စာဖတ်ပရိတ်သတ်များခင်ဗျား
ပြည်ပရောက် တပ်မတော် (လေ) စစ်သည် တစ်ဦးက ရှစ်လေးလုံး ကာလ အတွင်း အမှတ် (၅၀၁) လေတပ် စခန်းတွင် ပါတီ ဥက္ကဌ ဦးနေ၀င်းရဲ့ ဓါတ်ပုံကို တပ်မတော်သားများက ရဲဝံ့စွာ ဖြုတ်ချခဲ့ကြပုံနဲ့အတူ ယနေ့ တပ်မတော် သားများကိုလည်း ပြည်သူ့ဘက် ရပ်တည်ရမဲ့ စစ်သားကောင်းအဖြစ် မှတ်ကျောက်တင် ခံနိုင်အောင် ၀ိနည်းလွတ် လုပ်ကိုင် လို့ရတဲ့ ဘောင်ထဲက စတင်လုပ်ဆောင်သွားဖို့ တိုက်တွန်း ထားတဲ့ ဆောင်းပါး တစ်ပုဒ်ကို ရေးသားပေးပို့လာရာ စာဖတ် ပရိသတ်များကို တင်ပြပေးလိုက်ပါတယ်။ ယခုလိုပေးပို့ လာတဲ့အတွက် ဆောင်းပါးရှင် မင်းသစ္စာအား “စည်းလုံးခြင်းရဲ့ အင်အား” မှ ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူး တင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ် ပါတယ် ခင်ဗျား။
မှတ်ကျောက်တင်ကြစို့
ဆောင်းပါးရှင် - မင်းသစ္စာ (ပြည်ပရောက် တပ်မတော် (လေ) စစ်သည်တော် တစ်ဦး)
ဦးနေ၀င်းပါတီဥက္ကဌ အဖြစ်ကနေထွက်ပြီး နောက်နေ့လို့ထင်ပါတယ်။ (၅၀၁) လေတပ် စခန်းက စစ်ဆင်ရေးခန်းမမှာ ထူးခြားမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ စစ်ဆင်ရေးခန်းမဟာ တပ်ရဲ ဌာနချုပ်ရုံးနဲ့ လေတပ်စခန်းမှူးရုံးရဲ့ အလယ်မှာရှိပါတယ်။ အဲဒီ စစ်ဆင်ရေးခန်းမဟာ လေတပ်စခန်းချုပ်ရုံးနဲ့ စင်္ကြန် ဆက်နေပြီး လေတပ်စခန်းမှူး အခန်းနဲ့ကတော့ ၁၅ မီတာ လောက်ဘဲ ဝေးပါတယ်။ စစ်ဆင်ရေး ခန်းမရဲ့ ထိပ်ထောင့်မှာတော့ အခန်း (၂) ခန်းရှိ ပါတယ်။ ညာဖက်က အခန်းဟာ တပ်တွင်း စည်းရုံးရေး ကော်မီတီရုံးဖြစ်ပြိး ဘယ်ဘက်ခန်း ကတော့ စက်မှုအရည်အသွေး စစ်ဆေးရေးတာဝန်ခံများ (QC) Quality Check လို့ ခေါ်တဲ့ စီနီယာစက်မှုလက်မှု အကြပ်ကြီးအရာခံဗိုလ်များ ရုံးထိုင်လေ့ရှိတဲ့ အခန်းဖြစ် ပါတယ်။
ညတုန်းက အကြပ်နဲ့ရဲဘော်များ မိသားစုအတွက် စစ်ဆင်ရေး ခန်းမထဲမှာ ထားပေးတဲ့ တယ်လီဗေးရှင်းက မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ ဦးနေ၀င်း နှုတ်ထွက်သွားတဲ့ သတင်းကို ကြည့်ကြပြီးပြီမို့ တစ်တပ်လုံးက သိထားပြီး ဖြစ်ပါတယ်။ ဦးနေ၀င်း မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီကနေ နှုတ်ထွက်ပြီး နောက်နေ့ မနက် ၈ နာရီကျော်ကျော် လောက်မှာ ဖြစ်ပျက်ခဲ့တာတော့ အသေအချာ ပါဘဲ။

