Related information payday loans 50 up to

အရည်အချင်းမှ အရေအတွက်သို့

Print PDF
User Rating: / 1
PoorBest 

စာဖတ်ပရိတ်သတ်များ ခင်ဗျား

ခြေလျင် တပ်ရင်း တစ်ရင်းမှာ တာဝန် ထမ်းဆောင်နေတဲ့ စစ်တက္ကသိုလ်ကျောင်းဆင်း တစ်ဦးဖြစ်သူ ပင်တိုင်ဆောင်းပါးရှင် ဗိုလ်နန္ဒက အောက်ခြေ ခြေလျင်တပ်တွေမှာ ဖြစ်ပျက် နေသော နောက်ဆုံးအခြေအနေများကို ဖော်ကျူးထားတဲ့ ဆောင်းပါး တစ်ပုဒ်အား စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်သို့ ပေးပို့လာပါတယ်။

အဲဒီဆောင်းပါးမှာ ခြေလျင်တပ်ရင်း/ တပ်ဖွဲ့တွေရှိ အရာရှိ၊ စစ်သည် ရှေ့တန်းတိုက်ခိုက်ရေး အင်အား (စစ်ထွက်) ဟာ သတ်မှတ်အင်အား (၂၀၀) မဆိုထားဘိ၊ (၁၇၀) ထိတောင် အနိုင်နိုင် စုစည်းခေါ်ယူသွားရပုံ၊ စစ်အာဏာရှင်တွေက လူသစ် စုဆောင်းရေးကို စစ်ဆင်ရေးသဖွယ် အတင်း အကျပ် ဆုပေး၊ ဒဏ်ပေး စနစ်တွေ ကျင့်သုံးခိုင်းပြီး လုပ်ဆောင်ခိုင်းတာမို့ အောက်ခြေ အရာရှိ၊ စစ်သည်များ ဘေးကျပ် နံကျပ် ကြုံတွေ့နေရပုံ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးသာ မက ကျေးရွာ၊ ရပ်ကွက်ဥက္ကဌများထိ ဖိအားပေးပြီး လူသစ်စုဆောင်းနေကြပုံ စတာတွေကို အသေးစိတ် တင်ပြထားပါတယ်။ ယခုလိုပေးပို့လာတဲ့အတွက် ပင်တိုင် ဆောင်းပါးရှင် ဗိုလ်နန္ဒအား ကျွန်တော် ကိုဖိုးတရုတ်က အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

အရည်အချင်းမှ အရေအတွက်သို့

ဆောင်းပါးရှင် - ဗိုလ်နန္ဒ (လက်ရှိ တာဝန်ထမ်းဆောင်နေသော တပ်စုမှူး)

ကျွန်တော် စတင်တာဝန်ထမ်းဆောင်သည့် တပ်သည် W.E ဖွဲ့စည်းပုံအရ ရှိရမည့် တပ်ရင်းတစ်ရင်း၏ အင်အားထက် လျော့နည်းကာ တပ်တွင်း တပ်ပြင် အရာရှိ၊ စစ်သည် စုစုပေါင်း အင်အားသည် (၂၀၀) ၀န်းကျင်သာ ရှိပြီး တပ်တွင်းအင်အား မှာ (၁၅၀) ပင် မရှိပါ။ ကျွန်တော် ထိုတပ်ကို ရောက်သောအခါ တပ်ရင်းသည် ကရင်ပြည်နယ်သို့ ရှေ့တန်း စစ်ဆင်ရေး ထွက်နေပါသည်။ တပ်ရေးဗိုလ်ကြီး အပါအ၀င် နောက်ချန်စစ်သည် အင်အားသည် (၁၅) ဦးမျှပင် မရှိပါ။

