How do I apply payday loan Your Finances are your own Business

နှမြောတသ နင်းပြားတွေဘဝ

Print PDF
User Rating: / 0
PoorBest 

စားဝတ်နေရေးဆိုင်ရာ အကျပ်အတည်းများစွာကို ခါးစီးခံနေရတဲ့ အောက်ခြေစစ်သည်တစ်ဦး

စာဖတ်သူများ ခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် ခြေလျင် တပ်ခွဲမှူး တာဝန် ထမ်းဆောင် ခဲ့သော စစ်တက္ကသိုလ် ကျောင်းဆင်း တပ်မတော် အရာရှိ တစ်ဦးဖြစ်တဲ့ သူရနိုင်မှ ခြေလျင် တပ်ရင်းများမှာ ဗျူဟာမှူး အဆင့်နဲ့ အထက် VIP လူကြီးတွေ တပ်စစ်လာပြီဆိုရင် အရာရှိ၊ အရာခံ၊ အကြပ်၊တပ်သားများဟာ ဒုက္ခဆင်းရဲ ကြုံတွေ့ နေရတဲ့ အထဲက ကြိတ်မှိတ်ပြီး စစ်ဆေးခံဖို့ ပြင်ဆင်နေကြရပုံ၊ မဖြစ်သာသည့်အဆုံး လိမ်ညာတင်ပြနေရပုံ၊ လာစစ်သူ ဗျူဟာမှူး ဆိုသူဟာလည်း ထိထိရောက်ရောက် မစစ်ဆေးဘဲ ဟန်ပြသာ စစ်ပြီး စားကောင်း သောက်ကောင်းအောင် လုပ်သွားပုံ စသဖြင့် အောက်ခြေ တပ်ရင်းတွေမှာ ဖြစ်ပျက်နေတဲ့ အမှန်တကယ် ကိုယ်တွေ့ဖြစ်စဉ် ဆောင်းပါးအား ရေးသား ပေးပို့လာပါတယ်။ ယခုလို ပေးပို့လာတဲ့ အတွက် ကျွန်တော် ကိုဖိုးတရုတ်က ပင်တိုင် ဆောင်းပါးရှင် ကိုသူရနိုင်အား အထူးပင် ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ရင်း တင်ပြ လိုက်ရပါတယ် ခင်ဗျား။

နှမြောတသ နင်းပြားတွေဘဝ

ဆောင်းပါးရှင် - သူရနိုင် (လက်ရှိတာဝန် ထမ်းဆောင်နေသော တပ်မတော် အရာရှိ တစ်ဦး)

မနက်စောစောစီးစီး မင်္ဂလာယူနေချိန်မှာပဲ ခြေမြန်တော်ဆက်သား ရွှေအိုးစည် တစ်ယောက် ဟော…ဟဲ…ဟော….ဟဲနှင့် အပြေးဆိုက်ရောက်လာပြီး လူပျိုရိပ်သာရှေ့သို့ ၀င်လာပါတော့သည်။ အရာရှိအားလုံးရဲ့ စိတ်ထဲမှာ တိုင်ပင်စရာမလိုပဲ သိလိုက်ပါပြီ။ ထင်သည့်အတိုင်း မနက် (၉) နာရီတွင် ဦး/ရေး/ထောက် အစည်းအဝေးရှိကြောင်း လာပြောပြီးသည်နှင့် ခြေမြန်တော်လေးလည်း ခပ်သုတ်သုတ် ပြန်ထွက်သွားပါသည်။ အားလုံးရဲ့ စိတ်ထဲမှာ တိုင်ပင်စရာမလိုဘဲ အော်ဟစ် လိုက်ကြသည်။

ယနေ့သည် စနေနေ့၊ ဈေးကားပေး၍ မြို့ထဲသွားကာ အုပ်ချုပ်မှုကိစ္စ၊ အချို့ မိဘဆွေမျိုး များနှင့်ဆက်သွယ်ရန် ကိစ္စ၊ ချစ်သူရည်းစားနှင့် ချိန်းဆို ထားသည့်ကိစ္စ စသည်တို့ကို ဆောင်ရွက်ရန် အသီးသီး ရှိနေကြသည်။ ဒီပုံအတိုင်းဆို မသွားဖြစ်တော့မှာ သေချာနေပါသည်။ “တောက်ခေါက် သူခေါက်”၊ “ဆဲသူကဆဲ”နှင့် ကိုယ့်အခန်းထဲကိုယ် ၀င်နေပြီး ယူနီဖောင်း ပြန်ဝတ်ကြရသည်။ မနက် (၇) နာရီခွဲ တန်းစီလည်း သွားရအုံးမည်။

