How do I apply payday loan Your Finances are your own Business
ပင်မနေရာ သွေးစကား ကိုယ်တွေ့ တပ်မတော်အတွင်း ရွေးကောက်ပွဲ မဲပေးစနစ်

ပင်မနေရာ သွေးစကား ကိုယ်တွေ့ တပ်မတော်အတွင်း ရွေးကောက်ပွဲ မဲပေးစနစ်

တပ်မတော်အတွင်း ရွေးကောက်ပွဲ မဲပေးစနစ်

Print PDF
User Rating: / 1
PoorBest 

တပ်မတော်အတွင်း ရွေးကောက်ပွဲ မဲပေးစနစ်

ဆောင်းပါးရှင် - သံကြိုး

စာဖတ်ပရိတ်သတ်များခင်ဗျား

ပင်တိုင် ဆောင်းပါးရှင် တပ်ကြပ်ကြီး တစ်ဦးဖြစ်သော သံကြိုးက “စည်းလုံးခြင်းရဲ့ အင်အား” ဝက်ဆိုဒ်သို့ “တပ်မတော် အတွင်း ရွေးကောက်ပွဲ မဲပေးစနစ်” ဆိုတဲ့ ဆောင်းပါး တစ်ပုဒ် ပေးပို့လာ ပါတယ်။ ဒီဆောင်းပါးမှာ စစ်အာဏာရှင် ခေတ် အဆက်ဆက်မှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ တွေနဲ့ ပတ်သက်ပြီး သူကြုံတွေ့ ခဲ့ရသမျှကို ပြည့်ပြည့် စုံစုံ ရေးသား တင်ပြထား ပါတယ်။ မဲ ပေးရာမှာ ကန့်ကွက်မဲနှင့် ထောက်ခံမဲ ဆိုပြီး နှစ်မျိုး ရှိပေမယ့် မဲပေးရမယ့် အခန်းထဲမှာတော့ ထောက်ခံမဲပုံး တစ်ပုံးကိုသာ ထားရှိပုံ၊ ကိုယ်စားလှယ်လောင်း ရွေးချယ် ရာမှာလည်း တစ်ဦးတည်းကိုသာ မဲပေးရပုံ၊ မြန်မာပြည်သူလူထု အနေနဲ့ လူ့အခွင့်အရေးများ ဆုံးရှုံးနေပုံ တို့ကို ကွက်ကွက်ကွင်းကွင်း တင်ပြထားပါတယ်။ အခုလိုပေးပို့လာတဲ့ ပင်တိုင် ဆောင်းပါးရှင် ဆရာ သံကြိုးအား အထူးပင် ကျေးဇူး တင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြု ဖေါ်ပြအပ်ပါတယ် ခင်ဗျား။

ကျွန်တော် ကျောင်းကထွက်တော့ (၁၉၇၀) ခုနှစ်၊ (၁၀) တန်းကို တဝက် တပြက်နဲ့ ထွက်ခဲ့ရတယ်။ ရွာ “လလသသ” အဲ့ဒီတုန်းကတော့ အလုပ်သမား လယ်သမား သက်သာ ချောင်ချိရေး သမဝါယမလို့ ခေါ်တယ်။ အဲ့ဒီမှာ ကျွန်တော် အလုပ် လုပ်နေတဲ့အချိန် မြန်မာပြည် အရှေ့မြောက်ဖျားမှာ တပ်မတော်နဲ့ ဗကပ တို့ဟာ အကြီးအကျယ် တိုက်ပွဲတွေ ဖြစ်နေတယ်။

ကျွန်တော်နေတဲ့ ရွာက မန္တလေး - လားရှိုး လမ်းပေါ်မှာ မေမြို့နဲ့ (၉) မိုင် ဝေးတဲ့ မြိုင်ကြီးရွာ ဖြစ်ပြီး စစ်ကြောင်း ကားတွေ ကျွန်တော်တို့ ရွာက ဖြတ်သွား ကြတယ်။ အသွားမှာတော့ ကားတိုင်း ရဲဘော် အပြည့် အသိပ်ဘဲ၊ ပြန်လာရင် တချို့ တဝက်ဘဲ ပါတော့တယ်။ တချို့ စစ်ကြောင်းတွေ ကျွန်တော်တို့ ရွာမှာ ထမင်းချက်စား ကြတယ်။ ဒီမှာ စစ်သားတွေ၊ စစ်ဗိုလ်တွေနဲ့ စကားပြော ဖြစ်တယ်။