အတင်းအဓမ္မ စုဆောင်းခံရသော တပ်မ (၃၃) မှ ကလေးစစ်သားတစ်ဦး

တပ်တစ်တပ်ရဲ့ အရေးပါသည့် အဓိကအသက်ဟု ဆိုကြသော ဗဟိုကင်းမှာ ကင်းမှူး၊ ကင်းသား အင်အား (၁၀) ယောက်ပင် မပြည့်ပါ။ ဗဟို ကင်း၏ အရှေ့တွင် “အရပ်ဝတ်ဖြင့် ဖြတ်သန်းမသွားရ၊ မိန်းမများ ဖြတ်သန်းမသွားရ” ဆိုသော စာတန်းများ ရေးထားသော်လည်း အရာရှိ၊ စစ်သည်အားလုံးနှင့် ရဲမေများ၊ ကလေးများပါ မကျန် အရပ်ဝတ်နှင့်ရော စစ်ဝတ်နှင့်ပါ ဖြတ်သန်းနေကြသည်။ တပ်အ၀င်ဂိတ် စောင့်သည့် “တပ်ရဲ” များကို ဆေးအဆင့်နိမ့် EA-1, EA-2 (မိုင်းထိ၍ ခြေတစ်ဖက် ပြတ်လိုမျိုး ကိုယ်လက်အင်္ဂါ ချို့ယွင်းသည့် မသန်မစွမ်း စစ်သည်များ) များကို တာဝန်ပေးထားပါသည်။

ရှေ့တန်းထွက်ရန် အင်အားညှိကြသည့်အခါ တပ်ခွဲတစ်ခွဲကို စစ်သည် အင်အား (၃၀) ဦး ပြည့်ရန် မနည်းဖြည့်ယူရသည်။ ထိုအထဲတွင် ဆေးအဆင့်နိမ့်များ၊ ဦးနှောက် သိပ်မပြည့်သော ရဲဘော်များနှင့် ကျန်းမာရေး မကောင်းသူများပါ ပြည့်အောင် ဖြည့်ကြရသည်။ တပ်ရင်းတစ်ရင်းလုံး ရှေ့တန်းထွက်ရမည့် တိုက်ခိုက်ရေး စစ်သည်အင်အား (စစ်ထွက်အင်အား) ကို (၁၆၀/ ၁၇၀) ပြည့်အောင် ဟိုမှဆွဲ၊ ဒီမှဆွဲပြီး မနည်း ဖြည့်ယူရသည်။

ရှေ့တန်းထွက်ရန် ပြင်ဆင်နေကြတဲ့ မြန်မာစစ်သားများ

ယခုခေတ်ကာလတွင် တိုင်းပြည်နှင့် လူမျိုးကိုချစ်၍ ကိုယ်ကျိုးစွန့်ဝင်လာသော စစ်သည်ဆိုတာ တစ်ယောက်မှ မရှိတော့ပါ။ ရဲဘော်သစ်စုနိုင်ရင် “ဘယ်လို ဆုချမယ်၊ တဆင့်မြှင့် ရာထူး ပေးမယ်” ဆိုတဲ့ မက်လုံးတွေ ပေးထားသည်။ အရာရှိငယ် တစ်ယောက်ကို လေးလပတ် တစ်ပတ်မှာ လူသစ်တစ်ယောက် စုပေးရန်နှင့် မစုပေးနိုင်ရင် ဒဏ်ငွေတစ်သိန်း၊ တစ်သိန်းခွဲ ပေးရမည် ဆိုသည့် အထက်ဌာန ညွှန်ကြားချက်အရ တပ်ရင်း ဦး/ရေး/ထောက် ညှိနှိုင်း အစည်းအဝေး ဆုံးဖြတ်ချက်နှင့် အညီ သတ်မှတ်ကြသည်။

ထို့အတွက် လူသစ်ရရင်ပြီးရောဆိုပြီး တွေ့ကရာနေရာက အသက်မပြည့်သေးသော ကလေးများ၊ တေလေ ဂျပိုးများ၊ သူခိုးများကို စုကြသည်။ ထို့ပြင် စစ်သည်တစ်ယောက် ခွင့်ယူဖို့ တင်ပြလာပါက “ခွင့်ပေးမယ်၊ ပြန်လာရင် လူသစ်တစ်ယောက် ရှာလာရမယ်၊ လူသစ်မပါလာရင် ငွေဘယ်လောက် ပေးလျော်ရမယ်”ဆိုသည့် အမိန့်များနှင့် စစ်သည်တစ်ယောက်၏ ရယူပိုင်ခွင့်ကို ချုပ်ကိုင်ထားသည်။ ထိုမျှမက မြို့နယ်ရှိ ရဲတပ်ဖွဲ့ မြို့နယ်မှူးတွေကို တစ်လလျှင် လူသစ်ဘယ်နှစ်ယောက် စုပေးရမည် ဆိုသည့် တပ်နယ်မှူး အစည်းအဝေး ဆုံးဖြတ်ချက်များနှင့်အညီ စုခိုင်းသည်များလည်း ရှိပါသည်။