နားရက်ဖြစ်၍ စစ်သည်အားလုံး အရပ်ဝတ်ဖြင့် တန်းစီကြသည်။ တပ်ပြင်ထွက်မည့် သူများက သက်ဆိုင်ရာ တပ်ခွဲမှူးများထံ လာရောက် သတင်းပို့ပြီး လက်မှတ် ထိုးနေကြသည်။ ဒါပေမဲ့ပေါ့….ခဏနေတော့ တပ်ရေးဗိုလ်ကြီး ရောက်လာပြီး တန်းအပ် လက်ခံသည်။ တနင်္လာနေ့တွင် ဗျူဟာမှူး တပ်စစ် လာမည် ဖြစ်၍ ကြားထဲတွင် ပြင်ဆင်ချိန် (၂) ရက်သာ ကျန်ရှိကြောင်း၊ ထို့အတွက် ယနေ့ အရာရှိ စစ်သည်များအား တပ်ပြင်သို့ ပေးမထွက်တော့ပဲ (၈)နာရီ ခွဲတွင် ဖက်ထိပ် (လုပ်အားပေး) ၀တ်စုံ၊ (ပေါက်ပြား၊ ဂေါ်ပြား၊ တံမြက်စဉ်း၊ ဓါး) ပစ္စည်း အပြည့်အစုံဖြင့် ပြန်လည် တန်းစီ ရမည်ဖြစ်ကြောင်း ပြောပြီး တန်းဖြုတ်သွားသည်။ အရာရှိငယ်များကို တပ်ရေးဗိုလ်ကြီး ရုံးခန်းထဲတွင် စောင့်နေ ရန်လည်း မှာသွားသေးသည်။

အရာရှိငယ်များအား အစည်းအဝေး မစခင် တပ်ရေးဗိုလ်ကြီးမှ ကြိုတင်၍ တာဝန်ခွဲဝေ ပေးနေသည်။ (၉) နာရီထိုးခါနီးတွင် တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနှင့် ဌာနချုပ် တပ်ခွဲမှူးတို့ ရုံးသို့ ရောက်ရှိလာကြသည်။ (၉) နာရီထိုးသည်နှင့် အစည်းအဝေးကို စတင်သည်။ တပ်ရေးဗိုလ်ကြီးက အပြင်မှာ ဖက်ထိပ် (လုပ်အား ပေးရန်) တာဝန်ခွဲနေ၍ တပ်ထောက်ဗိုလ်ကြီးမှ တပ်ရင်းမှူးအား တန်းအပ်သည်။

တန်းအပ်ပြီး တပ်ရင်းမှူးမှ အဖွင့်စကားအနေဖြင့် တနင်္လာနေ့တွင် ဗျူဟာမှူး တပ်လာစစ်မည်၊ သက်ဆိုင်ရာ တပ်ခွဲမှူးများနှင့် စိုက်/မွေးတာဝန်ခံများ၊ စတိုတာဝန်ခံများ၊ သက်သာဆိုင်၊ ဆံသဆိုင် စသည်ဖြင့် တာဝန်ခံများအား မိမိတို့နှင့် သက်ဆိုင်ရာ နေရာဌာနများနှင့် စပ်လျဉ်းပြီး ဗျူဟာမှူးမှ လာရောက် စစ်ဆေးစဉ် အပြောအဆို ခံရမှု မရှိအောင် စနစ်တကျ ကြိုတင် ပြင်ဆင်ထားကြရန် မှာကြားကာ တာဝန်ခံ တစ်ဦး ချင်းစီအား မိမိတို့ဌာန အလိုက် ပြန်လည် တင်ပြခိုင်းသည်။

တစ်ယောက်တစ်ပေါက် စိတ်ထဲရှိတာ ပြောဆိုကြပြီး နေ့လည် (၁) နာရီခွဲတွင် အစည်းအဝေး ပြီးသည်။ ညနေ (၅)နာရီတွင် လုပ်ငန်းပြီးစီးမှုများ လိုက်လံ စစ်ဆေးမည် ဖြစ်ပြီး တာဝန်ခံ အရာရှိ/စစ်သည်များ ရုံးတွင် စုထားရန်၊ တပ်ရင်းမှူးမှ ကြပ်မတ် စစ်ဆေးမည် ဖြစ်သဖြင့် နေ့လည်စာ မစားနိုင်၊ မိမိတို့ တာဝန်ယူထားသော နေရာများသို့ အစည်းအဝေး ပြီးသည်နှင့် အားလုံး တက်သုတ်ရိုက်၍ လစ်ကြရပါတော့သည်။

ကျွန်တော်တို့ တပ်ခွဲမှူးများလည်း တပ်ခွဲစိုက်ခင်းသို့ အရင်ဆုံး သွားကြရသည်။ အခြေအနေ ကတော့ မလှပါ။ တပ်ခွဲအားလုံးရဲ့ စိုက်ခင်းတွေက ညိုးနွမ်း ခြောက်သွေ့ နေပြီ။ နွေခေါင်ခေါင်ကြီး ရေမလိုက်နိုင်၊ ရေကလည်း တစ်နေ့မှ နှစ်ကြိမ်သာလာသည်။ လာတဲ့အချိန်ကလည်း မနက် (၆) နာရီနှင့် ညနေ (၅) နာရီခွဲ ၊ တစ်ခါတစ်လေ တစ်ကြိမ်ပဲ လာသည်။