ဗိုလ်ချုပ်ကြီး နေ၀င်းနဲ့ ထိုင်းဘုရင်တို့ တွေ့ဆုံစဉ်
အဲဒီနေ့ မနက်မှာ တပ်တွင်း စည်းရုံးရေးကော်မတီရုံးရဲ့ အခန်းထဲမှာ အရာခံဗိုလ် အုန်းမြင့် နဲ့ တွဲဖက်ရဲဘော် (၂) ဦး ရှိနေကြပါတယ်။ အဲဒီနေ့အတွက် အရေးပေါ် လုံခြုရေး တပ်ခွဲက စစ်သည်တွေ လက်နက်တိုက်ကနေ လက်နက်ထုတ်ပြီး စစ်ဆင်ရေးခန်းမကို လျှောက်ဝင် လာကြပါတယ်။
တပ်တွင်းစည်းရုံးရေး ကော်မတီရုံး အ၀င်တံခါးဝနဲ့တည့်တည့်၊ ကော်မတီမှ အတွင်းရေးမှူးဖြစ်သူ အရာခံဗိုလ် အုန်းမြင့်ရဲ့  စားပွဲနောက်ကျောဖက် နံရံပေါ်မှာတော့ တပ်မတော် ရဲ့ ဖခင်ဗို်လ်ချုပ်အောင်ဆန်းနဲ့ ဦီးနေ၀င်းတို့ရဲ့ ဓါတ်ပုံ ၂ ပုံ ချိတ်ဆွဲထားတာကို အပြင်ဖက် ခန်းမထဲကနေလဲ မြင်နေရပါတယ်။
၁၉၈၇ ခုနှစ် ငွေစက္ကူ ဖျက်သိမ်းပြီးကတည်းက ကျနော်တို့ လေတပ်တွေမှာ အရေးပေါ် လုံခြုရေး တပ်ခွဲတစ်ခွဲကို အမြဲတမ်း တာဝန်ပေးထားတာမို့ ရဲဘော်တွေလဲ စိတ်ညစ် နေကြရပါတယ်။ တပ်တွင်း အိမ်ထောင်သည် လိုင်းခန်းတွေမှာ နေခွင့်ရပြီးသူ အိမ်ထောင် သည်များနဲ့ လူပျိုစစ်သည်များအတွက် မထောင်းတာလှပေမဲ့ ပြင်ပမှာ နေထိုင်ကြသူများနဲ့ တပ်တွင်း အိမ်ထောင်သည် လိုင်းခန်းတွေမှာ နေထိုင်ခွင့်ရဖို့ စောင့်နေရသူများ အတွက် တော့ အလွန်ပင် ကသိကအောင့် ဖြစ်ကြရပါတယ်။
ဘယ်ကလာမဲ့ ရန်သူမှန်းလဲမသိ ဆန္ဒပြသူပြည်သူတွေမှာ လက်နက်မရှိ၊ ကျောင်းသား လူငယ်တွေက ပိုများနေပြီး ဘယ်သူတွေက လေတပ်ကို လာသိမ်းမှာမို့လဲ၊ အချိန်ကုန် လူပန်းတဲ့ တာဝန်တွေလို့ဘဲ စစ်သည်တွေအားလုံးက သိနေကြတယ်လေ။
အရေးပေါ် လုံခြုရေးတပ်ခွဲ ဆိုတာကလဲ လေတပ်စခန်းရဲ့ ဌာနပေါင်းစုံက လူတွေနဲ့ စုဖွဲ့ ရတာကိုး။ မိမိတို့ မိခင်ဌာနတွေရဲ့ ပုံမှန်လည်ပတ်နေရတဲ့ လုပ်ငန်း တာဝန်တွေကလဲ ရပ်ထားလို့ရတာ မဟုတ်ဘူး။ အုပ်ချုပ်ရေးဖက်ကရော စက်မှုလက်မှုဖက်ကရော တပ်ခွဲ တွေကနေ တာဝန်ကျသူတွေ အလှည့်ကျ တာဝန်ယူရတယ်လေ။ အဲဒီအချိန်မှာ စစ်ဆင် ရေးခန်းမထဲကို လက်နက်ထုတ်ပြီး ၀င်လာသူတွေက စည်းရုံးရေးကော်မတီရုံးခန်းထဲမှ အတွင်းရေးမှူး အရာခံဗိုလ်အုန်းမြင့်ရဲ့ စားပွဲနောက်ကျောဖက် နံရံပေါ်ရှိ ဗို်လ်ချုပ် အောင်ဆန်းနဲ့ ဦီးနေ၀င်းတို့ရဲ့ ဓါတ်ပုံ ၂ ပုံကို ကြည့်ပြီး ရဲဘော်တစ်ယောက် က စပြော လိုက်ပါတယ်။