မြို့နယ်မှူးများကလည်း ကျေးရွာ/ရပ်ကွက် ဥက္ကဌများကို အစည်းအဝေးခေါ်ယူ၍ တဆင့် ပြန်လည်ခိုင်းကြသည်။ ကျေးရွာ ရ.ယ.က ဥက္ကဌများကလည်း ရွာမှာနေထိုင်ကြသော ရွာသူရွာသားများထံ တစ်အိမ်ကို အချိုးကျ ခွဲတမ်း ပိုက်ဆံ ဘယ်လောက်ပေးဆိုပြီး ကောက်ကာ ရွာထဲရှိ အရက်သမား၊ ဖဲသမားများကို ကောက်ရသော ပိုက်ဆံနှင့် မက်လုံးပေးကာ တပ်သားသစ်များအဖြစ် လာပို့ကြသည်။ တပ်ကလည်း ရောက်လာသော လူသစ်၏ အသက် (၃၀)၊ (၃၅) နှစ်အား အသက် (၂၅) နှစ်ဟု ပြင်ပြီး၊ ရပ်ကွက်၊ ရဲစခန်း၊ ကျောင်းအုပ် ထောက်ခံစာများကို အတုလုပ်ကာ စုဆောင်းရေး တပ်သို့ သွားအပ်ကြသည်။

ထိုတပ်သားသစ်များ စုဆောင်းရေးတပ် ရောက်သောအခါ ဆေးစစ်ရပါသည်။ ဆေးအောင်ရန် တပ်ရင်းများက ဆေးလက်ထောက် (MA) နှင့် စာရေးများကို အမြုပ်ထွက်အောင် ပါးစပ်မှ ပြောရသည်။ “အာရကေ” ပေးရသည်။ အကြံအဖန်မျိုးစုံလုပ်ပြီး ဆေးအောင်သော တပ်သားသစ်များကို လေ့ကျင့်ရေးကျောင်းများသို့ ပို့ကြရသည်။ လေ့ကျင့်ရေး ကျောင်းတွင် (၄) လ သင်ကြားရကာ ကျောင်းဆင်းပြီး တပ်များသို့ ရောက်လာသော ရဲဘော်သစ်များကိုလည်း ပိုးမွေးသလို မွေးကြရပါသည်။ အဆိုပါ ဖြစ်စဉ်များသည် မည်သည့်အတွက်ကို ဆိုလိုပါသနည်း...... လာမည့် ၂၀၁၀ ရွေးကောက်ပွဲအမှီ ခြေလျင်၊ ခြေမြန်တပ်တွေတွင် ရှေ့တန်း တိုက်ခိုက်ရေး စစ်သည်အင်အား (၅၀၀) ကျော် ပြည့်အောင် ဆိုသည့် စီမံချက်အတွက် မရမက အကောင်အထည်ဖော်ရမည့် စစ်ဆင်ရေးတစ်ရပ်ကို ချမှတ် အကောင်အထည်ဖော် လုပ်ဆောင်နေကြခြင်း ဖြစ်ပါသည်။