ရဲဘော်တွေခမျာ သူတို့အိမ်သုံးဖို့လည်း ရေဖြည့်ရ၊ စိုက်ခင်းလည်း ရေလောင်းရနဲ့ အတော် ပင်ပန်းနေကြသည်။ လူပျိုအင်အားကလည်း အလွန် နည်းနေသည်။ လက်ကျန် (၃) ယောက်ကလည်း တပ်ရင်းစိုက်ခင်းနှင့် ဗဟိုကင်းတွင် တွဲထား၍ တပ်ခွဲအတွက် မသုံးရ။ အိမ်ထောင်သည်တွေကိုသာ အလှည့်ကျ တာဝန်ပေးထားရသည်။ အိမ်ထောင် သည်တွေ ခမျာမှာလည်း သူတို့ရဲ့ ဆယ်မျိုး ဆယ်ဘောင် စိုက်ခင်းအတွက် အချိန်ပေး ရဦးမည်။ တပ်ရင်း လိုင်းခန်းတွေမှာ သီးနှံ ဆယ်မျိုးကို ဆယ်ဘောင် ပြည့်အောင် စိုက်ရမည် ဟု ညွန်ကြားချက် ရှိထားလေသည်။

ချဉ်ပေါင်မျိုးတွေက မအောင်၊ ခရမ်းပျိုးပင်တွေကလည်း အလေးပြု ဦးညွတ် နေကြသည်။ မနေ့တစ်နေ့ကမှ တပ်ခွဲမှူးတွေ အားလုံး အတူတူ မိမိတို့ အိတ်ကပ်ထဲက စိုက်ထုတ်ပြီး ၀ယ်ပျိုးထားခြင်းဖြစ်သည်။ ဗူးစင်ကလည်း စင်ပဲရှိသည်။ အပင်က မရှိ။ သက်ပြင်းချရင်း အော်ဟစ်ပစ်လိုက်ချင်သည်။

ဘယ်တတ်နိုင် မလဲလေ၊ ရှေ့တန်းက ပြန်ရောက်တာလည်း (၂) ပတ်ပဲ ရှိသေးတာကို။ ဒီကြားထဲမှာ လုံခြုံရေးသွားလိုက်၊ လှုပ်ရှားထွက်လိုက်နဲ့ တပ်ခွဲနဲ့ ပတ်သက်တာတွေ ပြင်ဆင်ဖို့ အချိန်က လုံးဝမရှိ၊ အခုလည်း လူကြီးက လာစစ်ပြန်ပြီ၊ တပ်ခွဲမှူးတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နှုတ်ဆိတ်နေကြသည်။ စကား ပြောချင်စိတ်တွေလည်း မရှိကြတော့။ စိုက်ခင်းက ထွက်ပြီး လ္ဘက်ရည်ဆိုင်ဘက်သို့ မတိုင်ပင်ပဲ ခြေဦးလှည့်မိကြသည်။ စိုက်ခင်းတာဝန်ခံ ဆရာတွေ ဆေးပေါ့လိပ်ဖွာရင်း အရိပ်အောက်မှာ နားပြီး ကျန်ရစ်ခဲ့ကြသည်။

ကော်ဖီတစ်ခွက်စီ သောက်ပြီး အိမ်ထောင်သည် လိုင်းဖက် ခြေဆန့်ကြသည်။ ရဲမေများ အိမ်တွင်း အိမ်ပြင် သန့်ရှင်းရေး ဆောင်ရွက်နေကြသည်။ အနေကြာ ဆရာများ၏ အိမ်များကဖြင့် အတော်အသင့် ပြင်ဆင်မှုကောင်းမွန်သော်လည်း ညားခါစနှင့် ရွဲ့စောင်း နေသော ရဲဘော်များ၏ အိမ်များမှာ တော်တော် ယိုယွင်း နေသဖြင့် စိတ်ပျက်မိသည်။ သူတို့လိုင်းမှာ အတွင်းကျ၍ ပြင်ဆင်မှု အားနည်းသည်၊ သိပ်လည်း ဂရုစိုက်ပုံမပေါ်၊ တံမြက်စည်းလှဲ အမှိုက်ကောက်ပြီး အိမ်ထဲပြန်ဝင်ကာ လုပ်စရာရှိတာ လုပ်နေကြသည်။ တပ်ခွဲမှူးလာလည်း ထွက်မတွေ့၊ ဘာမှလည်း မပြောချင်၊ မပြောလို့လည်း မပြီးတာနဲ့ ထပ်ပြီးတော့ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ထားရန်သာ မှာကြားခဲ့ပြီး ရိပ်သာကို ပြန်ခဲ့ကြသည်။ ညနေ(၅) နာရီထိုးလျှင် အဆူခံနိုင်ဖို့ အားမွေးရပါဦးမည်။