“ဟေ့……ဒီ ဦးနေ၀င်းပုံကြီးကို ဘာလို့ချိတ်ထားသေးတာလဲ၊ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီကနေ နှုတ်ထွက်သွားပြီ မဟုတ်လား၊ ဖြုတ်ပစ် မကြည့်ချင်ဘူး” ဆိုပြီး တစ်ယောက် တစ်ပေါက် အသံတွေ ထွက်လာရာကနေ ပိုပြီး ဆူညံဝိုင်းအုံလာတော့ အရာခံဗိုလ်အုန်းမြင့်လဲ မနေရဲတော့ဘဲ စားပွဲပေါ်ကို တက်ကာ ဦီးနေ၀င်းရဲ့ဓါတ်ပုံကို ဖြုတ်ပေးလိုက်ရပါတယ်။ အဲဒီအချိန်မှာ စည်းရုံးရေးကော်မတီ ရုံးခန်းထဲမှာ ရှိနေတဲ့ ဒုတပ်ကြပ် တစ်ယောက်က အောက်ကနေ အရာခံဗိုလ်ကို ကူပေးခဲ့ရပါတယ်။ ဓါတ်ပုံ ချိတ်ထားတဲ့ နေရာက မြင့်နေတော့ အရာခံဗိုလ်က စားပွဲပေါ်တက်ပြီး ဖြုတ်မှ မှီပါတယ်။
အဲဒီလို ဦးနေ၀င်းပုံကြီးကို ဖြုတ်ချပေးလိုက်တော့မှ သူတို့ကျေနပ် သွားကြပါ တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မှန်ဘောင်သွင်းထားတဲ့ ခန့်ငြားထည်ဝါတဲ့ပုံသာ တပ်တွင်း စည်းရုံးရေး ကော်မီတီရုံးရဲ့ နံရံထက်မှာ ကျန်ခဲ့ပါတော့တယ်။
(၅၀၁) လေတပ်စခန်းနဲ့ ကြည်း/ရေ/လေ တပ်မတော်တစ်ခုလုံးက အရာရှိစစ်သည် တွေကော ပြည်သူတွေပါ ဒီအဖြစ်အပျက်ကို သိအောင်ပြန်ရေးပြတာပါ။ (၅၀၁) လေတပ် စခန်းကို ကြေငြာနေတာလဲ မဟုတ်ဘူး ဆိုတာကိုတော့ ပြောချင်ပါတယ်။
တကယ်တော့ ဒီအဖြစ်အပျက်လေးမှာ ဓါတ်ပုံဖြုတ်ချဖို့ တောင်းဆိုတဲ့သူတွေ၊ ပါဝင်ခဲ့တဲ့ သူတွေကို တပ်မတော်ထောက်လှမ်းရေးတွေရဲ့  မှတ်တမ်းမှာ စစ်ခုံရုံးတင်ဖို့ သိမ်းထားကြ မှာ မလွဲဧကန် ဖြစ်ပါတယ်။ ပြည်သူတွေတောင် မသိလိုက်ရပါဘူး။ တချို့ဆိုရင် ခုံရုံးတင် ထောင်ချအရေးယူ တပ်ကထုတ်ပြီး လောက်ပါပြီ။ အပေါ်က ဓါတ်ပုံဖြုတ်တဲ့ အဖြစ်အပျက် ဟာ ဦးနေ၀င်း နှုတ်ထွက်ပြီးမှ ဖြစ်တာပါ လုပ်ရဲကြမှာပေါ့လို့ တချို့ပြောကြမှာ ဖြစ်ပေမဲ့ ဦီးနေ၀င်းဟာ အဲဒီအချိန်က နောက်ကွယ်ကနေ တိုင်းပြည် အာဏာကို ထိမ်းချုပ်ထားဆဲဖြစ် တာတွေ့ရပါမယ်။ ဒါ့အပြင် သူ့ရဲ့အနီးကပ် ယုံကြည်ရတဲ့ ပါတီ ဗဟိုကော်မီတီဟောင်း တွေကလဲ တပ်မတော်မှာအာဏာ ရှိနေဆဲ ဖြစ်ပါတယ်။