 

မဲဆန္ဒခံယူပွဲအချိန်ကာလအတွင်း မဲပုံးရုံး တစ်နေရာအား တွေ့ရပုံ

ဗကပ ဆိုတာ တရုတ်ကျောထောက်နောက်ခံနဲ့ စစ်ပွဲကို ဖန်တီးနေကြောင်း၊ အမိမြေကို ကာကွယ်ဖို့လိုကြောင်း၊ အခုဆိုရင် ကွမ်လုံမြို့ဟာ တဲတဲဘဲ ကျန်တော့ကြောင်း သူတို့ ပြောပြလို့ သိရှိခဲ့ရပါတယ်။ ရှေ့တန်းက ပြန်လာတဲ့ တပ်မတော်သားတွေ ဆိုတာ စုတ်ပြတ်သတ်နေတယ်။ ကျွန်တော်တို့ လူငယ်တွေကို စည်းရုံးတယ်။ အမိမြေကို ကာကွယ်ဖို့ အတွက် တပ်မတော်ထဲ ဝင်ကြဖို့ တိုက်တွန်းတယ်။ ဒါပေမယ့် အခုချိန်ထိ တပ်မတော်ထဲ ဝင်ပြီး စစ်မှုထမ်းတာ ကျွန်တော်တို့ရွာမှာ ကျွန်တော် တစ်ယောက်ဘဲ ရှိခဲ့တယ်။

အဲ့ဒီတုန်းက တပ်ထဲဝင်ရင် အသက် (၁၈) နှစ် ပြည့်မှ ရတယ်။ ဒါ့အပြင် ရပ်ကွက်လူကြီး ထောက်ခံစာ၊ ရဲစခန်း ထောက်ခံစာ၊ မှတ်ပုံတင် အပြည့်အစုံ ပြနိုင်မှ စစ်သား စုဆောင်းရေးက လက်ခံတယ်။ ကျန်းမာရေး ဆေးစစ်တယ်။ ဓါတ်မှန် ရိုက်တယ်။ ဆေးအောင်မှ သက်ဆိုင်ရာ လေ့ကျင့်ရေးတပ်တွေကို ပို့တယ်။ ဆေးအောင်မှ တပ်သားသစ် အဖြစ် လက်ခံတယ်။ နှစ်လ သုံးလလောက်ကြာမှ သက်ဆိုင်ရာ လေ့ကျင့်ရေး တပ်တွေကို ပို့တယ်။ အဲ့ဒီတုန်းက လေ့ကျင့်ရေးက (၃) ရင်းဘဲ ရှိတယ်။ တိုင်းဗဟိုက (၅) ရင်း၊ ကျွန်တော်တို့ အရင် တပ်ခွဲတွေက လေ့ကျင့်ရေးမှာ (၃) လ တက်၊ တိုင်းဗဟိုမှာ (၃) လ တက်မှ တပ်သား အဆင့်နဲ့ ခြေလျင်တပ်ရင်းတွေကို ရောက်တယ်။

ကျွန်တော် သင်တန်းတက်တဲ့ နှစ်မှာဘဲ လေ့ကျင့်ရေး သင်တန်းကျောင်းမှာ (၆) လ တက်ရရာ တော်လှန်ရေးနေ့ စစ်ရေးပြနဲ့ ကြုံလို့ (၇) လခွဲ ကြာသွားတယ်။ သင်တန်းကျောင်းက သင်ပေးလိုက်တဲ့ ပညာရပ်တွေထဲမှာ ထင်းခွေတဲ့ ပညာရပ်၊ မအေ နှမတွေ ရိုင်းရိုင်းစိုင်းစိုင်း ဆဲတဲ့ အတတ်ပညာတွေကိုတော့ သင်တန်းသားတိုင်း တတ်မြောက်ခဲ့ကြပါတယ်။ နောက်တစ်ခုက ဘာလဲဆိုတော့ “ပေဖြစ်တုန်းခံ တူဖြစ်ရင်နှံ” ဆိုတဲ့ စကားကို ခေါင်းထဲ ရိုက်သွင်းလိုက်တယ်။ အဲဒီတုန်းက (၁၉၇၀) ကျော် ဖြစ်ပြီး အခုအချိန်မှာ တပ်ထဲ ကျန်နေ တဲ့သူတွေဟာ ဆရာကြီးတွေ ဖြစ်နေကြပြီ။ သူတို့ပေဘ၀က ခံခဲ့ရတာ တွေကို အခု တူဖြစ်တော့ ဆက်ထုကြအုံးမှာဘဲ။

