???????????? ???????????????? ???????????
ဆောင်းပါးရှင် - ဗိုလ်အောင်မြင်
စစ်ခေါင်းဆောင်တွေ အနေနဲ့ သွားရောက်ခဲ့တဲ့ နိုင်ငံခြားကို အားကျပြီးတော့ ရန်ကုန်မြို့လယ်ခေါင်တွေကို ဟွန်းသံမဲ့ဇုန်အဖြစ် သတ်မှတ်ခဲ့ဖူးပါတယ်။ ပြည်သူလူထုဟာ နေ့တဓူဝ ဆင်းရဲကျပ်တည်းစွာ လှုပ်ရှား ရုန်းကန်နေရရာ ကားလမ်းကို အလျင်စလို ဖြတ်ကူးတာကြောင့် လိုင်းကားတွေရဲ့ ဘရိတ်ပိုင်းနဲ့ စက်ပိုင်းဆိုင်ရာ အားနည်းချက်နဲ့ ဟွန်းမတီးရလို့ ယာဉ်တိုက်မှုအန္တရာယ်တွေဟာ မကြာခဏ ဖြစ်ပွားခဲ့ပါတော့တယ်။ မြန်မာပြည်သူလူထုရဲ့ နိမ့်ကျနေတဲ့ လူနေမှုဘဝနဲ့ ခေတ်မမှီတော့တဲ့ မော်တော်ယာဉ်တွေဟာ အံမဝင် ဂွင်မကျဘဲ အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်နေတာ တွေ့ရပါတယ်။ ကားဟွန်းမတီးရလို့ လူနဲ့ကားတွေ မတိုက်မိအောင် မနည်းရှောင်ရှားရပြီး ဘုရားတ နေကြရတာတွေဟာ ရင်မောစရာ ကောင်းခဲ့ပါတယ်။ ဒီကြားထဲမှာ ငတ်မွတ်ခေါင်းပါးနေလို့ လျှော်ကြေးလိုချင်ပြီး ကားနဲ့မတိုက် တိုက်အောင် တမင်လုပ်နေသူများကိုလည်း တွေ့ရပါသေးတယ်။ ယာဉ်ထိန်းရဲတွေကလည်း ကူညီပါရစေဆိုပြီး လက်ဖြန့်ကာ ပိုက်ဆံ တောင်းဖို့ကိုသာ အကွက်ချောင်း နေတတ်ကြပါတယ်။ ယနေ့ ကြားနေရတာကတော့ ခေတ်ဟောင်း Modern နိမ့်တဲ့ ကားများကို ရန်ကုန်မှာ မထားတော့ဘဲ နယ်နှင်လိုက်တာတော့ ရှိပါတယ်။ ဒါပေမဲ့ ကားယာဉ်ကျော ပိတ်ဆို့မှုကိုတော့ မဖြေရှင်းနိုင်သေးတာ တွေ့ရပါတယ်။
နောက်တခါ ရန်ကုန်မြို့ လမ်းမကြီးတွေပေါ်မှာ အရှိန်တားစနစ်ဆိုပြီး စည်ပင်သာယာဌာနက မလေ့လာ မစူးစမ်းဘဲ ကတ္တရာလမ်းမကြီးတွေကို လန့်လန့်ဖြတ် ဘုတုံးကြီးတွေ အချိုးအစား မညီမညာ လုပ်ခဲ့ပြန်ပါတယ်။ ကားပိုင်ရှင်တွေခမျာ အရှိန်လွန်ပြီး အန္တရာယ်ဖြစ်တဲ့အထိ ကြုံတွေ့ခဲ့ရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ ကားမောင်းသူကို သတိပေးတဲ့ အနေနဲ့သာ အရှိန်တားတွေကို ပြေပြေပြစ်ပြစ်နဲ့ လုပ်ထားခြင်း ဖြစ်ပါတယ်။ တကယ်လို့ သတ်မှတ်အရှိန်ထက် ပိုမောင်းရင်လည်း ကားတွေကို အရှိန်တိုင်းတာတဲ့ ကိရိယာနဲ့ အထောက်အထားယူကာ နောက်ကလိုက်ပြီး ထိရောက်စွာ ဒဏ်ငွေချ အရေးယူတဲ့ အစီအစဉ်မျိုး နိုင်ငံခြားမှာ ရှိပါတယ်။ V.I.P ခရီးစဉ် တစ်ခုမှာ လမ်းကြောင်းသွားစဉ် အရှိန်ဖြင့် အမြန်သွားရပြီး ယာဉ်တန်းမှာလည်း ယာဉ်ရှင်းလင်းပြီးသား ဖြစ်နေတုန်း ဘုတုံးကို ရုတ်တရက် တွေ့လိုက်ရလို့ မထိန်းနိုင်ဘဲ အရှိန်နှင့် ကျော်တက်မှုကြောင့် ယာဉ်ပေါ်ပါလာတဲ့ နအဖ ဥက္ကဌကြီး ဦးသန်းရွှေရဲ့ခေါင်းနဲ့ ကားခေါင်မိုး တိုက်မိတဲ့ဖြစ်စဉ်ကြောင့် ဒေါသူပုန်ထကာ စည်ပင်သာယာက ဘုတုံးများ အားလုံးကို ပြန်လည် ဖြေပေးရတဲ့အထိ ဖြစ်ခဲ့ဖူးပါတယ်။