ရိပ်သာပြန်ရောက်တော့ ညနေ(၄)နာရီ ထိုးခါနီးပြီ၊ မနက်စာကို အဲ့ဒီချိန်ကျမှ စားပြီး ခဏနား၊ ရေချိုး အ၀တ်အစားလဲပြီး ရုံးဘက်သို့ အရာရှိရိပ်သာမှ သူငယ်ချင်းတွေ တစ်အုပ်တစ်မကြီး ချီတက်ကြသည်။ ရုံးရောက်တော့ ထောက်လှမ်းရေးအရာရှိ (အိုင်အို)ဆီမှာ လုပ်ငန်းပြီးစီးမှုပေးပြီး ကိုယ့်ရုံးခန်းမှာ ထိုင်ပြီး တောင်ကြည့်၊ မြောက်ကြည့် ၊တောင်တွေး၊ မြောက်တွေး။

ညနေ (၅) နာရီ ကျော်ကျော်လောက်မှာတော့ တပ်ရင်းမှူးဟာ မာစတာဂျစ် ခန့်ခန့်ကြီးစီးပြီး ရောက်လာပါတော့သည်။ ဟိုလူ့ခေါ်လိုက်၊ ဒီလူ့ခေါ်လိုက်နဲ့ ပြေးရင်း လွှားရင်း ရုံးဝင်းထဲမှာ တရုန်းရုန်းနဲ့ပါပဲ။ ရှင်ဘုရင်ကြွတာထက်တောင် ပိုဆိုးနေသေးသည်။ တံခါးပြေးဖွင့်ပေးတဲ့ သူနဲ့ အိတ်ဝိုင်းဆွဲတဲ့သူနဲ့ ဟန်ဆောင် အပြုံးတွေကို ခပ်ဝေးဝေးကပဲ လှမ်းကြည့်နေမိပါသည်။ ကျွန်တော့်စိတ်ထဲ ငှက်ပျောသီးဝိုင်းလုတဲ့ မျောက်တွေနဲ့ တူလို့ပါ။ ဒီအချိန်မှာဘဲ ဆရာကြီး RSM က တပ်ရင်းမှူးရုံးခန်းထဲ တာဝန်ခံများ ၀င်ကြရန် ကယောင်ကတမ်း နှိုးဆော်ပါတော့သည်။

အားလုံးအလေးပြုပြီး တပ်ရင်းမှူးရုံးခန်းထဲ ၀င်ကြသည်။ တပ်ရင်းမှူး မျက်နှာ သိပ်မကောင်း၊ မျက်မှောင်ကြုတ်ပြီး ၀င်စာ/ထွက်စာ ဖတ်လိုက်၊ လက်မှတ် ထိုးလိုက် လုပ်နေသည်။ တပ်ရေးဗိုလ်ကြီး တန်းအပ်လက်ခံတဲ့အထိ သူမစောင့်၊ “စုံပြီလား” တဲ့။ “စုံပြီ” ဟု ရေးဗကမှ ဖြေသည်။ အဲဒီမှာ စတွေ့တာပါဘဲ၊ တီးလိုက်တဲ့ ဘီလူးဆိုင်းဟာ တပ်ရင်းတစ်ရင်းလုံးအတွက် ခွဲဝေပေးထားတဲ့ တာဝန်ခံတစ်ယောက်မှ မလွတ်ပါ။

ဒီအထဲမှာ အဆိုးဆုံးက မွေးမြူရေး တာဝန်ခံဆရာ၊ မနေ့တစ်နေ့ကမှ ပေါက်တဲ့ နွားကလေး၊ သူ့အမေက သူ့သားကို တက်နင်းလို့ သေသွားပါပြီဆိုတဲ့ အကြောင်းပြချက်ကို လက်မခံနိုင်၊ လက်သီးလက်မောင်းတွေ တန်းပြီး ဆူဆဲ၊ နောက်ဆုံးအဖြေက ပြန်လျော်၊ အရေးယူထောင်ချ စတဲ့ လက်သုံး စကားများနှင့် ချိန်းခြောက်တော့တာပါဘဲ။ ဒါကိုပဲ ပေရှည်နေတာ၊ ဒီလောက်ဖြစ်လှတာ စိတ်ထဲမှာ မြန်မာ့လက်ဝှေ့သမား လုံးချောနဲ့သာ ပေးထိုးစေချင် နေတော့သည်။ ဒီလိုဆိုရင်ဖြင့် ဒီတပ်ရင်းမှူး စကားမေးတောင် ရမှာ မဟုတ်ဘူး ။