ကျွန်တော်တပ်ထဲဝင်ခါစက အစ်ကိုဝမ်းကွဲတစ်ယောက်က ပြောတယ်။ မင်းတပ်ထဲဝင်ရင် မျက်ကန်းမျိုးချစ် ဖြစ်သွားမယ်ဆိုတာ အခုထိ မှတ်မိနေသေးတယ်။ ကျွန်တော်တပ်ထဲ ၀င်တဲ့အချိန်မှာ တော်လှန်ရေးကောင်စီက မြန်မာ့ဆိုရှယ်လစ်စနစ်ကို အမြုတေပါတီကနေ ပြည်သူ့ပါတီသို့ ပြောင်းလဲဖို့ တာစူနေတဲ့အချိန် ဖြစ်တယ်။ တကယ်လည်း ပြောင်းလဲ ပေးပါတယ်။ ဒါပေမဲ့ ပိုင်ရှင်အစစ်အမှန် ပြည်သူ့လက်ထဲ အာဏာလွှဲအပ်တာကတော့ ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးနေ၀င်းက တိုက်ပုံဝတ် သမ္မတကြီး ဦးနေ၀င်းကို လွှဲအပ်တာဖြစ်လို့ တအံ့တသြ ဖြစ်ခဲ့ရပါတယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်တော့ ကျွန်တော် လေ့ကျင့်ရေးကျောင်းမှာဘဲ ရှိသေးတယ်။

ထောက်ခံမဲနဲ့ ဆန့်ကျင်မဲ ကြိုက်တာပေးဖို့ မဲရုံစည်းကမ်းတွေ ကျွန်တော်တို့ သင်တန်းသားတွေကို အရပ်သားတွေက လာပြီး ရှင်းလင်းပြတယ်။ တကယ်တမ်း မဲပေးကြတော့ သင်တန်းသား (၂၀၀) လောက်မှာ (၃၀) လောက် ခေါ်သွားတယ်။ မဲရုံရောက်တော့ မှတ်တမ်းတင် ဓါတ်ပုံရိုက်တယ်။ ကျန်တဲ့သူတွေကတော့ မဲရုံဆိုတာ ဘာမှန်းတောင် မသိရဘူး။ မဲသွားထည့်တဲ့သူတွေကို မေးကြည့်တော့ မဲရုံထဲမှာ ကန့်ကွက်မဲပုံး မရှိဘူးတဲ့၊ ထောက်ခံမဲပုံးဘဲ တွေ့တယ်လို့ ပြောကြတယ်။ နားလည်လည်း ထောက်ခံ၊ နားမလည်လည်း ထောက်ခံ ဆိုတဲ့ ပုံစံဖြစ်တယ်။ မဲရုံကို မသွားရတဲ့သူတွေရဲ့ မဲတွေကလည်း ထောက်ခံမဲပုံးထဲဘဲ ရောက်သွားမှာ သေချာပါတယ်။

မြို့နယ်အဆင့် ဥက္ကဌတွေအတွက် မဲပေးဖို့နဲ့ပတ်သက်ပြီး ကျွန်တော့်မိခင်တပ်ရင်းရှိရာ လွိုင်လင်မှာ ကြုံဖူးတာပြောပြမယ်။ (၁၉၇၈) ခုနှစ်မှာ ဦးနေ၀င်းက ပါတီဥက္ကဌကနေ ကောင်စီဥက္ကဌဆိုပြီး ပါတီရဲ့အထက်မှာ ကောင်စီဆိုတာ ထပ်ပေါ်လာတဲ့ အချိန်အခါ။ မြို့နယ်ကောင်စီဥက္ကဌ ရွေးချယ်ဖို့အတွက် အမည်စာရင်းက တစ်ယောက်ထဲဘဲ။ ပြိုင်ဖက်မရှိ ၀င်ပြိုင်တဲ့ ဗဟိုဦးစီး ဆိုရှယ်လစ်စနစ်၊ မထောက်ခံချင်ရင်လည်း နောက်တစ်ယောက် ရွေးစရာ မရှိ။