၅၀၁ လေတပ်စခန်းက လေသူရဲ အရာရှိတစ်ဦးရဲ့ ဇနီးသည်ဟာ သမ္မတ ဒေါက်တာ မောင်မောင်ရဲ့ သမီးဖြစ်ပြီး သူမဟာ တပ်တွင်းအလယ်တန်းကျောင်းမှာ အလယ်တန်းပြ ဆရာမ တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်တာမို့ တပ်ထဲက အရာရှိအိမ်ထောင်သည် လိုင်းမှာဘဲ နေဆဲဖြစ်ပါတယ်။
“ပြည်တင်းရင် မင်းမခံနိုင်ပါဘူး” ဆိုတဲ့ စကားရှိသလို စစ်သားတွေတင်းရင် အရာရှိတွေလဲ မခံနိုင်ပါဘူး။ အရေးအခင်း ကာလအတွင်းက ၅၀၁ လေတပ် စခန်းမှာ သိပ်နာမည်ဆိုးတဲ့ အရာရှိတစ်ယောက်ဟာ မစွာရဲဘဲ ငြိမ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်က တန်းပြည့်စစ်မှုထမ်းချိန် ဖြစ်သွားပြီး အနည်းဆုံး တပ်ခွဲတစ်ခွဲဟာ လက်နက်အပြည့်အစုံနဲ့ ရှိနေပါတယ်။
အရာရှိတစ်ဦး ဖြတ်သွားရင် စစ်တပ် စည်းကမ်းအရ အရိုအသေ ပေးဖို့ စတင်မြင်တွေ့ရတဲ့ စစ်သား တစ်ယောက်ယောက် (သို့မဟုတ်) စီနီယာကျတဲ့ တစ်ယောက်ယောက်က အလေးပြုလို့ အော်လိုက်ဖို့ တာဝန်ရှိပါတယ်။ ဒါပေမယ့် ဖြစ်စဉ်တစ်ခုအရ လေတပ်မှာ ညနေ အိမ်ပြန်ဖို့ ဖယ်ရီစောင့်နေစဉ် အရာရှိ တစ်ယောက် ဖြတ်သန်းလာခဲ့တဲ့အချိန်မှာ အမှုမဲ့အမှတ်မဲ့ အဆင်သင့် မဖြစ်လို့ မတ်တပ်ရပ် သတိမဆွဲမိတဲ့ အသက် ၄၀ ကျော် အကြပ်ကြီးကို စိတ်ဆိုးတာမျိုး တွေ့ခဲ့ဖူးပါတယ်။ အကြပ်ကြီးရဲ့သား အရွယ်လောက်သာ အသက်ရှိတဲ့ အဲဒီအရာရှိက စစ်သားတွေအများကြီးရှေ့မှာ အကြပ်ကြီးကို ဒိုက်ထိုးခိုင်းပြီး အပြစ်ပေးခဲ့ရာ ဒီလို အရာရှိဆိုးမျိုးတွေကတော့ အရေးအခင်း ကာလမှာ ငြိမ်ကုပ်ကာ ကြောက်နေပါတယ်။ ကြုံလို့ ပြောပြတာပါ။ အရာရှိဆန့်ကျင်ရေး လုပ်နေတာ မဟုတ်ပါဘူး။ ကျနော်တို့ နီးကပ်စွာ ဆက်ဆံခဲ့တဲ့ အရာရှိတွေ အများစုကတော့ အဲဒီ အလေးပြုခြင်း မပြုချင်းကိစ္စစိတ်ကို မ၀င်စားကြပါဘူး။