ဒီလိုနဲ့ ည(၇) နာရီ ထိုးသွားသည်။ တစ်ယောက်တစ်ပေါက် ပြောကြ ဆူကြရင်း ည(၈) နာရီမှာတော့ အမှန်ဧကန် ပြီးသွားပါတော့သည်။ သို့သော်လည်း မနက်ဖြန် ဆိုတာကို ကြောက်နေ ကြပါတော့သည်။ ကြားထဲမှာလည်း လူကြီးလာစစ်ဖို့ တစ်ရက်ပဲ ကျန်တော့တယ် မဟုတ်ပါလား။ ကြုံသလို လုပ်နေရသည့် တပ်ပျက်ကြီးထဲမှာ မွန်းကျပ်မှုတွေကို အော်ဟစ်ဖို့တောင် အခွင့်အရေးက မရှိတော့ ညအိပ်ရာ ၀င်ခါနီး ဘုရားကန်တော့ချိန်မှာ မေတ္တာသုတ်နှင့် “နမောတဿ ဘဂ၀တော အရဟတော” အစား “အမောဆို့မတတ် ဘဂ၀တော အရဟတော” လို့သာ ပြောင်းမဆိုဖြစ်အောင် သတိထားရင်း ခပ်ကျယ်ကျယ် ဘုရားကန်တော့ ရွတ်ဆိုပြီးမှပဲ အိပ်ရာဝင်မိပါတော့သည်။

ရာသီဥတုက သာယာလျက် ရှိနေပါသည်။ မိုးလေ၀သ သတင်းကြေညာတာတော့ မဟုတ်ပါ။ မနက်မိုးလင်းလင်းချင်း မြင်ရတဲ့မြင်ကွင်းက သာယာ နေတာပါ။ သာယာတဲ့ မြင်ကွင်းကို မိမိဘာသာ ခံစားကြည့်ပါ၊ စာမဖွဲ့တတ်လို့ပါ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရာသီဥတုဟာ ပြောင်းလဲတော့မယ်ဆိုတာ အားလုံးက ကြိုသိနေပြီးသားပါ။ ထုံးစံအတိုင်း မနက်တန်းစီဖို့ ပြင်ဆင်ပြီး သူငယ်ချင်းတွေ စုဖွဲ့ကာ တန်းစီကွင်းကို ချီတက်ကြပါသည်။ တန်းစီကွင်း ရောက်တော့ နွမ်းလျနေတဲ့ မျက်နှာများစွာက ဆီးကြိုနေကြပါသည်။

စစ်သည်တွေဟာ အစုလိုက် အဖွဲ့လိုက် ထိုင်နေကြရင်း စိတ်ပြေရာပြေကြောင်း စကားဝိုင်းဖွဲ့လျက် တပ်ရေးဗိုလ်ကြီး အလာကို စောင့်ဆိုင်း နေကြပါတော့သည်။ မထူးဆန်း တော့တဲ့ လုပ်အားပေး (ဖက်ထိပ်) အတွက် ရင်ခုန်စရာ မကောင်းပေမဲ့ အဆင်မပြေတဲ့ ဘ၀တွေ အတွက်တော့ ရင်လေး စရာပဲ မဟုတ်ပါလား?

စောင့်မျှော်နေသူ ရောက်လာတော့ တန်းအပ်မယ့်သူက တန်းစီခရာ မှုတ်သည်။ လေးကန်နေတဲ့ ခြေလှမ်းတွေက တစ်နေ့တာ ဖြတ်သန်းမှုအတွက် စတင်ဖြတ်သန်းရင်း စိတ်ပင်ပန်း ကြရတော့မည်။ တိုတောင်းတဲ့ အချိန်တွင်းမှာပဲ အစုလိုက် အဖွဲ့လိုက် ခွဲထုတ်ပြီး သတ်မှတ်တဲ့ နေရာကို စတင် ထွက်ခွာကြပါပြီ။ ကျွန်တော်တို့ တပ်ခွဲမှူးတွေ ကတော့ တပ်ခွဲစိုက်ခင်း၊ အိမ်ထောင်သည်လိုင်းနဲ့ လက်နက်တိုက်၊ ခဲယမ်းတိုက်တို့ကို အစစ်ခံဖို့ ပြင်ဆင် ကြရပါသည်။ ဖက်ထိပ်ခွဲပြီးကတည်းက တပ်ရင်းမှူးလည်း တပ်ရင်းကို လှည့်ပတ်ကြည့်ရှု နေပါတော့သည်။ ဟိုနေရာရောက်ရင် ဆူလိုက်၊ ဒီနေရာ ရောက်ရင် အော်လိုက် ဒီလိုနဲ့ တစ်နေ့တာ ကုန်လွန်ခဲ့ပါတော့သည်။

