ဆောင်းပါးရှင် - မြင့်မိုရ် (အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာ ဖတ်ရှု နိုင်ပါသည်...)
လေတပ်သားတစ်ဦးရဲ့ ဘ၀ကောက်ကြောင်းကို ပုံဖော်ရာမှာ အနားသတ် မျဉ်းများသဖွယ်ဖြစ်တဲ့ သူတို့ရဲ့ ပါရမီဖြည့်ဘက် ဇနီးသည်များရဲ့ ဘ၀နဲ့ ခံစားချက်တွေကိုလည်း တင်ပြပါမှ ပြည့်စုံပါလိမ့်မယ်။
မြတ်နိုးခြင်း သံယောဇဉ်တွေနဲ့ ဘ၀နှစ်ခုကို ပေါင်းစပ်တည်ထောင်ကြတဲ့ အိမ်ထောင်သည် ဘ၀ဟာ သာမန်ပြည်သူများ အနေနဲ့ကတော့ သိပ်ပြီးထူးခြားမှု မရှိလှပါဘူး။ နအဖ လက်အောက်က တပ်တွင်းမိသားစုဝင် ဖြစ်သွားရတဲ့ စစ်သည်များနဲ့ ပါရမီဖြည့်ဘက်တို့ အတွက်ကျတော့ သူမတူအောင် ခံစားချက်တွေက ပြည့်နှက်လို့ နေပြန်ပါတယ်။
အာဏာရှင်တွေ တင်ပြနေတဲ့ အကျိုးပြုဇာတ်လမ်း ဒါမှမဟုတ် ဂုဏ်ပြုဇာတ်လမ်းလို့ သူတို့တတွေ နာမည်တပ်ထားတဲ့ ဖန်သားပြင်ထက်က တပ်မတော်သားတွေနဲ့ သူတို့ရဲ့ မိသားစုတွေရဲ့ ဘ၀များမှာတော့ ရှေ့တန်းထွက် စစ်သည်မောင်အတွက် အိမ်သူသက်ထားက ဘုရားမှာ ဆုတောင်းရင်း မိသားစုဘ၀ကို ထိန်းကျောင်းကာ အေးချမ်းစွာ လင်တော်မောင်ရဲ့ ရှေ့တန်းပြန်ချိန်အား စောင့်ကြိုနေပုံမျိုး သရုပ်ဖော်တတ်ကြပါတယ်။

တကယ်တမ်းမှာ ခြေလျင်စစ်သည်တစ်ဦးရဲ့ နောက်တန်းက မိသားစုဘ၀ဟာ ဒီလို ဟုတ် မဟုတ် ဆိုတာကိုတော့ ခြေလျင်စစ်သည်များရဲ့ မိသားစုဝင်တွေသာ အသိဆုံး ဖြစ်ပါတယ်။ တပ်တွင်းက လိုင်းခန်းတွေမှာ ဟန်ပြစိုက်ပျိုးရတဲ့ (၁၀) မျိုး (၁၀) ဘောင် စိုက်ခင်းတွေကရော မိသားစုရဲ့ စားဝတ်နေရေးကို အမှန်တကယ် ပြေလည်စေပါရဲ့လား၊ ရဲမေ စစ်ရေးပြ သင်တန်းတွေနဲ့ တပ်တွင်းမိသားစု စည်းရုံးရေးကော်မတီဆိုတဲ့ (စည်း/ကော်) တွေ၊ တပ်တွင်းမိသားစု စည်းကမ်းထိန်းသိမ်းရေး (စည်း/ထိမ်း) ဆိုတဲ့ အလုပ်တွေကကော အမှန်တကယ် ထိရောက်ပါရဲ့လားလို့ လက်တို့ပြီး မေးစမ်းချင်ပါတယ်။ လစာ တိုးပေးထားတဲ့အတွက် စစ်သည် မိသားစုတွေရဲ့ စားဝတ်နေရေး ပြေလည်နေပါပြီ ဆိုပြီး လေးလပတ်တွေမှာ စာရွက်ပေါ်က အချက်အလက်တွေနဲ့ဘဲ အပေါ်ကို အဆင့်ဆင့် လိမ်ညာနေကြတာတွေ၊ တပ်ရင်းမှူးတွေဟာ ယာယီကာလမှာ တပ်ကောင်းရာ ကောင်းကျိုးကို အိတ်ထဲက စိုက်လုပ်ခဲ့သမျှ အပွင့်တင်အပြီးမှာတော့ အတိုးသဘောမျိုးနဲ့ စစ်သည်တွေရဲ့ ပါးစပ်ထဲက အသားကုန် နှိုက်နေတာတွေကိုရော ဘယ်အထိ ဖုံးကွယ်ထားကြရမှာလဲ ဆိုတာလည်း သိပါရစေ။