နောက်ပြီး ကျွန်တော်တို့ မြန်မာပြည်သားတွေ အရိုးစွဲနေတဲ့စကား “ရှေ့ဘုန်းကြီးတချက် နောက်ဘုန်းကြီးနှစ်ချက်” ဆိုတာ၊ ဒီတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် တွေ့တဲ့လူ ခေါင်းဆောင် တင်ချင်တဲ့ စိတ်ဓါတ်က ရှိနေတယ်။ ဘယ်အစိုးရ တက်တက် ကိုယ့်ဟာကိုယ် ရှာစားရတာဘဲ ဆိုပြီး စိတ်ထဲ စွဲနေကြတာ နှစ်ပေါင်း (၄၈) နှစ် ရှိသွားခဲ့ပြီ။ ကြားဘူး လိုက်တယ်၊ ကမ္ဘာပေါ်မှာ အစိုးရ (၄) မျိုး ရှိတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတာလို့ ထင်တာဘဲ။

ဘယ်သူပြောပြော စဉ်းစားဖို့ကောင်းတဲ့ စကားပါ။ အဲ့ဒါတွေကတော့ “ပထမအစိုးရက ပြည်သူလူထု ကြောက်ရွံ့ရတဲ့ အစိုးရ၊ ဒုတိယက ပြည်သူလူထု ရွံ့မုန်းတဲ့ အစိုးရ၊ တတိယက ပြည်သူလူထု ချစ်ခင်တဲ့ အစိုးရ၊ နောက်ဆုံးတစ်ခုကတော့ ပြည်သူလူထုက သူတို့ကို အုပ်ချုပ်နေတဲ့ အစိုးရရှိလို့ ရှိမှန်းတောင် မသိတဲ့ အစိုးရ တို့ ဖြစ်ကြပါတယ်။

ကျွန်တော်တို့ သက်တမ်းတလျှောက် (၂၆) နှစ်အထိ အုပ်စိုးခဲ့တဲ့ မဆလ အစိုးရကတော့ တတိယ အမျိုးအစားကို အနည်းငယ် ၀င်တယ်။ ဒီဘက် (၂၂) နှစ်ကတော့ ပထမနဲ့ ဒုတိယ အမျိုးအစား အစိုးရမျိုး ဖြစ်တယ်။ English စကားမှာ ပြောကြတဲ့ government is By the people, of the people, for the people ဆိုတာတွေ ဘယ်တော့မှ ဖြစ်လာမလဲ ဆိုတာ တော့ မသိနိုင်ဘူး။

ကျွန်တော် တပ်မတော်အတွင်း တာဝန်ထမ်းဆောင်ခဲ့စဉ်က ကြုံခဲ့ ဖြတ်သန်းခဲ့ ရတာလေးတွေကို ပြောပြချင်လို့ ဒီဆောင်းပါး ကို ရေးရတာပါ။ (၁၉၇၄) မှာ တစ်ကြိမ်၊ (၁၉၇၈) မှာ တစ်ကြိမ်၊ (၁၉၈၂) မှာ တစ်ကြိမ်၊ ကိုယ်တိုင် မဲပေးဖူးးတော့ မဲရုံထဲ ဝင်သွားရင် ကန့်ကွက်မဲပုံး မတွေ့ခဲ့ဖူးဘူး။ ထောက်ခံမဲပုံး အဖြူရောင်သာ တွေ့ခဲ့ဖူးတယ်။ ကျွန်တော် တပ်ထောက်က ထုတ်ပေးလိုက်တုန်းက ထောက်ခံမဲပုံး အလုံး (၂၀)၊ ကန့်ကွက်မဲပုံး အလုံး (၂၀) ထုတ်ပေးခဲ့တယ်။ လွိုင်လင်မြို့နယ်အတွင်း မဲရုံတိုင်းမှာ ကန့်ကွက်မဲပုံး မရှိခဲ့ဘူး။ (၁၉၈၂) မှာ ကျွန်တော်ကိုယ်တိုင် မဲပေးရတော့ မဲရုံထဲ ဝင်သွားတယ်။ ကန့်ကွက်မဲပုံး မရှိဘူး။