ညနေ (၅) နာရီလောက်ကျတော့ အပြီးသတ် ပြင်ဆင်မှုတွေကို ကသုတ်ကယက် ဆောင်ရွက် နေရပါပြီ။

အရာရှိ ကတော်တွေကတော့ ရဲမေတစ်ချို့နဲ့ ပူးပေါင်းပြီး မနက်ဖြန် လာမြိုစို့မဲ့ လူကြီးဆိုသူတွေအတွက် ကြော်လှော် ချက်ပြုတ်နေကြပါသည်။ တပ်တစ်ခုလုံးလည်း တော်တော်လေးကို ပြောင်သလောက် ရှိနေပါပြီ။ သဘောပေါက် ကြတယ်နော်၊ မရှင်းပြချင်တော့ပါဘူး၊ ကျွန်တော်တို့အားလုံး ကိုယ့်အတွေးနဲ့ကိုယ် ဖြတ်သန်းနေကြသည်။ တူညီတဲ့ အတွေးတစ်ခုက ဒီနေ့ထက် မနက်ဖြန်ကိုပဲ မြန်မြန်ကုန်လွန် စေချင်နေပါတော့သည်။ မျှော်လင့်ချက်နဲ့ အသက်ရှင်သည်ဟု ကြားဖူးထားတော့ ကျွန်တော်တို့မှာ ဘာမျှော်လင့်ချက်မှ မရှိလို့ အသက်သေနေကြတဲ့ သဘောလို့ ပြောရတော့မှာလား? မစဉ်းစားချင်တော့ပါ။

အားလုံးကို မနက် (၅) နာရီခွဲ အသင့်ပြင်ခိုင်းထားပါသည်။ စစ်တပ်မှာ (၅) နာရီခွဲ အသင့်ပြင်ခိုင်းပေမယ့် (၄) နာရီလောက်ကတည်းက အိပ်ရာထပြီး ပြင်ဆင် နေကြရပါပြီ။ ရဲဘော်တွေ (၄) နာရီ အိပ်ရာထနေချိန် လာစစ်မယ့် လူကြီးကတော့ အပူအပင် ကင်းမဲ့စွာနဲ့ အိပ်မက်လှလှ မက်နေအုံးမှာပါ။ တပ်ရင်းမှူးကတော့ အစစ်ခံရမယ့်သူ ဆိုတော့ ကောင်းသော အိပ်စက်ခြင်းနဲ့ ကြုံမှာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ဒီတပ်ရင်းမှူးလည်း “ငါလည်းတစ်နေ့ လူကြီးဖြစ်လာရင်တော့ နှပ်ကြောင်း ပေးပြီး ဒီလို စားရ၀ါးရ ချီသေးရဲ့ ဒီတစ်ခါ အောင့်အီးသည်းခံ လိုက်အုံးမှာပေါ့” ဆိုတဲ့ အတွေးမျိုး တွေးနေမယ်လို့ ထင်ပါသည်။ အရေးထဲ စစ်သည်တစ်ယောက်ရဲ့ “ခေါင်မိုးက မလုံတော့ မိုးဒါဏ်ကို ကိုယ်ခံနေရတာ အမှန်ဘဲ ….ဒါပေမဲ့ စကားတစ်ခွန်းတော့ ပြောမယ် ကိုယ်တစ်ယောက်ထဲကြောင့်တော့ မဟုတ်ဘူး” လို့ စိုင်းထီးဆိုင်ရဲ့ သီချင်းတစ်ပုဒ်ကို ဆိုညည်းနေသံက ရင်ကို ထိမှန်လာသည်။

ဒီလိုနဲ့ မနက်စောစောမှာ ချွေးတရွဲရွဲနဲ့ လူကြီးမလာခင် စိုက်ခင်းတွေ ရေလောင်း၊ လမ်းမကြီးတွေမှာ တံမြက်စည်း လှည်းသူလှည်း၊ ၊အမှိုက် ကောက်သူကကောက်၊ ထုံးသုတ်သူကသုတ်နဲ့ ရှုပ်ရှက်ခတ် နေပါတော့သည်။ (၆) နာရီ ထိုးမှာတော့ ရုံးရှေ့မှာ တန်းစီလူစစ်ကာ တာဝန်ခံများက ကိုယ်တာဝန်ယူထားတဲ့ နေရာကို လက်အောက်ခံ ဆရာများနှင့် ရဲဘော်များအား သွားရောက်ခိုင်းပြီး ကျန်တဲ့စစ်သည်တွေက ယူနီဖောင်း သပ်သပ်ရပ်ရပ် ၀တ်ဆင်၍ လူကြီးအလာကို အိမ်ထောင်သည်လိုင်းနဲ့ လူပျို ဘားတိုက်တို့မှာ စောင့်ဆိုင်းနေကြပြီ ဖြစ်ပါသည်။