တပ်ထဲမှာ ထုတ်ပေးနေတဲ့ ရိက္ခာတွေ၊ သက်သာဆန်တွေက မိသားစုတွေအတွက် တကယ်ရော လောက်ငှအောင် စားသောက်နိုင်ပါရဲ့လားလို့ ဒီကနေ့ တပ်မတော် ခေါင်းဆောင်တွေကို မေးမြန်းကြည့်ချင်ပါတယ်။ တပ်တွေရဲ့ ဖွဲ့စည်းပုံ အနေအထားကြောင့် မတူညီတာတွေကတော့ ရှိကောင်းရှိမှာပါ။ ဒါကြောင့်လည်း လေတပ်က စစ်သည်တွေရဲ့ ဇနီးသည်များ အနေနဲ့ ရင်ဆိုင်နေကြရတဲ့ ဘ၀လေးတွေကိုပဲ တင်ပြလိုက်ပါတယ်။
ရှေးဦးစွာ မော်တော်ယာဉ်ဌာနက စစ်သည်တစ်ဦးနဲ့ အကြောင်းပါခဲ့တဲ့ မြေလတ်သူ ဘွဲ့ရ အမျိုးသမီးတစ်ဦးရဲ့ ဘ၀ကောက်ကြောင်းလေးကို တင်ပြပါမယ်။ သူ့ရဲ့ရင်တွင်းက စကားလေးတွေကို ဖတ်ကြည့်ရအောင်ပါ။
ကျွန်မနဲ့သူဟာ မိတ်္ထီလာမှာ စတွေ့ခဲ့ကြပါတယ်။ ဈေးဝယ်လာရင်း စက်ဘီးပေါ်က ချော်ကျသွားတဲ့ ကျမကို ကူညီရာက သူနဲ့ စတင်တွေ့ဆုံရင်း ချစ်သူဖြစ်ခဲ့ကြပြီးတဲ့နောက် အကြောင်းပါခဲ့ကြပါတယ်။ သူက မြေပြင်အတတ်သင် လေတပ်စခန်း မော်တော်ယာဉ်ဌာနက ယာဉ်ပြင်စစ်သည် ဖြစ်ပါတယ်။ ယာဉ်ပြင်စစ်သည် ဆိုပေမယ့် ပြင်ပ ကားဝပ်ရှော့တွေကလို ကားပြင်လို့ ၀င်ငွေကောင်းသူတော့ မဟုတ်ပါဘူး။ ယာဉ်ပြင်ရော ယာဉ်မောင်းပါ မော်တော်ယာဉ်အရာရှိ၊ အုပ်ချုပ်ရေးတပ်မှူးနဲ့ အဆင်ပြေရင် ပြေသလို ကားတက်မောင်း နေကြတာပါ။ ယာဉ်မောင်းဖြစ်ပြီး ဂွေမကိုင် (ကားမမောင်း) ရသူတွေလည်း အများကြီးပါ။ သူကတော့ လူကြီးနဲ့ အဆင်ပြေပြီး ယာဉ်ပြင်ကနေ လန်ဂျန်းကားကို မောင်းနှင်ခွင့် ရပါတယ်။ အိမ်ထောင်ဦးမှာ သူက ကားမောင်းရင်း ပိုတာ လျှံတာလေးတွေကို မသောက်မစား စုထားတာလေးတွေနဲ့ လက်ဖွဲ့ငွေတွေကို စုပေါင်းပြီး တီဗွီလေး၊ ဒီဗွီဒီလေး ၀ယ်ယူနိုင်ခဲ့ကြပါတယ်။
လိုင်းခန်းကျဉ်းလေးမှာ နှစ်ကိုယ်တူဘ၀ စလို့မှ မကြာခင် လိုင်းမှူးက ဒီဇင်ဘာ မိသားစု အားကစားပွဲအတွက် ထုတ်စည်းတိုးနဲ့ ဘောလီဘော ကစားရမယ်လို့ လာပြောပါတယ်။ ကျွန်မမှာ ရင်ကြပ်ရောဂါရှိတာမို့ အပျိုဘ၀ကတည်းက ဘာအားကစားမှ မလုပ်ခဲ့တာကြောင့် မပါ ပါရစေနဲ့လို့ ပြောတော့ ဒီမိသားစုအားကစားပွဲမှာ မပါရင် လိုင်းထဲ မနေနဲ့လို့ ပြောပါတယ်။ လိုင်းအလိုက် ခွဲတမ်းချထားပြီးသားမို့ မပါလို့မရကြောင်းနဲ့ တကယ်လို့ လူစားငှါးမယ် ဆိုရင်တော့ ရှာပေးမယ်လို့ ပြောပါတယ်။ အမှန်ကတော့ တပ်မိသားစုတွေ အနေနဲ့ စည်းလုံးညီညွတ်စွာ အားကစားပွဲမှာ ပါဝင်စေချင်လို့ ဒီလိုပွဲတွေ လုပ်တာလို့ ကျမ သိထားပါတယ်။
