက်တာ ထောင်ထဲရောက်တဲ့အထိ အဲဒီဗိုလ်ကြီးကို တခါမှ ထပ်မတွေ့ရတော့ဘူး။
စာရွက်တွေ ခဲတံတွေ စားစရာတွေ လာပေးထားပြီး “အေးအေးဆေးဆေး အနားယူ၊ ခင်ဗျား ဆိုင်းဘုတ်နဲ့ ခင်ဗျားစာပြန်ရေးထားပါ” ဆိုပြီး ပြန်ထွက်သွားတာ။ ကျွန်တော်လည်း ကိုယ်ရေးထားတဲ့အတိုင်း ပြန်ရေးပြနိုင်လို့ ကျွန်တော့်နောက်မှာ ဘယ်အဖွဲ့အစည်းမှ မရှိဘူး ဆိုထားတာတောင် ထောင် (၇) နှစ် ချလိုက်တယ်။
နိုင်ငံရေးကတော့ ဆက်လုပ်ရမှာပေါ့။ ဒါပေမဲ့ ကျွန်တော် နိုင်ငံရေးသမား မဟုတ်ပါဘူး။ စစ်အာဏာရှင်စနစ်ကို မလိုလားလို့ နိုင်ငံရေးလောကထဲ ရောက်လာရတာ ဖြစ်တယ်။ နိုင်ငံရေးနည်းနဲ့ဘဲ လုပ်ရလုပ်ရ၊ စစ်ရေးနည်းနဲ့ဘဲ လုပ်ရလုပ်ရ လုပ်မှာဘဲ။ နိုင်ငံရေးဆိုတာ သွေးမထွက်တဲ့ စစ်ရေးပါ။ စစ်ရေးဆိုတာ သွေးထွက်တဲ့ နိုင်ငံရေးပါ။ ဒီနေ့ နိုင်ငံရေးနည်းနဲ့ မနိုင်ရင် တနေ့နေ့ စစ်ရေးနည်းနဲ့ တိုက်ကြရမှာဘဲ ဖြစ်တယ်။
ဒါပေမဲ့ တစ်ခုရှိတယ်။ လက်တွေ့မရှိတဲ့ သဘောတရားဟာ အကန်း၊ သဘောတရား မရှိတဲ့ လက်တွေ့ဟာ အမြုံတဲ့။ နှစ်ခုစလုံး အောင်မြင်ဖို့ မရှိနိုင်ဘူး။ အင်္ဂလိပ် လက်အောက်မှ တောင်သူလယ်သမား အရေးတော်ပုံဟာ သဘောတရားမရှိတဲ့ လက်တွေ့မို့ မအောင်မြင်တာ။ ဒီနေရာမှာ စစ်ရေးအရ စနစ်တကျ ခိုင်ခိုင်မာမာ စုစည်းနိုင်လို့ ပြည်ပအကူအညီနဲ့ တိုက်ပြီးမှ နယ်ချဲ့စနစ် ချုပ်ငြိမ်းသွားတာဖြစ်တယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့ ဘယ်လိုလုပ်ကြမှာလဲ။ ကျွန်တော်ထင်တယ် ကျွန်တော်တို့တပ်မတော်သားတွေ အားလုံး စစ်အာဏာရှင်တွေရဲ့ လုပ်ရပ်ကို ပကတိအတိုင်း သိမြင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းကြရင်တော့ ကျွန်တော်တို့နိုင်ငံ အတွက် ကျွန်တော်တို့စစ်သားတွေ သစ္စာဆိုရကျိုးနပ်ပြီ၊ ကျွန်တော်တို့နိုင်ငံ အမှန်တကယ် လွတ်လပ်ပြီ၊ တိုင်းပြည်အတွက် တာဝန်ကျေပြီ။
| < Prev | Next > |
|---|