 

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမြင်ကွင်း

ကျွန်တော်လည်း ခပ်ရွတ်ရွတ်နဲ့ မဲကို မထည့်ဘဲ ဘောင်းဘီအိတ်ထဲ ထည့်ပြီး ပြန်ထွက်လာတယ်။ အပြင်မှာ ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်မယ့် ကျွန်တော်တို့တပ်က ရုံးအုပ်ကြီး ဒုအရာခံဗိုလ် စံထိုက်နဲ့ ပက်ပင်းတိုးတော့ ကျွန်တော်က ဘယ်လိုဖြစ်တာလဲ ကန့်ကွက်မဲပုံး မလုံလောက်လို့ ဒီမဲရုံမှာ မတွေ့တာလားလို့ မေးလိုက်တယ်။ ပြန်ပြောတဲ့ စကားက တွေ့တဲ့ မဲပုံးထဲ ထည့်လိုက်ပေါ့ကွာတဲ့။ အတော် တရားကျဖို့ကောင်းတဲ့ အစီအစဉ်။ အဲ့ဒါက မဆလ လက်ထက်မှာ စစ်တပ်က မဲပေးတဲ့ စနစ်။

(၁၉၈၈) ခု စစ်တပ်က အာဏာသိမ်းပြီး (၉၀) ခုနှစ်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ လုပ်ပေးပါတယ်။ ကျွန်တော်တို့တပ်က တပ်မ (၉၉) ကနေ နံပါတ်ပြောင်းပြီး တပ်မ (၅၅) လက်အောက်ခံ ဖြစ်သွားတယ်။ တပ်မ (၅၅) က စဖွင့်တုန်းက စစ်ကိုင်းမှာ၊ တပ်မ (၃၃) ကို ဖွင့်တော့ ကလောမြို့မှာ၊ နောက်တော့ ဘယ်ကနေ ဘယ်လို ပြောင်းလိုက်တယ် မသိဘူး။ ကလောမြို့မှာ တပ်မ (၅၅) ဖြစ်သွားတယ်။ စစ်ကိုင်းမှာ တပ်မ (၃၃) ဖြစ်သွားတယ်။ ကျွန်တော်တို့ တပ်က လွိုင်လင်မှ ဆိုတော့ နီးစပ်ရာ တပ်မ (၅၅) လက်အောက်ခံ ဖြစ်သွားတယ်။

ပထမဆုံး ရန်ကုန်ကို စစ်ဆင်ရေးထွက်တယ်။ ဒုတိယတစ်ခေါက် ထားဝယ်ကို ကြယ်ငါးပွင့်က “တောင်ကြီး” ဆိုတဲ့ သင်္ဘောစီးပြီး စစ်ဆင်ရေး ထွက်ရတယ်။ ထားဝယ်မြို့ မြောက်ဘက် ကားလမ်းမတလျှောက် စခန်းထိုင်ရတယ်။ ကျွန်တော် တို့ တပ်ခွဲက ကလိမ်အောင်ရွာကြီးကို အခြေပြုပြီး လှုပ်ရှားတပ်ခွဲအဖြစ်နဲ့ ရန်သူ့ သတင်းရရင် ရသလို လှုပ်ရှားသွားလာနေ ရတယ်။

ဒီမှာ ရွေးကောက်ပွဲအတွက် မဲဆွယ်နေတာတွေ ကြုံတွေ့ခဲ့ရတယ်။ ကျွန်တော်တို့ ရဲဘော်တွေ၊ ဆရာတွေ မပြောနဲ့ အရာရှိတွေတောင် ဘယ်ဟာက ဘယ်လို ဆိုတာ တစ်ခုမှ မသိဘူး။ ကျွန်တော်နားလည်တာကတော့ ဘယ်ပါတီ၊ ဘယ်အစိုးရ တက်တက် တပ်မတော်ရဲ့ အဓိက တာဝန်က နိုင်ငံတော်ကို လက်နက်ကိုင်ပြီး ကာကွယ်စောင့်ရှောက်ဖို့ဘဲ သိတယ်။ တပ်မတော်ဟာလည်း နိုင်ငံရေးပါတီတစ်ခုရဲ့ လက်အောက်မှာဘဲ ရှိသင့်တယ်။

ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိတဲ့ တပ်မတော်တိုင်း နိုင်ငံရေးပါတီတစ်ခုရဲ့ လက်အောက်ကနေ တိုင်းပြည်ကာကွယ်ရေး တာဝန်ထမ်းဆောင်နေကြတာ သိတယ်။ တိုင်းပြည်ကို နိုင်ငံရေးပါတီ တစ်ခုကဘဲ ဦးဆောင်သင့်တယ်လို့ ယူဆထားတယ်။ ဒီတော့ ဘယ်ပါတီ နိုင်နိုင် ကိုယ်နဲ့ မဆိုင်ဘူးလို့ သိထားတယ်။ တစ်ရက် ရေဖြူမြို့နယ်အတွင်း ဖိနပ်မပါ ကျောင်းသားစစ်သည် (၇၀) ကျော် လှုပ်ရှားနေတဲ့ သတင်းရလို့ လိုက်ကြတယ်။

ကျောင်းသားတွေ ရောက်သွားတဲ့ ရွာတွေမှာ “ခမောက်” ပါတီကို မဲပေးဖို့ မဲဆွယ်တရား ဟောကြောင်း သိရတယ်။ “ခမောက်” ဆိုတာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှန်း သိရတယ်။ ဒီတော့မှ စုံစမ်းကြည့်တယ်။ ပါတီ ဥက္ကဌက ဗိုလ်မှူးချုပ် အောင်ရွှေ (ငြိမ်း)၊ ဒုဥက္ကဌက ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူးက ဒေါ်အောင်ဆန်းစုကြည်တို့ ဖြစ်ကြမှန်း သိရတယ်။ ဒီလိုပုဂ္ဂိုလ်တွေ ဦးဆောင်တဲ့ပါတီ အနိုင်ရရင် တပ်မတော်သားတွေ အနေအထား တမျိုးတဖုံ ပြောင်းလဲသွားမယ်။

ဦးတင်ဦးဆိုရင် ကာကွယ်ရေး ဦးစီးချုပ်တုန်းက တပ်မတော်သားတွေအတွက် အခွင့်အရေး တစ်ခုတောင်းဖူးတယ်။ ခွင့်လစာ ရရှိရေးကိစ္စ ဖြစ်တယ်။ မဆလ လက်ထက်မှာ အစိုးရ ဝန်ထမ်း မှန်သမျှ တစ်နှစ်ကို ခွင့်တစ်လ မယူမနေရ ယူရတယ်။ ခွင့်လဲ ပေးတယ်။ တပ်မတော်သားတွေဆိုတာ သာမန်ခွင့်ရက် (၃၀) မရကြဘူး။ တချို့ ရဲဘော်တွေဆိုရင် အနှစ် (၂၀) လောက် တာဝန် ထမ်းဆောင်ပြီးတာတောင် ခွင့်တစ်ခါမှ မယူကြရဘူး။ အဲ့ဒီအတွက် စစ်မှုထမ်းတစ်ယောက် စစ်တပ်က နှုတ်ထွက်သွားရင် တစ်နှစ်ကို တစ်လနှုန်းနဲ့ တာဝန်ထမ်းဆောင်ခဲ့တဲ့ နှစ်အလိုက် ခွင့်အတွက် နစ်နာကြေး ထပ်ဆောင်းပေးဖို့ တင်ပြခဲ့တယ်။ ဒါပေမယ့် မရခဲ့ဘူး။

