လေ့ကျင့်ရေးကွင်းတွင် စစ်တပ်မှ ကိုယ်စီတိုက်ပွဲ လေ့ကျင့်နေပုံ
ဆောင်းပါးရှင် - ဗိုလ်ရဲထက်
ကျနော် ဆောင်းပါးတွေရေးရင်းနဲ့ တခုစဉ်းစားလာမိတယ်။ ဒီလိုလေးလည်း တွေးမိပြီးတော့ ကျနော် ထပ်စဉ်းစားမိလာပြန်တယ်။ တခြားတော့မဟုတ်ပါဘူး။ ကျနော်တို့ မေမြို့စစ်တက္ကသိုလ် ဗိုလ်လောင်းဘ၀တုန်းက လေ့ကျင့်ခဲ့ရတဲ့ မြေပုံဖတ်သင်ခန်းစာ အမှားလေးတွေကို ပြန်လည် မြင်ယောင်ရင်း ကျနော်အကြံတခု ရလာတယ်။ ဘာလဲဆိုတော့ ကျနော်တို့ စစ်ဆင်ရေး ဝင်တဲ့ဒေသတွေကို သွားကြတဲ့အခါမှာ မြေပုံပေါ်မှာမရှိတဲ့ရွာကို ရွာပုန်းလို့ခေါ်ပြီး မြေပုံပေါ်မှာရှိပေမဲ့ လက်တွေ့ မြေပြင်မှာမရှိတဲ့ ရွာတွေကိုတော့ ရွာပျက်ပေါ့။
ဒီတော့ ကျနော်တို့ကိုင်ထားတဲ့ မြေပုံဆိုတာက ဟိုး အင်္ဂလိပ်လက်ထက်က ဆွဲသွားတဲ့ မြေပုံတွေပေါ့။ (ခုတော့ UTM တွေနဲ့ အစားထိုးနေပါတယ်။) ဒီတော့ ဒီလောက်နှစ်တွေ အကြာကြီးအတွင်းမှာ တိုင်းရင်းသား ဒေသတွေမှာ ရိုးရာ အစဉ်အလာအရ လုပ်ကိုင် စားသောက်ဘဝကြီးပြင်းမှု အနေအထားတွေအရ လက်ရှိရွာတွေ ပျောက်ပျက်သွားနိုင်သလို ရွာအသစ်တွေလည်း ပေါ်ပေါက် လာနိုင်တယ်ဆိုတာကို ကျနော်တို့ မတွေးခဲ့ကြပါဘူး။ ဒီတော့ ခပ်လွယ်လွယ်ပြောရရင် မြေပုံပေါ်မှာမတွေ့တဲ့ ရွာကိုတွေ့တယ်ဆိုရင် ကျနော်တို့က ရွာပုန်းပဲ၊ ရွာပုန်း ဆိုသေချာတယ် သူပုန်တွေနေတာ။ ဒါလေးက ကျနော်တို့ရဲ့ ပုံသေနည်းပေါ့။ ခု ကျနော်လည်း အဲဒီပုံသေနည်းလေးနဲ့ ဆက်စပ်စဉ်းစားလိုက်တာ မထင်လိုက်ဘူး ကျနော်တို့နိုင်ငံမှာ မြို့ပုန်းကြီးရှိနေတယ်။

လေ့ကျင့်ရေးကွင်းတွင် စစ်တပ်မှ ကိုယ်စီတိုက်ပွဲ လေ့ကျင့်နေပုံ (ပုံ - mmmilitary.blogspot.com)
ရွာတွေမှာက အစိုးရကို တော်လှန်သူတွေ ပုန်းအောင်းတယ်ဆိုရင် မြို့တွေမှာက ဘယ်သူတွေ ပုန်းအောင်းလဲပေါ့။ အမလေး မြို့မှာပုန်းအောင်းတာကမှ တကယ့်အကြီးစား အကြမ်းဖက် ဖျက်ဆီးရေးသမားတွေဗျ။ ကျန်တာမကြည့်နဲ့။ ဘင်လာဒင်ကိုပဲကြည့် သူက ရွာမှာ သွားပုန်းနေတာမှ မဟုတ်တာ။ တကယ့်ကို ပါကစ္စတန်နိုင်ငံ မြို့ကြီးပေါ်မှာ တိုက်နဲ့ကို ပုန်းနေတာ။ ခု