နောက်တခါ ရန်ကုန်မြို့မှာ ကားလမ်းကြောင်းတွေဟာ ရုံးဆင်းချိန်အတွင်းမှာ ပိတ်ဆို့နေပြီး လမ်းရှင်းစနစ်ဟုဆိုကာ ခရီးသည်တင် လိုင်းကားတွေကို မြို့လယ်ခေါင်များမှာ ရပ်ခွင့် မပေးတာကြောင့် ပြည်သူလူထု အများစုနဲ့ ဝန်ထမ်းများ လက်လုပ်လက်စားများ အတိဒုက္ခ ရောက်ခဲ့ရပြန်ပါတယ်။ ရန်ကုန်မြို့ပေါ်က လမ်းမကြီးတွေကို အင်္ဂလိပ်ခေတ်ကတည်းက ဖေါက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ တိုးတက်လာတဲ့ လူဦးရေနဲ့ ယာဉ်စီးရေ မမျှတမှုကို သိလျှက်နဲ့ မြို့စွန်ခရီးဝေး တိုက်ရိုက် သွားချင်သူများအတွက် မိုးပျံ နှစ်ထပ်ကားလမ်းများနှင့် ရထားလမ်း ဖေါက်ပေးလိုက်ပါက ယာဉ်ကျပ်တည်းမှုကို အထိုက်အလျောက် ဖြေရှင်းသွားနိုင်မှာ ဖြစ်ပေမဲ့ မလုပ်နိုင်ခဲ့ပါ။ တနေ့လုံး မနေမနား တစ်ဝမ်းတစ်ခါးကို ရုန်းကန်လှုပ်ရှားနေရတဲ့ ပြည်သူလူထုဟာ ညနေစောင်း အိမ်အပြန် ခရီးသည်တင် ကားတွေပေါ်မှာ “ခြေထောက်တစ်ချောင်း” ချခွင့်ရဖို့ ကားပေါ်လိုက်ပါခွင့်ရဖို့ သိန်းထီပေါက်တာထက် ခက်ခဲရတဲ့ကြားထဲ ဒုက္ခရောက်နေကြရတာကိုလဲ တွေ့မြင်နေရပါတယ်။
ဒါ့အပြင် ကိုယ်ပိုင်ကားတွေမှာ ကားစတစ်ကာ ကပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တင်ပြရရင် ရဲများက အကြောင်းပြသည်မှာ “ကားစတစ်ကာ” ကပ်ပြီး ဒုစရိုက်မှု ကျူးလွန်သည်ဟု ဆိုကာ ဖြုတ်ခိုင်းပါတယ်။ ဒါဟာလည်း ဆရာဝန်ကြီးတစ်ဦးရဲ့သား ပြန်ပေးဆွဲခံရမှုမှာ ကားစတစ်ကာကြောင့် အချိန်မှီ မဖမ်းဆီးနိုင်ခြင်း ဖြစ်တယ်လို့ ရဲတို့ရဲ့ တာဝန်ပျက်ကွက်မှုကို ဖုံးကွယ် ဆင်ခြင်ပေးခဲ့တဲ့ ဖြစ်စဉ်ကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ကားစတစ်ကာ ကပ်ထားရင် ဒါဏ်ငွေရိုက်ပြီးတော့ ဖမ်းဆီးခြင်း ပြုလုပ်ပါတော့တယ်။ ကားစီးကတည်းက နေပူဒါဏ်ကို ကာကွယ်ဖို့ စတေကာ ကပ်ထားခြင်း ဖြစ်သလို မိမိရဲ့အချိန်နှင့် လွတ်လပ်ခွင့်အရ တော်ရုံလူများ မတွေ့စေလိုသူများကို မတွေ့ရန် စတေကာ ကပ်ထားခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ကားစီးသူတွေဟာ စိတ်အနှောင့်အယှက် ဖြစ်နေကြပါတယ်။
အာဏာရှင် ဗိုလ်ချူပ်တွေရဲ့အမိန့် ဆိုရာမှာလည်း တပြေးညီတည်း မရှိဘဲ အာဏာပိုင်တွေနဲ့ သူတို့ရဲ့သားသမီးတွေ၊ နီးစပ်ရာ အသိုင်းအဝိုင်းက မိသားစုတွေရဲ့ ကားတွေ၊ ငြိမ်းချမ်းရေး အဖွဲ့ပိုင်ကားတွေမှာတော့ ကားစတေကာ ကပ်ခွင့်ပေးပြန်တာကြောင့် အများပြည်သူတွေ မကျေမနပ် ဖြစ်နေကြရပါတယ်။ ဦးရွှေမန်းရဲ့ စကားအရ ပြောင်းပြန်ဖြစ်နေပြီး ဥပဒေရဲ့ အထက်မှာ အခွင့်ထူးခံ လူတန်းစားများ ရှိနေတာကို မီးမောင်း ထိုးပြနေခြင်း ဖြစ်ပါတယ်။ အဲဒီလို လက်တန်းဥပဒေတွေနဲ့ မွန်းကြပ်ခဲ့ရတဲ့ ပြည်သူလူထုဟာ အပြောင်းအလဲကို အာသာ ပြင်းပြနေကြပါတယ်။ ကိုယ့်နိုင်ငံ ကိုယ့်ရေမြေနဲ့ လိုက်လျှောညီထွေမဲ့ ပြုပြင်ပြောင်းလဲမှုတွေနဲ့ မှန်ကန်တဲ့စေတနာ ထားတတ်ကြဖို့ အရေးကြီးဆုံး အချိန်အခါ ဖြစ်သလို အတိတ်က ဖြစ်စဉ်တွေ သင်ခန်းစာယူကာ တောက်ပတဲ့ အနာဂါတ်ကို ဖေါ်ဆောင်နိုင်ကြပါစေကြောင်း ဆန္ဒပြုရေးသား တင်ပြ လိုက်ရပါတယ်။
| < Prev | Next > |
|---|