ဒေါ်အောင်ဆန်းစုကြည်ဆိုရင် နိုင်ငံတကာသိတဲ့ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်၊ ကျွန်တော်တို့ ကတော့ အဲ့ဒီပါတီဘဲ နိုင်စေချင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ ရဲဘော်တွေက ရှေ့တန်းမှာ မဲမပေးရဘူး။ နောက်တန်းမှာ ကျန်နေတဲ့ နောက်တန်းမှူး၊ တပ်ရေးဗိုလ်ကြီးတို့ အစီအစဉ်နဲ့ ကျွန်တော်တို့ မဲတွေကို ကိုယ်စားပြုထည့်တယ်။ ဘယ်ပါတီကို ထည့်လို့ ထည့်မှန်းတောင် မသိ လိုက်ဘူး။ မဲဆွယ်စည်းရုံးတဲ့ ကျောင်းသားတပ်နောက်ကို လိုက်ကြတုန်းက ဘယ်လို သဘော လည်းတော့ မသိဘူး။ ထားဝယ်ချောင်းကို သူတို့က အရှေ့ဘက်ကတက်ရင် ကျွန်တော်တို့ စစ်ကြောင်းက အနောက်ဘက်ကတက်တယ်။ သူတို့ အနောက်ဘက်က ဆင်းရင် ကျွန်တော် တို့ အရှေ့ဘက်က ဆင်းတယ်။ အမြဲတမ်း လွဲနေတယ်။ NLD ပါတီ အနိုင်ရရေးလုပ်ဖို့ ကျွန်တော်တို့တပ်တွေကဘဲ အားပေးအားမြှောက် လုပ်ပေးထားသလို ဖြစ်နေတယ်။ ကျွန်တော်ကတော့ ဝမ်းသာပါတယ်။

ကျွန်တော်တို့ နောက်တန်း ပြန်ရောက်တော့ ရွေးကောက်ပွဲမှာ NLD ပါတီက အပြတ်အသတ် အနိုင်ရကြောင်း သိလိုက်တော့ ဝမ်းသာခဲ့တယ်။ နောက်ပိုင်း ကျွန်တော်လည်း တပ်ပြောင်းရတယ်။ အဲ့ဒီအချိန်က (၁၉၉၁) ခု ရောက်ပြီ။ အနိုင်ရပါတီကို ယာယီဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ အာဏာမလွှဲနိုင်ကြောင်း ကြေငြာတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေကိုလည်း အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဝရမ်းတွေထုတ်တယ်။ အဖမ်းခံရတဲ့သူ အဖမ်းခံရ၊ နိုင်ငံခြား ထွက်ပြေးတဲ့သူတွေ ပြေးကုန်တယ်။ ကျွန်တော်လည်း လုပ်ချင်ကိုင်ချင်စိတ် မရှိတော့တာနဲ့ ထွက်ခွင့်ရဖို့ ကြိုးစားပြီး နှုတ်ထွက်လိုက်တယ်။

အခု လာပါပြီ။ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ (၂၀၁၀) ခုနှစ် ကုန်ပိုင်းမှာ ရွေးကောက်ပွဲ လုပ်ပေးမယ် ဆိုတဲ့ အသံကြားတော့ အဲ့ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံထဲမှာ မဲပေးနိုင်တဲ့ နိုင်ငံသားတွေအဖြစ် တပ်မတော်သားတွေ ပါနေပြန်သေးတယ်။ စစ်တပ်က ရွေးကောက်ပွဲ မဝင်ဘဲနဲ့ လွှတ်တော်ထဲမှာ (၂၅%) နေရာ ယူထားပါလျှက် တပ်မတော်သားတွေကို မဲပေးခွင့် ပြုထားတာ ရှင်းနေတယ်။

အရပ်သားအချင်းချင်း အပြိုင်အဆိုင် ဝင်ပြိုင်မယ့် ရွေးကောက်ပွဲမှာ စစ်သားတွေ ဘာမှ ဝင်ရှုပ်စရာမလိုတော့ဘူး၊ အခုအချိန်မှာ အသဲကြားက မဲတစ်ပြားဟာ အမတ်လောင်းတွေ အတွက် အလွန် အရေးကြီးပါတယ်။ မြို့နယ်တစ်ခုမှာ စစ်သားတွေ ပေးမဲ့ မဲဟာ အမတ်လောင်းတစ်ဦးအတွက် ဆုံးရှုံးနစ်နာမှု ဖြစ်စေနိုင်သလို စစ်တပ်အလိုကျ အမတ်လောင်း တစ်ယောက် အတွက်ကတော့ အထူး အခွင့်အရေးတရပ် ဖြစ်သွားနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။

Last Updated ( Wednesday, 15 August 2012 21:55 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