ကျနော်တို့ မြန်မာနိုင်ငံမှာလည်း အတူတူပဲ။ ကျနော်တို့ ရွာပုန်းတွေ့ရင် ရှင်းလင်းရေး လုပ်ကြတယ်။ မြို့ပုန်းကို ကျနော်တို့တွေ ရှင်းလင်းရေးမလုပ်သေးဘူး။ ကျနော်တို့ မျက်စေ့ချော်နေတယ်။ ကျနော်တို့ ပြောပြောနေကျစကားလေးရှိတယ်။ အန္တရာယ်အရှိဆုံးနေရာက အလုံခြုံဆုံးပဲ ဆိုတာလေးပေါ့။ ခုလည်း အဲလိုပဲ။ အထင်အရှားနဲ့ နေနေတော့ သူတို့က အလုံခြုံဆုံးတွေဖြစ်နေတယ်။ အော် ငါတို့ကိုများနော် သင်ပေး တာလက်တွေ့ကျကျ သင်ပေးတာပါလား။
ကျနော်တို့ဟာ ခေတ်ကာလအလျောက် တိုးတက်ပြောင်းလဲတာကို လက်ခံရမယ့်အစား ဒါကိုလက်မခံဘဲ ပြောင်းလဲမှုကို ရင်ဆိုင်ရမှာ ကြောက်နေကြတယ်လို့ ထင်မိပါတယ်။ တကယ်ဆို ကျနော်တို့က ရွာတွေတွေ့လို့ မြေပုံမှာမပါရင်။ အော်ရွာသစ် တည်ထားတာပါလား။ ဘာတွေများ လိုအပ်လေမလဲလို့ တွေးမိခဲ့ကြရဲ့လား။ သူပုန်ဖြစ်နေရင်တောင် လက်နက် မကိုင်ထားသေးသရွေ့ ကိုယ့်ကို ရန်မမူသေးသရွေ့ သူတို့ဟာ ကျနော်တို့ ပြည်သူပြည်သားအဖြစ်ပဲ မှတ်ယူပြီး ကူညီပံ့ပိုးပေးကြ ရမယ်မဟုတ်ပါလား။ ဒါလေးကိုတွေးမိတော့ ကျနော် ကြည့်ဖူးတဲ့ Black Hawk Down ဆိုတဲ့ ဇာတ်ကားလေးကို သွားသတိရမိတယ်။ ဇာတ်ကားလေးကနေ အသိတရားတွေ ပေးလိုက်တယ်။ ဘာကိုပေးလိုက်တာလဲဆိုတော့။ အဲဒီမှာ အမေရိကန်စစ်သားတွေ သွားရင်ဆိုင်တဲ့ မြို့က တကယ့်ကို မြို့တွင်းသူပုန်တွေ။ လူတိုင်းက လက်နက်ကိုင်ပြီး သူတို့ကို တိုက်နေတာ။ ကုန်ကုန်ပြောရရင် ကလေးကအစ မိန်းမကြီးတွေအဆုံးပါပဲ။
ဒါပေမယ့် သူတို့က မြင်သမျှလူအကုန်မပစ်ဘူး။ ဇာတ်ဝင်ခန်းလေး တစ်ခန်းမှာဆိုရင် မိန်းမကြီးတစ်ယောက်က ပြေးလာတယ်။ အမေရိကန် စစ်သားကမြင်တယ်။ မိန်းမကြီးပြေးလာ တဲ့လမ်းကြောင်းက ကျနေတဲ့ သေနတ်တစ်လက်ဆီ။ အမေရိကန်စစ်သားက ပါးစပ်ကနေ ရွတ်နေတယ်။ သေနတ်ကို မကောက်နဲ့ မကောက်နဲ့တဲ့။ အော်လည်းအော်တယ်။ ဒါပေမယ့် မိန်းမကြီးက ကောက်တယ်။ ပစ်ဖို့ ချိန်တယ်။ အဲဒီတော့မှ အမေရိကန်စစ်သားက ပစ်တယ်။ ဒါလေးနဲ့ ကျနော်တို့ မြန်မာပြည်က လက်ရှိတိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ လက်ရှိ အဖြစ်အပျက်တွေနဲ့ ချိန်ထိုး စဉ်းစားလိုက်တော့ ကျနော်သိပ်ကို ဝမ်းနည်း သွားရတယ်။ ဟိုမှာက တိုင်းပြည်မတူ လူမျိုးမတူ။ ဒါပေမယ့် စာနာစိတ်တွေ မေတ္တာတွေနဲ့။ ကျနော်တို့မှာ ကိုယ့်နိုင်ငံ တစ်ခုထဲသားတွေ ကိုယ့်ပြည်သူတွေ ဒါပေမယ့် သူပုန်ရွာဆိုပြီး ရှင်းပစ်လိုက်တာတွေ။ ရွာလုံးကျွတ် သတ်ပစ်တာတွေ။ လူမသိ သူမသိ ရင်ထုမနာ ဖြစ်စဉ်တွေ ရှိပါတယ်။
ကျနော်တို့တွေ ရွာပုန်းတွေကိုရှင်းပြီးရင် တစ်ဆင့်တက်ရှင်းရမယ့် နေရာက မြို့ပုန်းပဲရှိတော့တယ်။ အဲဒီ မြို့ပုန်းကိုသာ ရှင်းလိုက်နိုင်ရင်တော့ ကျနော်တို့ နိုင်ငံကြီး အကောင်းဘက်ကို ဦးတည်သွားဖို့ များပါတယ်။ ကျနော်တို့ တစ်ချိန်က ကိုင်တဲ့မြေပုံအရ မြေပုံပေါ်မှာမရှိတဲ့မြို့တွေ ပေါ်ထွက်လာခဲ့တာပဲ။ ဘာလို့ မြို့ပုန်းလို့ မခေါ်ဘဲ အသစ်ပေါ်ထွက်လာတဲ့ ရွာလေးတွေကျတော့ ရွာပုန်းလို့ခေါ်တာလဲ။ ဘာလဲ လူသူအရောက်အပေါက်နည်းပြီး တောထဲမှာရှိနေလို့လား။ ဒါမှမဟုတ် စာရင်း မတင်ထားလို့လား။ စာရင်းတင်မှ တရားဝင်တာလား။ ကျနော်လည်း စဉ်းစားရင်း အဖြေထုတ်ရ ခက်လာပါတယ်။ ကျနော်စဉ်းစားမိတယ်။ ရွာပုန်းလို့ပြောတဲ့ ရွာတွေ ဘယ်နှစ်ရွာများ အရှင်းခံလိုက်ရပြီလဲ။ အဲဒီရွာတွေက ဘယ်နှစ်ယောက်များ ရက်စက်စွာ အသတ်ခံလိုက်ရပြီလဲ။ ကျနော်တို့ တပ်ထဲမှာတုန်းကတည်းက ကြားနေရတာပါပဲ။ အချို့ အတွေ့အကြုံရှိတဲ့ စီနီယာကြီးများ ပြောတာကိုပေါ့။ ကလေးကအစ ကြီးရင်သူပုန်ဖြစ်လာမှာ ဒီတော့ ငယ်ငယ်ကလေးကတည်းက သတ်ပစ်လိုက်တယ် ဆိုတာတွေ။ သွားလေသူ ကစထမှူး ဒုဗိုလ်ချုပ်ကြီး မောင်ဘိုရဲ့ အစိတ်သားတောင် မချန်နဲ့ ဆိုတဲ့စကား ကြားမိပါတယ်။ ဒါတွေကို အဲဒီတုန်းကတော့ ဟုတ်သလိုလိုပဲ။ ဟုတ်တယ်လေ တစ်ချိန်မှာ ရန်သူဖြစ်လာမယ့် သူကို ခုကတည်းက ရှင်းပစ်လိုက်တာ မှန်တာပေါ့လို့။ နောက် အဲဒီလိုလုပ်ရတာကိုပဲ ဂုဏ်ယူသလိုလို။ အဲလိုလုပ်လာပါတယ်ဆိုတဲ့ သူတွေကိုလည်း အားကျသလိုလို။ တကယ်ဖြစ်ခဲ့ပါတယ်။
အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက်ဖော်ပြသွားပါမည်...
| < Prev | Next > |
|---|