လုံခြုံရေးတာဝန်ထမ်းဆောင်ရန် သွားကြရလျှင်လည်း တပ်ရင်းများအနေနှင့် တစ်လကို လူသစ်ဘယ်နှစ်ယောက် ပေးရမည်၊ မပေးအပ်နိုင်ပါက ဒဏ်ငွေ ဘယ်လောက်ပေးရမည် ဆိုသည့် အထက်က နှုတ်မိန့်များနှင့် အတင်းအဓမ္မ တပ်သားသစ်များ စုဆောင်းခိုင်းပါသည်။ တပ်ရင်းမှူးများကလည်း တပ်ခွဲမှူးများအား တပ်ခွဲတစ်ခွဲကို လူသစ်ဘယ်နှစ်ယောက် အပ်ရမည်။ မအပ်နိုင်လျှင် “ဒဏ်ငွေနှင့် တပ်ရင်းမှူး သတိပေးဆုံးမ” ပြစ်ဒဏ်ပေးမည် ဆိုသည့် ထပ်ဆင့် နှုတ်မိန့်ပေးကြသည်။

ထိုအခါ တပ်ခွဲမှူး၊ တပ်စုမှူးနှင့် အခြားအဆင့်စစ်သည်များသည် လုံခြုံရေး လုပ်ရတာကတမျိုး၊ လူသစ်ရဖို့ လုပ်ဆောင် ရတာက တဖုံ စိတ်ဒုက္ခမျိုးစုံ ကြုံတွေ့ကြရပါသည်။ တစ်ချို့ စစ်သည်များ၏ ပါးစပ်က “စစ်ဘဲ တိုက်ချင်တယ်၊ လုံခြုံရေး မလုပ်ချင်ဘူး၊ စစ်တိုက်တာက လွယ်တယ်၊ လူသစ်စုဆောင်းရတာက မလွယ်ဘူး” ဆိုသည့် ပေါက်ကွဲသံများ ထွက်ပေါ် ကြားသိနေရသည်။

တပ်ရင်းတစ်ရင်း၏ ဗဟိုကင်းပုံ

နောက်တန်း ပြန်နားသောအခါ မိမိရဲ့ ရပိုင်ခွင့်ဖြစ်သည့် ရှောင်တခင်ခွင့်ပေးရန် တင်ပြလျှင်လည်း အရင်ဆုံး မေးသည့် စကားက “မင်း လူသစ်ရှာအပ်နိုင်မလား၊ ရှာနိုင်ရင် ခွင့်ပေးမယ်၊ မင်း လူသစ် မအပ်နိုင်ရင် ဒဏ်ငွေ ဘယ်လောက်ပေး ရမယ်” ဆိုပြီး စမေးခံရသည်။ ထိုအခါ တချို့စစ်သည်များသည် ပိုက်ဆံလည်း မတတ်နိုင်၊ လူသစ်လည်း မအပ်နိုင်သည့်အခါ ခွင့်ကို မည်သည့်အခါမျှ မတင်ပြရဲကြတော့ပါ။ တချို့စစ်သည်များသည် ခွင့်ယူပြီး ပြန်သွားကြသည်။ ခွင့်စေ့သောအခါ ပြန်လာရန် စိတ်မကူးတော့ဘဲ ခွင့်မဲ့ ပျက်ကွက်များ ဖြစ်သွားကြသည်။

နောက်ပိုင်း တပ်တွေမှာ ခွင့်မဲ့ပျက်ကွက်များ ဆက်တိုက် ဖြစ်ပွားသည့်အခါ အထက်ကို အမှန်အတိုင်း မတင်ပြရဲကြတော့ပါ။ ထိုအခါ ၎င်းခွင့်မဲ့ပျက်ကွက် စစ်သည်များကို (၂) လ၊ (၃) လ ကြာအောင် တပ်ရင်း၌ ရှိနေသည့် အနေအထားမျိုးဖြင့် လိမ်လည်ကာ မှေးထားကြသည်။ ငွေကြေးချောင်လည်သော စစ်သည်များသည် စစ်သား စုဆောင်းရေး တပ်တွေ နှင့် ချိတ်ဆက်ပြီး ဆေးအောင်ပြီးသား လူသစ်များကို တစ်သိန်း၊ တစ်သိန်းခွဲပေးကာ ၀ယ်ကြသည်။ တနည်းအားဖြင့် တရားဝင် လူကုန်ကူးကြခြင်း ဖြစ်သည်။ ဆေးမအောင် သေးသော လူသစ် (စုဆောင်းရေးတပ်တွင် မအပ်နှံရသေးသော အရပ်သား) ကို အောက်ဈေး အနေဖြင့် အနည်းဆုံး ရှစ်သောင်း၊ တစ်သိန်းပေး ၀ယ်ယူပြီး ခွင့်စေ့သောအခါ တပ်ကို အပ်ကြသည်။