ကျွန်တော် တပ်မတော်သားတွေကို တိုက်တွန်းချင်တာက “ခင်ဗျားတို့ အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ပုံကို တပ်စခန်း အသီသီးက တပြိုင်တည်း လိုလိုမှာ ဖြုတ်ချပြီး ဆန္ဒပြမယ် ဆိုရင် မကောင်းဘူးလား” အဲဒီလိုပြောတော့ ကျွန်တော် ပြည်ပရောက်နေလို့ ကိုယ်ချင်း စာနာစိတ် မရှိလို့၊ မဖြစ်နိုင်တာတွေ ပြောတာဖြစ်နေအုံးမယ်။ ကျွန်တော့်စိတ်ထဲက ဖြစ်ချင်တာတွေ ပြင်းထန်သွားလို့ ခွင့်လွှတ်ပေးပါ။
ဦးစီးချုပ်ရဲ့ ဓါတ်ပုံဟာ တပ်မတော်မှာ အဓိကထားပြီး ချိတ်လေ့ရှိတာမို့ သူ့ပုံကို မဖြုတ်ဘဲ ဗိုလ်ချုပ် အောင်ဆန်းရဲ့ ဓါတ်ပုံကို တပြိုင်တည်း ပြန်ချိတ်ဖို့ ဦးစွာလိုပါတယ်။ အဲဒီမှာ ၀ိနည်းလွတ်လုပ်နိုင်တဲ့ နည်းလမ်းကတော့ မိမိတာဝန်ကျတဲ့အချိန် ညလူခြေတိတ် ချိန်ဘဲဖြစ်ဖြစ်၊ တာဝန်မကျလည်း တာဝန်ကျသူနဲ့ နားလည်မှုယူပြီး တိတ်တဆိတ် ဓါတ်ပုံ ဖြုတ်ခြင်းဖြင့် လှုပ်ရှားမှုကို စတင်စေလိုပါတယ်။
အဲဒီနောက် ဒုတိယအဆင့် တပ်မတော် တစ်ခုလုံးနည်းပါးက သူပေးတဲ့ အမိန့်ကို မနာခံတော့ဘူး။ အာဏာဖီဆန်မှုကို ပြလိုက်ရင်ကော ဘယ်လိုတွေ ဖြစ်ကြမလဲ? စဉ်းစားကြည့်လိုက်ပါက စိန်ခေါ်မှုကြီးတွေနဲ့ စမယ် ဆိုရင်တော့ သူ့ဘက်ကိုယ့်ဘက်က တပ်တွေ အချင်းချင်း ပြန်ပစ်ခတ်ရ၊ သေကြေ နာကျင်ရမှာမို့် မတွေးရဲစရာ ဖြစ်မိပါတယ်။
တပ်တွေ ပစ်ကြ ခတ်ကြတာဟာ ခလေးတွေ မီးပန်းတွေနဲ့ ကစားသလို မဟုတ်တော့ အသက်တွေပေးရမှာ ဖြစ်ပါတယ်။ သူတို့မှာကလဲ မိသားစုတွေနဲ့ လူပျိုတွေကြီးဘဲလဲ မဟုတ်လို့ ဘ၀တွေအားလုံးကို ရင်းကြရမှာ ဖြစ်ပါတယ်။
တပ်တစ်ခုလုံးကော နိုင်ငံကော ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီးမှ ဒီမိုကရေစီကို ပြောင်းရမှာ ဆိုရင်တော့ တန်ဖိုးကြီးလွန်းလှပါတယ်။ အိမ်နီးချင်းနိုင်ငံတွေ ဆိုတာကလဲ ဘယ်တုံးကမှ စိတ်ချထားလို့ ရခဲ့တာ မဟုတ်ပါဘူး။ အားလုံးက သမိုင်းအရကို သိနေပြီး သားပါဘဲ။ ဒီမိုကရေစီကို ပြောင်းလို့ ရပြန်ရင်လဲ အချောင်သမား နိုင်ငံရေးးသမားတချို့ က အမြတ်ထုတ်ကြပြန်ရင် ကိုယ်တို့ စစ်သားတွေက ပြည်သူအတွက် အသက်ပေးရတာ နှမြောတမ်းတ ဖြစ်နေရအုံးမယ်။
တခါ သည်းမခံနိုင်တဲ့ တပ်မှူးတစ်ယောက်ယောက်က အာဏာပြန်သိမ်းပြန်ရင် ဒုံရင်းဒုံရင်းနဲ့ အာဏာရှင်စနစ် ပြန်ရောက်ရ အုံးမယ်လို့ ပြောတဲ့လူက ပြောလာကြမယ်။ ဘာဘဲဖြစ်ဖြစ် တပ်ရင်းတစ်ရင်း တပ်မတစ်ခု လောက်နဲ့တော့ ထ မလုပ်လေနဲ့နော်၊ ကြေမွသွားဖို့က ဗေဒင်မမေးနဲ့ အသေအချာဘဲ။ တပ်ထဲမှာ လှိုက်နေပြီးသားဖြစ်ပေမယ့် ကြွလာအောင် သူတို့ကို နိုင်ငံတကာက အသိအမှတ်ပြု ထောက်ခံအားပေးဖို့ လိုအပ်ပါတယ်။