မနက် (၇) နာရီခွဲမှာတော့ ပွိုင့်ကား ထိပ်နီတစ်စီးနဲ့အတူ နည်းဗျူဟာမှူး လိုက်ပါစီးနင်းလာတဲ့ ကား (၂) စီးဟာ တပ်ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပြီ ဖြစ်ပါသည်။ ဗဟိုကင်းမှ စစ်သည်များ၏ စနစ်တကျ အလေးပြုခြင်းကို ကားထဲကနေ ပြန်ပြုရင်း ဧည့်ရိပ်သာသို့ ဆက်လက် ထွက်ခွာ သွားပါသည်။ နံနက်စာ စားမှာဖြစ်ပြီး ဆူဆဲဖို့အတွက် အစပြု အားဖြည့်ခြင်းပဲဖြစ်မည်ဟု တွေးရင်း ကျိတ်ပြုံးမိပါသည်။ ဗျူဟာမှူး စားသောက်တဲ့အချိန်မှာ ဘေးကနေ တပ်ရင်းမှူးက ဘာညာသာဓကာ နေကြာကွာစေ့ တွေပြောပြီး အစွမ်းကုန် မျက်နှာချိုသွေးရင်း သွားဖြဲနေသည်မှာ ကျွန်တော်တို့ လက်အောက်ကို စကားပြောပုံနဲ့ လားလားမှ မတူရာ မမြင်ဖူးလို့ ကြည့်ကောင်းကောင်းနှင့် ကြည့်နေမိပါသည်။

ထို့နောက် ဗဟိုကင်းကို စတင်စစ်ဆေးမည်ဟု ပြောသည်နှင့် ပြေးကြလွှားကြတွေ ဖြစ်ကုန်ပါလေသည်။ ဗဟိုကင်းရောက်တော့ စစ်ရေးပြလုပ်တာ အရင်ကြည့်ပြီး တစ်ဦးချင်းစီ လိုက်စစ်ပါသည်။ သေနတ်ပြောင်းဝ ကြည့်လိုက် ဟိုနှိုက်ဒီနှိုက်နဲ့ပေါ့ဗျာ။ ပြီးတာနဲ့ လက်နက်တိုက်တွေ လိုက်ကြည့်ပြီး မှာစရာ ရှိတာမှာကာ ရုံးကိုသွား၊ ရုံးမှာ အရာရှိတွေခေါ်တွေ့ပြီး တပ်မမှူးရဲ့ ဘာတွေ မှာလိုက်တယ်ဆိုတာကို ဗျူဟာမှူးက ပြန်ချပြသည်။

ပြီးရင်ဘာတွေစစ်မယ် ဆိုတာ တစ်ခုချင်းစီပြော၊ အရာရှိတွေက တကုပ်ကုပ်နဲ့ စာအုပ်မှာ ဘောပင်နဲ့ ဘာတွေရေးနေလဲတော့ မသိ။ ချဲတွက်သူတွက် နှစ်လုံးတွက်သူက တွက်နဲ့ပေါ့ဗျာ။ တချို့ လည်း အကြွေးစာရင်း တွက်ကြသည်။ ဒီလိုနဲ့ (၁၀) နာရီ ထိုးသွားပြန်သည်။ ရုံးမှနေတဆင့် တပ်ရင်း အိမ်ထောင်သည် လိုင်းတွေကို ပတ်ကြည့်သည်။ တစ်အိမ်ချင်းစီပြည့်အောင် လိုက်မကြည့်နိုင်ပေမယ့် လမ်းဘေးနားမှာရှိတဲ့ အစွန်ဆုံး လိုင်းတွေက ထွက်စောင့်နေတဲ့ ရဲမေတွေကို နည်းနည်းပါးပါး စကားမေး/ဖြေလုပ်သည်။ အင်တာဗျူးပေါ့ဗျာ။ စားဝတ်နေရေး အဆင်ပြေလားတို့၊ စိုက်ရဲ့လား၊မွေးရဲ့လား၊ တပ်ရင်းမှူးကကော ကောင်းရဲ့လားတို့ပေါ့၊ ရဲမေတွေကလည်း အကုန်အဆင်ပြေ၊ အကုန်ကောင်းတယ် ချည်းပဲ ဖြေရသည်။ မေးတဲ့လူကလည်း လိမ်၊ ဖြေတဲ့သူကလည်းလိမ်၊ တစ်လိမ်နှစ်လိမ် ပွေလိမ် ရှုပ်ကြတာပေါ့။