အဆိုပါငွေဖြင့် ၀ယ်ယူသည့်အတွက် လူသစ်များသည် စိတ်ဓါတ်နှင့် အကျင့်စာရိတ္တပိုင်း ဆိုင်ရာ ပျက်စီးသွားကြသည်။ အချို့လူသစ်များမှာ ကျေးရွာမှ Volunteer သဘောမျိုးဖြင့် တပ်ထဲဝင်စေသော်လည်း အမှန်စင်စစ် မြေပြင်တွင် ရ.ယ.က/ ကျေးရွာ ဥက္ကဌများနှင့် ညှိပြီး ရပ်ကွက်၊ ရွာထဲက တစ်ကောင်ကြွက် ဆင်းရဲသားများကို “ချောဆွဲသည့်ပုံ၊ ငွေနဲ့ ၀ယ်ထားသည့်” အခြေအနေမျိုးကို ဖုံးကွယ်ထားကာ လူကြားကောင်းအောင် ရွာက ကူညီပံ့ပိုးထားသည့် အခြေအနေမျိုး ဖန်တီးထားပါသည်။

အချို့လများတွင် လူသစ်မအပ်နှံနိုင်ပါလျှင် တပ်ခွဲမှူးများက တပ်ခွဲအလိုက် စကေးကျ ငွေကောက်ပြီး ဒဏ်ငွေပေးပါ့မယ်လို့ တင်ပြလျှင်တော့ အထက်လူကြီးက စစ်သည်တွေပါးစပ် အထက်ကို တိုင်မှာကြောက်သည့်အတွက် “စစ်သည်၊ ရဲဘော် တွေဆီက ငွေမဖြတ်နဲ့၊ မင်းတို့တပ်ခွဲမှာ အရာရှိ နှစ်ယောက်ရှိရင် တစ်ယောက်တစ်ဝက် လစာထဲမှ အချိုးကျ ကျခံပြီး ပေးရမယ်” ဆိုပြီး ဒဏ်ငွေကို ပေးဆောင်ခိုင်းပါသည်။

လူသစ်စုဆောင်းရန် သီးခြားတာဝန်ပေးအပ်ခံရသည့် စစ်သည်များသည် လူသစ်မစုဆောင်းနိုင်လျှင် ဒဏ်ငွေ ပေးဆောင်ရတော့မည့် အတွက် စစ်သားစုဆောင်းရေးကို မလုပ် ချင်ဘဲနှင့် အမိန့်အရ မဖြစ်မနေ စိတ်မပါ လက်မပါသော လူသစ်စုဆောင်းရေး အလုပ်ကို လုပ်ဆောင်နေကြရသည်။

ထို့ကြောင့် ယနေ့ခေတ်တပ်မတော်တွင် အရာရှိ၊ စစ်သည်အများစုသည် စစ်အာဏာရှင်များ၏ တပ်အင်အားဖြည့်တင်းရေး နိုင့်ထက်စီးနင်း စီမံချက်များကြောင့် လူသစ်များကို အတင်းအဓမ္မ စုဆောင်းနေရသည့်အတွက် ဒေါင်ဒေါင်မြည် စစ်သားများ ဖြစ်လာဖို့ရန် အလှမ်းဝေးသထက် ဝေးသွားနေပြီဖြစ်ရာ အရည်အချင်းထက် အရေအတွက်ကို ဦးစား ပေးနေသော မြန်မာ့တပ်မတော်၏ အနာဂတ်မှာ ရင်လေးဖွယ်ရာပင် ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Last Updated ( Wednesday, 15 August 2012 03:36 )  

နောက်ဆုံးရသတင်းများ

နောက်ဆုံးရဆောင်းပါးများ