နောက်စဉ်းစားကြည့်ပါအုံး၊ ဗိုလ်နေ၀င်းလို လူကိုတောင် လေတပ်က ကောင်တွေက လုပ်ရဲခဲ့သေးတာဘဲ၊ အခု လက်ရှိတပ်ကို သမိုင်းမရှိတဲ့ ဗိုလ်သန်းရွှေလိုလူ လုပ်ချင်သလို လုပ်နေတာကို ကြည်းတပ်နဲ့ရေတပ်ကရော ပြီးတော့ မှတ်ကျောက်တင်ခဲ့တဲ့ လေတပ်ကကော မဆန့်ကျင် ရဲတော့ဘူးလား။ လေတပ်က စစ်သည်တွေ ၁၉၈၈ မှာ မဆလကို ဆန့်ကျင်လို့ ဆိုပြီး အာဏာရှင်တစ်စုက လက်စားချေထားလိုက်တာ ယခုလေတပ်မှာ ရဲဘော်တွေ မပြောနဲ့  အရာရှိအဆင့်တွေတောင် စုတ်ပြတ်နေပြီ မဟုတ်လား။
ကျနော် ပြောနေတာကလဲ တပ်ကြီး သယ် “မ” သွားပြီး ပစ်ကြဖို့ ပြောနေတာမှ မဟုတ်တာ။ မစ် ၂၉ တွေ တက်ခိုင်းတာလဲ မဟုတ်သလို ရေတပ်က ဘောက်ဖါ အမြောက်တွေကို သာကေတချောင်းထဲကနေ ဘယ်ကော ညာကော ခြေနင်းပြီး တော့“ပစ်”တော့လို့ ရေတပ်ကို ပြောတာလဲ မဟုတ်ပါဘူး။ ပစ်ကြရင်လဲ ကိုယ်တို့ စစ်သားတွေဘဲ အရင် သေကြမယ်။ ပြည်သူတွေလဲ ကြားထဲက ခံရမှာဘဲ။ အာဏာရှင်ရဲ့ အလိုတော်ရိတွေက ဘယ်နှစ်ယောက်မှ မရှိဘူး။ “စစ်ခွေးတွေ စစ်ခွေးတွေ” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ကိုယ်တို့စစ်သားတွေကို ခိုင်းနှိုင်းသုံးနှုန်းနေတာ အမြဲတန်း တွေ့မြင် ကြားနေရတာ ကျနော်ကိုယ်တိုင်လဲ စိတ်မချမ်းသာရပါဘူး။ စစ်သားအားလုံးလဲ ကျနော့်လိုဘဲ ခံစားကြရမှာပါ။ မိသားစုတွေ ဆွေမျိုးတွေ သူငယ်ချင်းတွေက အစ ပေါ့လေ။
အဲဒီလို ပြောခံရတာများတော့ စစ်သားတွေကို တိုက်တွန်းချင်တာက ကိုယ်တို့ စစ်သားတွေ လုပ်လို့ရတဲ့ ဘောင်ထဲကနေ စလုပ်စေချင်တာပါ။ ပြည်သူတွေက ကျောင်းသားနှင့် ဘုရားသား တာဝန်ကျေခဲ့ကြပြီ၊ တို့စစ်သားတွေ တာဝန်မကျေသေးဘူးလို့ မကြာခဏ ဝေဖန်ပြစ်တင်သံ ကြားရတာများလို့ တို့စစ်သားတွေ အနေနဲ့ ၀ိနည်းလွတ် လုပ်နိုင်သရွေ့ ပြည်သူ့ဘက် ကျေးဇူးဆပ်နိုင်အောင် ကြိုးစားကြပါလို့ တိုက်တွန်း ရေးသားရင်း နိဂုံးချုပ်လိုက်ပါတယ်။
| < Prev | Next > |
|---|