အဲ….ဒီလိုနဲ့ ထမင်းစားချိန်ရောက်တော့ ဧည့်ရိပ်သာကို သွားကြတာပေါ့၊ လိုအပ်တာလည်း မှာရင်း စားစရာရှိတာလည်း စားရင်းနဲ့ပေါ့၊ ပုဇွန်ထုပ်တွေ၊ ကြက်သား၊ ၀က်သား၊ အစိမ်းကြော် ၊အချဉ်ဟင်း၊ စသည်ဖြင့် အကောင်းစားတွေပဲပေါ့ဗျာ။ အကောင်းပဲ စားတဲ့ အကောင်းစားတွေကိုး။ ထမင်းစား ပြီးတော့လည်း အချိုဝိုင်းလေးနဲ့ပေါ့။ တပ်ရင်းမှူး ခမျာ ဆူဆဲမခံရေးအတွက် တပ်ရင်း ဘဏ္ဍာတော်ထဲကနေ သူ့ခမျာ အကုန်အကျကြီးကြီး မားမား စိုက်ထုတ် ထားရတာကိုး။ နည်းနည်းတော့ အဆင်ပြေသလိုရှိသား။ ကြီးကြီးမားမား ပြင်ဆင်မှုမျိုး မရှိပေမဲ့ ကောင်းကောင်းစားစားတွေကြောင့် အဆင်ပြေ သွားတယ်။ အံ့လည်း အံ့သြလောက် ပါပေတယ်ဗျာ။

နေ့လည် (၁) နာရီမှာတော့ တပ်ရင်းစုပေါင်းခန်းမမှာ စစ်သည်ရဲမေတွေကို ခေါ်တွေ့ပြီး သြ၀ါဒခံယူပွဲ ကျင်းပသည်။ သူလည်းပြောချင်ရာပြော ကိုယ်လည်း ကိုယ့်အတွေးနဲ့ ကိုယ့်အပူနဲ့ပဲလေ။ စိတ်ကတခြား လူကတခြား ဒါမှ တပ်မတော်သား။ အဲဒီနောက် အနှီလူကြီးက ဘာတင်ပြစရာရှိလဲမေးတော့ ထုံးစံအတိုင်း မရှိပါဘူးပေါ့။ ရှိလည်း ဖြစ်လာတာမှ မဟုတ်တာ။ အဓိက ၀မ်းရေးပေါ့လေ။ ဒင်းတို့လို နေ့တိုင်း ကောင်းတာတွေ စား၊ ကောင်းတာတွေ ၀တ်ချင်ပါတယ်လို့ တင်ပြကြည့်လေ။

သူကလည်း ပြန်ပြောလိမ့်မယ်၊ ငါ့လိုဖြစ်အောင်ကြိုးစား၊ ငါ့လိုဖြစ်ရင် ငါ့လို ဘတ်ဂျက်တွေ ရလာမယ်လို့ ပေါ့နော်။ ဒီပွဲလေးပြီးတာနဲ့ တပ်စစ်စရာရှိတာတွေ စစ်ပြီး ညနေ(၄) နာရီ မှာတော့ ပြန်လည် ထွက်ခွာသွားပါတော့သည်။ အပြန်မှာတော့ ဗျူဟာမှူးအတွက် ဂါရ၀ပြု လက်ဆောင်ကလည်း ကားတစ်စီးတိုက်။ ကျမျက်ရည် မကြေညာစတမ်း ဆိုသလို တို့တပ်ရင်းရဲ့ အဆီအနှစ်တွေ စုစည်းထားတာမို့ နှမြောတသ ဘဂ၀တော အဟရတော သုံးကြိမ်တိတိ ခေါ်ဆိုပြီး စိတ်ထဲမှာ ရေစက်ချလိုက် ရပါတော့သည်။

ကျွန်တော့်အနေနဲ့ တစ်ခုချင်းကို အသေးစိတ် မရေးပြတော့ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအကြောင်းတွေဟာ စစ်သားတိုင်းက သိနေတဲ့ ကိစ္စတွေမို့ပါပဲ။ ဒါပေမယ့် အတွေ့အကြုံနည်းနေတဲ့ အရာရှိတွေအတွက် အဓိကထား ရေးပို့ရတာပါ။ အဲဒီတော့ တပ်ထဲမှာ လူကြီးတစ်ယောက် လာစစ်မယ်ဆိုရင် စစ်သည် အဆင့်အတန်းအားလုံး ပင်ပန်းကြပါသည်။ လူလည်းပန်းသလို စိတ်လည်း ပန်းပါသည်။

အဲဒီပင်ပန်းမှုတွေကို လူကြီးတစ်ဦးတစ်ယောက်ကမျှ နားလည်ပေးမှု မရှိခဲ့ကြပါ။ အစစ အရာရာ ဖိနှိပ်ချုပ်ခြယ်မှုများစွာ ခံနေရတဲ့ တပ်မတော်သားဘ၀မှ လွတ်မြောက်နိုင် ပါစေလို့သာ တောင်းဆုပြုရင်း ကျွန်တော့်ရဲ့ ကိုယ်တွေ့များစွာထဲမှ ကိုယ်တွေ့ဖြစ်စဉ် တစ်ခုကို ဒီမှာပဲ အဆုံးသတ် လိုက်ပါရစေ။

ဆက်လက်ကြိုးစားပါဦးမည်။

သူရနိုင်

Last Updated ( Wednesday, 15 August 2012 05:11 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