ဒါပေမယ့်လည်း မိသားစုတွေ ပါဝင်နိုင်တဲ့ အခြေအနေ အင်အားနဲ့ဘဲ သင့်တော်ရာ အားကစားမျိုးတွေ လုပ်ပေးမှသာ စည်းရုံးရေး အောင်မြင်နိုင်မယ်လို့ ယူဆပါတယ်။ အခုတော့ မိသားစုတွေ စည်းလုံးပျော်ရွှင်ကြဖို့ထက် မနိုင်ဝန် ထမ်းရသလိုမျိုး အမိန့်နဲ့ဆိုလာတော့ တကယ်ကျန်းမာရေးအရ မလုပ်နိုင်တာမို့ အခက်အခဲကြီးတွေ ဖြစ်လာရပါတယ်။ ကျမလည်း တပ်မိသားစု ဘ၀လေးကို ခံစားကြည့်ချင်တာကြောင့် လူမငှါးတော့ပဲ ကိုယ်တိုင်ပဲ ဖြစ်ချင်ရာဖြစ် ၀င်ပါကြည့်ခဲ့ပါတယ်။ ပထမနေ့မှာတင် အမောဆို့ လဲခဲ့တာကြောင့် ပွဲစဉ် တစ်ပွဲကို ၁၀၀၀/- ကျပ်နဲ့ ဈေးတန်းမှာ ဆိုင်လာဖွင့်နေတဲ့ လူစားလဲ အငှါးလိုက်ပေးနေကျ အပြင်ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက်ကိုသာ အစားထိုးကာ ၀င်ပါစေရ ပါတော့တယ်။
လေတပ်ရဲ့ ဖွဲ့စည်းပုံအရ စစ်သည်များဟာ သက်ဆိုင်ရာ အုပ်/တပ် အလိုက် တာဝန်ထမ်းဆောင်ကြရပြီး လိုင်းခန်းတိုင်းမှာ အုပ်/တပ် ပေါင်းစုံက စစ်သည်တွေ ရှိကြပါတယ်။ ခြေလျင်တပ်တွေလို တပ်ခွဲလိုက် လိုင်းတွေ မဟုတ်တာကြောင့် လိုင်းအလိုက် စုစည်းဆောင်ရွက်ရာမှာ အခက်အခဲတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း လိုင်းအလိုက် နယ်မြေ (သို့မဟုတ်) အသင်းတွေ ဖွဲ့စည်းပြီး အားကစားလှုပ်ရှားမှုတွေ လုပ်ခိုင်းတော့လည်း အဆင်ပြေအောင် ဆောင်ရွက်ကြရပါတယ်။ ငွေကြေးတောင့်တင်းတဲ့ အုပ်တွေက အရာရှိတွေကို အသင်း (နယ်မြေ) တာဝန်ခံ ခန့်ပြီး လိုအပ်တဲ့ ငွေကြေးတွေ ထောက်ပံ့ ဆောင်ရွက်စေတာမျိုးတော့ ရှိပါတယ်။ တချို့တပ်တွေမှာ နယ်မြေ (၁၊၂၊၃၊၄) တချို့တပ်တွေမှာ နှင်းဆီ၊ ချယ်ရီ၊ ကံ့ကော် စသဖြင့်ပေါ့လေ အသင်းတွေ ဖွဲ့ကြပါတယ်။
အပိုင်း (၃) ကို နောက်တစ်ပတ် ကြာသပတေး နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်....
| < Prev | Next > |
|---|

